သံဃဘေဒကအကြောင်းကို တစ်စေ့တစ်စောင်းလေးတင်ပြပေးလိုက်ပါတယ်။
၁။ သံဃရာဇိ (သံဃာမကွဲခင် ကွဲဖို့ရန် အရေးအကြောက်း(အက်ကြောင်း)
၂။ သံဃဘေဒ (သံဃာကွဲပြားခြင်း)
၃။ သံဃာအသင်းခွဲနိုင်သူ
၎။ ဘယ်လိုနည်းနဲ့ သံဃာကွဲပါသလဲ(သံဃဘိန္န)
၅။ သံဃာအသင်းခွဲခြင်းရဲ့ အပြစ်
၆။ အပါယ်ကျမည့် သံဃဘေဒက
၇။ အပါယ်မကျမည့် သံဃဘေဒက..တို့ကို တင်ပြပေးပါမယ်။
၁။ သံဃရာဇိ (သံဃာမကွဲခင် ကွဲဖို့ရန် အရေးအကြောက်း(အက်ကြောင်း)
တစ်ဖက်မှ တစ်ပါး၊ ကျန်တစ်ဖက်မှာက နှစ်ပါး ရှိနေတယ်၊ လေးပါးမြောက် ရဟန်းတစ်ပါက (တစ်ဖက်က တစ်ပါး တစ်ဖက်က နှစ်ပါး ပေါင်း ၃-ပါး အဲဒီသုံးပါးအပြင် ဘယ်ဖက်ကမဆို အဓမ္မဝါဒီရဟန်းတပါးကို လေးပါးမြောက်ရဟန်းလို့ ဆိုပါတယ်)
"ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို
ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက် ကုန်လော့" ဟု ပြောကြားပြီး မဲကို ယူစေတယ်။ အဲဒီလို ယူစေသော်လည်း သံဃရာဇိ(သံဃာ့ အရေး အကြောင်းသာ) ဖြစ်ပြီးသံဃာ ကွဲပြားမှု(သံဃဘေဒ) မဖြစ်သေး။
ထိုအတူပါပဲ တစ်ဖက်နှစ်ပါးစီ ပဉ္စမမြောက်ရဟန်းက...
တစ်ဖက်က နှစ်ပါး၊ ကျန်တစ်ဖက်က သုံးပါး ခြောက်ပါးမြောက်ရဟန်းက...
တစ်ဖက်က သုံးပါး၊ ကျန်တစ်ဖက်ကလည်း သုံးပါး ၇-ပါးမြောက်ရဟန်းက...
တစ်ဘက်က သုံးပါး၊ ကျန်တစ်ဖက်က လေးပါး ၈-ပါးမြောက်ရဟန်းက "ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို
ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက် ကုန်လော့" ဟု ပြောကြားပြီး မဲကို ယူစေတယ်။ အဲဒီလို ယူစေသော်လည်း သံဃာ့ အရေး အကြောင်း(သံဃရာဇိ)သာ ဖြစ်ပြီးသံဃာ ကွဲပြားမှု(သံဃဘေဒ) မဖြစ်သေး။
***ဘာကြောင့် သံဃဘေဒမဖြစ်တာလဲဆိုရင် တက်ဖက်မှာ ရဟန်းသုံးပါးသာရှိသေးတော့ တစ်ဖက် တစ်ဖက် လေးပါး လေးပါးစီမပြည့်သေးတဲ့အတွက် သံဃရာဇိသာဖြစ်ပြီး သံဃဘေဒ မဖြစ်သေးပါ။***
၂။ သံဃဘေဒ (သံဃာကွဲပြားခြင်း)
တစ်ဖက်ကလေးပါး အခြားတစ်ဖက်ကလည်း လေးပါး ရှိနေတယ်၊ ကိုးပါးမြောက်ရဟန်းက "ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို
ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက် ကုန်လော့" ဟု ပြောကြားပြီး မဲကို ယူစေတယ်။ အဲဒီလို ယူစေရင်တော့ သံဃာ့ အရေး အကြောင်း(သံဃရာဇိ)လည်းဖြစ် ကွဲပြားမှု(သံဃဘေဒ) ဖြစ်ပါတယ်။
၃။ သံဃာအသင်းခွဲနိုင်သူ
ဘိက္ခုနီ (ရဟန်းမ)၊ သိက္ခမာန်မ၊ သာမဏေ(ကိုရင်)၊ သာမဏေမ(ကိုရင်မ)၊ လူဖြစ်တဲ့ ဥပါသကာ ဥပါသိကာမ- အဲဒီပုဂ္ဂိုလ်တွေဟာ သံဃာအသင်းကို မခွဲနိုင်ပါဘူး၊ သံဃာကွဲပြားအောင်တော့ လှုံ့ဆော်အားထုတ်နိုင်ပါတယ်။
ဘယ်လိုပုဂ္ဂိုလ်က သံဃာအသင်းခွဲနိုင်သလဲဆိုရင် ပကတတ်ဖြစ်တဲ့ တူတဲ့သံဝါသရှိတဲ့ တစ်သိမ်တည်းမှာ တည်နေတဲ့ ရဟန်းက သံဃာသင်း ခွဲနိုင်ပါတယ်။
၎။ ဘယ်လိုနည်းနဲ့ သံဃာကွဲပါသလဲ(သံဃဘိန္န)
(၁)ဓမ္မဟုတ်တာကို ဓမ္မလို့ ထုတ်ဖော်ပြောဆိုကြတယ်၊ (၂)အဓမ္မကို ဓမ္မလို့ ထုတ်ဖော်ပြောဆိုကြတယ်။
(၃)ဝိနည်းမဟုတ်တာကို ဝိနည်း။ (၄)ဝိနည်းကို ဝိနည်းမဟုတ်။ (၅) ဘုရားမဟောကို ဘုရားဟော။ (၆) ဘုရားဟောကို ဘုရားဟောမဟုတ်။ (၇) ဘုရားရှင် မလေ့ကျက်အပ်တာကို လေ့ကျက်အပ်တယ်။ (၈) လေ့ကျက်အပ်တာကို မလေ့ကျက်အပ်။ (၉)ဘုရား မမညတ်တာကို ပညတ်တယ်။ (၁၀) ပညတ်တော်မူတာကို မပညတ်အပ်ဘူး။ (၁၁) အာပတ်မသင့်တာကို အာပတ်သင့်တယ်။ (၁၂) အာပတ်သင့်တာကို အာပတ်မသင့်။ (၁၃) လဟုကအာပတ်ကို(အပေါ့စားအာပတ်)ကို ဂရုက(ကြီးလေးတဲ့)အာပတ်။ (၁၄) ကြီးလေးတဲ့အာပတ်ကို အပေါ့စားအာပတ်။ (၁၅) သာဝသေသ(ချွင်းချက်ရှိတဲ့)အာပတ်ကို အနဝသေသ(ချွင်းချက်မရှိတဲ့)အာပတ်။ (၁၆) အနဝသေသအာပတ်ကို သာဝသေသအာပတ်။ (၁၇) ဒုဋ္ဌုလ္လ(ရုန့်ရင်းတဲ့)အာပတ်ကို အဒုဋ္ဌုလ္လ(မရုန့်ရင်းတဲ့)အာပတ်။ (၁၈) အဒုဋ္ဌုလ္လအာပတ်ကို ဒုဋ္ဌုလ္လအာပတ်လို့ ထုတ်ဖော်ပြောဆိုကြတယ်။
အဲဒီ ဝတ္ထု(၁ဂ)ပါးနဲ့ ရဟန်းတွေက ပရိသတ်ကို ဆွယ်ကြတယ် အလွန်အမင်းဆွယ်ကြပြီး တစ်သိမ်တည်းမှာပဲ ဥပုသ်သီးခြားပြု၊ ပဝါရဏာသီးခြားပြု၊ ကြွင်းတဲ့သံဃကံတွေကိုလည်း သီးခြားပြုလိုက်ကြတယ်။ အဲဒါဆိုရင် သံဃာကွဲပြီလို့ ဆိုပါတယ်။
၅။ သံဃာအသင်းခွဲခြင်းရဲ့ အပြစ်
ညီညွတ်နေတဲ့ သံဃာကို အသင်းခွဲတဲ့ပုဂ္ဂိုလ်ဟာ အာယုကပ်ပတ်လုံးတည်တဲ့ အကုသိုလ်ကို တိုးပွားစေပါတယ်။ အယုကပ်ပတ်လုံး အဝီစိငရဲမှာ ကျက်ရမှာပါ-လို့ ဘုရားရှင် မိန့်တော်မူပါတယ်။
၆။ အပါယ်ကျမည့် သံဃဘေဒက
ဝိနည်းမြန်မာပြန်ဥပါလိပဉှာမှာ ပါတဲ့စကားအတိုင်း တင်ပြလိုက်ပါမယ်။
ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် မတရားကို ''တရား''ဟု ပြ၏၊ ထိုသို့ပြရာ၌ မတရား အယူကွဲ ခြင်း၌ ''မတရား''ဟု အယူရှိ၏၊ မိမိ၏ အယူအဆကို ဖုံးထား၍ မိမိနှစ်သိမ့်သဘောတူညီမှုကို ဖုံးထား၍ မိမိနှစ်သက်ကျေနပ်မှုကို ဖုံးထား၍ မိမိရည်မှန်းချက်ကို ဖုံးထား၍ ''ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို ယူကုန်လော့၊ ဤအဆုံး အမကို နှစ်သက်ကုန်လော့''ဟု ပြောကြား၍ စာရေးတံမဲကို ယူစေ၏။
ဥပါလိ ဤသံဃာသင်းခွဲသော ရဟန်းသည်လည်း အပါယ်ကျအံ့သောသူ ငရဲကျအံ့သောသူ အာယုကပ်ပတ်လုံး တည်အံ့သောသူ ကုစား၍ မရနိုင်သောသူ ဖြစ်၏။
ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် မတရားကို ''တရား''ဟု ပြ၏၊ ထိုသို့ပြရာ၌ မတရား အယူကွဲခြင်း၌ တရားဟု အယူရှိ၏၊ မိမိ၏ အယူအဆကို ဖုံးထား၍ မိမိနှစ်သိမ့်သဘောတူညီမှုကို ဖုံးထား ၍ မိမိနှစ်သက် ကျေနပ်မှုကို ဖုံးထား၍ မိမိရည်မှန်းချက်ကို ဖုံးထား၍ ''ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက်ကုန်လော့''ဟု ပြောကြား၍ စာရေးတံမဲကို ယူစေ၏။
ဥပါလိ ဤသံဃာသင်းခွဲသော ရဟန်းသည်လည်း အပါယ်ကျအံ့သောသူ ငရဲကျအံ့သောသူ အာယု ကပ်ပတ်လုံး တည်အံ့သောသူ မကုစားကောင်းသောသူ ဖြစ်၏။
ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် မတရားကို ''တရား''ဟု ပြ၏၊ ထိုသို့ပြရာ၌ မတရား အယူကွဲခြင်း၌ ယုံမှားရှိ၏၊ မိမိ၏ အယူအဆကို ဖုံးထား၍ မိမိနှစ်သိမ့်သဘောတူညီမှုကို ဖုံးထား၍ မိမိနှစ်သက်ကျေနပ်မှုကို ဖုံးထား၍ မိမိရည်မှန်းချက်ကို ဖုံးထား၍ ''ဤကား ဓမ္မတည်း၊ ဤကား ဝိနယ တည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက်ကုန်လော့''ဟု ပြောကြား၍ စာရေးတံမဲကို ယူစေ၏။
ဥပါလိ ဤသံဃာသင်းခွဲသော ရဟန်းသည်လည်း အပါယ်ကျအံ့သောသူ ငရဲကျအံ့သောသူ အာယု ကပ်ပတ်လုံး တည်အံ့သောသူ ကုစား၍ မရနိုင်သောသူ ဖြစ်၏။
ဥပါလိ နောက်တစ်မျိုး ကား ရဟန်းသည် မတရားကို ''တရား''ဟု ပြ၏၊ ထိုသို့ပြရာ၌ တရား အယူကွဲခြင်း၌ မတရားဟု အယူရှိ၏။ပ။ (ထိုသို့ပြရာ၌ တရားအယူကွဲခြင်း၌ တရားဟု အယူရှိ၏)၊ ထိုသို့ ပြရာ၌ တရား အယူကွဲခြင်း၌ ယုံမှားရှိ၏၊ ထိုသို့ပြရာ၌ ယုံမှားရှိသော ကွဲခြင်း၌ မတရားဟု အယူရှိ၏၊ ထိုသို့ပြရာ၌ ယုံမှားရှိသော ကွဲခြင်း၌ တရားဟု အယူရှိ၏၊ ထိုသို့ပြရာ၌ ယုံမှားရှိသော ကွဲခြင်း၌ ယုံမှား ရှိ၏၊ မိမိ၏ အယူအဆကို ဖုံးထား၍ မိမိနှစ်သိမ့် သဘောတူညီမှုကို ဖုံးထား၍ မိမိနှစ်သက်ကျေနပ်မှုကို ဖုံးထား၍ မိမိရည်မှန်းချက်ကို ဖုံးထား၍ ''ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာ ဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက်ကုန်လော့''ဟု ပြော ကြား၍ စာရေးတံမဲကို ယူစေ၏။
ဥပါလိ ဤသံဃာသင်းခွဲသော ရဟန်းသည်လည်း အပါယ်ကျအံ့သောသူ ငရဲကျအံ့သောသူ အာယု ကပ်ပတ်လုံး တည်အံ့သောသူ ကုစား၍ မရနိုင်သောသူ ဖြစ်၏။
အဲသလို အထက်က တင်ပြခဲ့တဲ့ သံဃာကွဲပြားကြောင်း ဝတ္ထု(၁၈)ပါး ကုန်အောင်အထိ မိန့်တော်မူပါတယ်။ ဆက်လက်ပြီး နည်းမှီသိမယ် ထင်ပါတယ်။ ဒါကတော့ အပါယ်ကျမယ့် သံဃဘေဒကပါ။
၇။ အပါယ်မကျမည့် သံဃဘေဒက
ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် မတရားကို ''တရား''ဟု ပြ၏။ ထိုသို့ပြရာ၌ တရား အယူကွဲခြင်း၌ တရားဟု အယူရှိ၏။ မိမိ၏ အယူအဆကို ဖုံးမထားမူ၍ မိမိ၏ နှစ်သိမ့်သဘောတူညီမှုကို ဖုံးမထားမူ၍ မိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးမထားမူ၍ မိမိ၏ ရည်မှန်းချက်ကို ဖုံးမထားမူ၍ ''ဤကား ဓမ္မတည်း၊ ဤကားဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက်ကုန်လော့''ဟု ပြောကြား၍ စာရေးတံမဲကို ယူစေ၏။
ဥပါလိ ဤသံဃာသင်းခွဲသော ရဟန်းသည်လည်း အပါယ်မကျအံ့သောသူ ငရဲမကျအံ့သောသူ အာယု ကပ်ပတ်လုံး မတည်အံ့သောသူ ကုစားကောင်းသောသူ ဖြစ်၏။
ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် တရားကို ''မတရား''ဟု ပြ၏။ပ။ ရုန့်ရင်းသော အာပတ်ကို ''မရုန့်ရင်းသော အာပတ်''ဟု ပြ၏။ ထိုသို့ပြရာ၌ တရားအယူကွဲခြင်း၌ တရားဟု အယူရှိ၏၊ မိမိအယူအဆကို ဖုံးမထားမူ၍ မိမိ၏နှစ်သိမ့်သဘောတူညီမှုကို ဖုံးမထားမူ၍ မိမိ၏ နှစ်သက်ကျေနပ်မှုကို ဖုံးမထားမူ၍ မိမိရည်မှန်းချက်ကို ဖုံးမထားမူ၍ ''ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း၊ ဤအဆုံးအမကို ယူကုန်လော့၊ ဤအဆုံးအမကို နှစ်သက်ကုန်လော့''ဟု ပြောကြား၍ စာရေးတံမဲကို ယူစေ၏။
ဥပါလိ ဤသံဃာသင်းခွဲသော ရဟန်းသည်လည်း အပါယ်မကျအံ့သောသူ ငရဲမကျအံ့သောသူ အာယု ကပ်ပတ်လုံး မတည်အံ့သောသူ ကုစားကောင်းသောသူ ဖြစ်၏ဟု (မိန့်တော်မူ၏)
(၁၈)ပါးပြည့်အောင် မိန့်တော်မူပါသည်။ ဒါကတော့ အပါယ်မကျမည့် သံဃဘေဒကပါပဲ။
ဒီလောက်ဆိုရင် သံဃဘေဒကနှင့် ပတ်သက်လို့ အတော်အတန်တော့ ဗဟုသုတရရှိကြမယ်လို့ ထင်ပါတယ်။ အကျယ်ကိုလိုချင်ရင်တော့ ဝိနယပိဋက စူဠဝဂ္ဂပါဠိတော် သံဃဘေဒကက္ခန္ဓကမှာ ကြည့်နိုင်ပါတယ်။