ယုံကြည်မှူ့ ဖြစ်ရန်အတွက် ယုံမှား တွေးတောမှူ့ မရှိသင့်ဘူး၊ ယုံကြည်မှူ ထားရမည်ဟု တိုက်တွန်းခြင်းမှာ လိုရင်းသို့ မရောက်နိုင်ပေ။ "ကျွန်ုပ် ယုံကြည်ပါသည်" ဟု ပြောကာမျှဖြင့် တကယ်နားလည်၍ တကယ်သိမြင်မှူ့ ရှိသည်ဟု မယူဆနိုင်ပေ။
စာသင်သားတစ်ဦးသည် သင်္ချာတစ်ပုဒ်ကို တွက်ချက်ရာတွင် ရှေ့သို့ဆက်လက်၍ မတွက်နိုင်သော အဆင့်သို့ ရောက်လာသောအခါ စိတ်ရှုပ်ပွေခြင်း၊ သို့လောသို့လော တွေးတောခြင်း စသည်တို့ ဝင်ရောက်လာလေသည်။ ဤကဲ့သို့ တွေးတောမှူ ရှိနေသမျှ ၎င်းသည် ရှေ့သို့ တိုးတက်နိုင်မည် မဟုတ်ပေ။
ဤယုံမှားတွေးတောမှူကို ပယ်ဖျောက်ရန် နည်းလမ်းများ ရှိပေသည်။"ကျွန်ုပ်ယုံကြည်ပါသည်၊ ကျွန်ုပ် ယုံမှားသံသယများမရှိပါ" ဟု ဆိုကာမျှဖြင့်မူ ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ချေ။ မိမိကိုယ်မိမိ ဇွတ်အတင်းယုံကြည်မှူရှိစေ၍ မသိနားမလည်ဘဲနှင့် လက်ခံခြင်းသည် နိုင်ငံရေးဆန်ဆန် ဆောင်ရွက်ခြင်းသာ ဖြစ်၍ ဘာသာရေးရာ ဆောင်ရွက်ခြင်း၊ အသိဥာဏ်ဖြင့် ဆောင်ရွက်ခြင်းဟု မဆိုနိုင်ပေ။
ယုံမှားသံသယ ရှိခြင်း၊ တွေဝေရှုတ်ထွေးခြင်း၊ စိတ်မတည်မကျ လွင့်ပါးခြင်းတို့ ရှိနေသမျှ မည်သည့်တိုးတက်မှူကိုမျှ ရရှိနိုင်မည်မဟုတ်သည်မှာ ငြင်းဆိုနိုင်သောအချက်မဟုတ်ပေ။ ထို့အတူ အကြောင်းတရားတစ်ရပ်ကို ကောင်းစွာ နားမလည်သမျှ၊ ထင်လင်းစွာ သိမြင်မှူ မရှိသမျှ ယုံမှားသံသယ ဝင်နေမည်ကိုလည်း ငြင်းဆိုနိုင်မည် မဟုတ်ပေ။
ဘာသာဝါဒတိုင်းလိုပင် ယုံကြည်မှူ(မျက်စိမှိတ်ယုံကြည်မှူ) ပေါ်တွင် အခြေတည်ကြလေသည်။ ဗုဒ္ဓဝါဒမှာမူ သက်ဝင်ယုံကြည်မှူပေါ်တွင် အခြေမပြုဘဲ မြင်မှူ၊ သိမှူ့၊ နားလည်မှူ့ပေါ်တွင်သာ အခြေခံလေသည်။ ဗုဒ္ဓဝါဒ စာပေများတွင် တွေ့ရှိသော သဒ္ဓါ ဟူသော စကားလုံးကို အများအားဖြင့် "သက်ဝင်မှူ၊ ယုံကြည်မှူ" ဟု ဘာသာပြန်လေ့ရှိကြသည်။ သို့ရာတွင် "သဒ္ဓါ" ဆိုသည်မှာ "ယုံကြည်မှူ" မည်ကာမတ္တမဟုတ်။ အများနားလည်သော ဗုဒ္ဓဝါဒနှင့် ကျမ်းစာများတွင် သာမန်ရေးသား သုံးစွဲရာ၌ သဒ္ဓါဆိုသည်မှာ ဘုရား၊ တရား၊ သံဃာတို့အား "ကိုးကွယ်ယုံကြည်သည်" ဆိုသော အဓိပ္ပါယ်မျိုးရှိသည်ကိုမူ ဝန်ခံရပေမည်။
အေဒီ ၄ ရာစုနှစ်ဆီက ထင်ရှားခဲ့သော ဗုဒ္ဓအဘိဓမ္မာဆရာကြီး အသင်္ဂ၏ အလိုအရ သဒ္ဓါတွင် အောက်ပါလက္ခဏာသုံးမျိုးရှိပေသည်။
၁။ အကြောင်းအရာတစ်ခုသည် အဟုတ်အမှန်ရှိသည် ဖြစ်သည်ဟု ပြည့်စုံခိုင်ခံ့စွာ သိရှိနားလည်ခြင်း၊
၂။ ကောင်းသောအရည်အချင်းများတွင် ပီတိရှိခြင်း၊
၃။ ရည်မှန်းချက်ကို အောင်မြင်ရရှိလိုသော ဆန္ဒ။
အခြားဘာသာဝင်တို့ နားလည်ကြသော "သက်ဝင်မှူ" သို့မဟုတ် "ယုံကြည်မှူ" စသည်တို့သည် ဗုဒ္ဓဝါဒနှင့် ပက်သက်ခြင်း မရှိပေ။ ယုံကြည်ခြင်း ဟူသော ကိစ္စသည် သိမြင်မှူ( အပြည့်အစုံသိရှိနားလည်မှူ) မရှိမှ ဖြစ်ပေါ်ပေသည်။ သိမြင်နားလည်သည်နှင့် တစ်ပြိုင်နက် ယုံကြည်ခြင်းဟူသော ပြဿနာမရှိနိုင်တော့ချေ။
လက်ထဲတွင် ကျောက်မျက်ရွဲတစ်လုံးကို ဆုပ်ဝှက်ထားပါသည်ဟု ပြောပါမူ ကိုယ်တိုင်မျက်စိဖြင့် မမြင်ရ၍ ယုံကြည်ရသော ကိစ္စမျှသာ ဖြစ်ပေသည်။
လက်ဝါးကိုဖြန့်၍ ကျောက်မျက်ရွဲကို ထုတ်ပြပါလျှင် မျက်စိဖြင့် ကိုယ်တိုင်မြင်ရပြီဖြစ်၍ ယုံကြည်ရုံကိစ္စမဟုတ်တော့ပေ။ ဤသည်ကိုရည်၍ ရှေးကျသော ဗုဒ္ဓကျမ်းစာများတွင် "ကျောက်မျက်ရွဲ၊ သို့မဟုတ် (ဖန်ခါးသီး)ကို လက်ဝါးပြင်တွင် မြင်ရသကဲ့သို့ သဘောပေါက်နားလည်သည်" ဟူသော အသုံးအနှူန်းများကို ဖော်ပြလေ့ရှိသည်။
ဗုဒ္ဓ၏ တပည့်တပန်း ရဟန်းတစ်ပါးဖြစ်သော မုသီလက အခြား ရဟန်းတစ်ပါးအား အောက်ပါအတိုင်း မိန့်ကြားဖူးလေသည် -
"ငါ့ရှင်သဝိဋ္ဌ၊ ကိုးကွယ်သက်ဝင် ယုံကြည်မှူကြောင့်မဟုတ်ဘဲ ကြည်ညိုခြင်း၊ ကိုင်းရှိုင်းခြင်းကြောင့် မဟုတ်ဘဲ၊ တစ်ဆင့်စကား သူများပြောကြား၍လည်း မဟုတ်ဘဲ၊ မိရိုးဖလာယုံကြည်မှူကြောင့်လည်း မဟုတ်ဘဲ၊ ဟုတ်မှန်လောက်ပေသည် ဟု ကြံစည်စဉ်းစား၍လည်း မဟုတ်ဘဲ၊ အယူအဆ အမျိုးမျိုးကို တွေးတောကြံဆ သဘောကျ၍လည်း မဟုတ်ဘဲ ဘဝ၏ ချုပ်ဆုံးရာသည် နိဗ္ဗာန်ဖြစ်သည်ဟု ကျွန်ုပ်ကိုယ်တိုင် သိမြင်ပေသည်။"
ဗုဒ္ဓရှင်တော်မြတ်ကလည်း "ရဟန်းတို့၊ ကိလေသာ အညစ်အကြေးတို့ကို ချွတ်ဆေးပစ်ခြင်းသည် သိသော၊ မြင်သော ပုဂ္ဂိုလ်အတွက်သာဖြစ်၍ မသိသော၊ မမြင်သော ပုဂ္ဂိုလ်အတွက် မဟုတ်ပေ" ဟု မိန့်မြွက်တော်မူခဲ့လေသည်။
သိခြင်းမြင်ခြင်းသည်သာလျှင် ပဓာနဖြစ်၍ ယုံကြည်ခြင်းမှာ အရာမဟုတ်ပါချေ။ ဗုဒ္ဓ၏ ဒေသနာများတွင် "ဧဟိပဿိက"ဟု ပါရှိရာ လာ၍ ရှုလှည့်လော့ဟုသာ ဖိတ်ခေါ်ပေသည်။ "လာ၍ ယုံကြည်လက်ခံပါ" ဟု မဆိုပေ။
အကျွတ်တရားပေါက်ရောက်ပြီးသော ပုဂ္ဂိုလ်တို့၏ အကြောင်းကို ဖော်ပြရာတွင် ဗုဒ္ဓကျမ်းစာတို့၌ "မြူမှူန် အညစ်အကြေးကင်းသော သစ္စာမျက်စိ(ဓမ္မစက္ခု) ပွင့်ခဲ့ပြီ" "သစ္စာတရားကို မျက်မြင်ဖြစ်ပေပြီ၊ သစ္စာတရားကို ဆွတ်ခူးမိပေပြီ" "သစ္စာတရားကို သိရှိပေပြီ၊ သစ္စာနယ်တွင်းသို့ ဖောက်ထွင်း ဝင်ရောက်မိချေပြီ၊ ယုံမှားနယ်ကို ကျော်လွန်သွားခဲ့ပြီ၊ ယိမ်းယိုင်တွေဝေမှူမှ ကင်းလွတ်ပေပြီ၊ ယထာဘူတကျစွာ အသိဥာဏ်ဖြင့် အမှန်ကို မြင်ပေပြီ" စသည်ဖြင့် ရေးသားထားပေသည်။
ကိုယ်တော်တိုင် သမ္မာသမ္ဗုဒ္ဓ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိသည့်အကြောင်းနှင့် ပက်သက်၍ စက္ခုံဥဒါဒိ၊ ဥာဏံဥဒပါဒိ၊ ပညာဥဒပါဒိ၊ ဝိဇ္ဇာဥဒပါဒိ၊ အာလောကော ဥဒပါဒိ = ဥာဏ်မျက်စိ ထင်ရှားဖြစ်ပေါ်လာ၏။ အသိဥာဏ် ထင်ရှားဖြစ်ပေါ်လာ၏။ ဥာဏ်ပညာ ထင်ရှားဖြစ်ပေါ်လာ၏။ ဝိဇ္ဇာဓါတ် ထင်ရှား ဖြစ်ပေါ်လာ၏ - ဟု ဟောကြားတော်မူခဲ့လေသည်။ အသိဥာဏ် သို့မဟုတ် ဥာဏ်ပညာဖြင့် ထိုးထွင်းသိမြင်မှသာ (ဥာဏဒဿန) အကျွတ်တရား ရကြသည်ဖြစ်၍ ယုံကြည်သက်ဝင်မှူ့ သက်သက်ဖြင့် ကျွတ်တမ်းဝင်နိုင်ကြသည် မဟုတ်ပေ။
ကောက်နုတ်ချက်။ ။မြတ်ဗုဒ္ဓဒေသနာ ၊ ဒေါက်တာဝေါလ်ပိုလာ ရာဟုလာ။ ဦးကိုလေး(ဇေယျာမောင်) ဘာသာပြန်။