Wednesday, March 13, 2013

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးမိန့်တော်မူသည့် ဆုတောင်းတယ်ဆိုတာ...


ဆုတောင်းတာ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ဖို့ရန် ဆုတောင်းတယ်လို့ သူတို့
ဆိုတယ်။ အမှန်ကတော့ တပည့်တော်ဘုရားဖြစ်ရလိုပါရဲ့လို့ ဆုမတောင်းပါဘူး။
အောက်ကျနောက်ကျ ဒီလို မလုပ်ပါဘူး။ ဒါပေမယ့်လို့ ဗုဒ္ဓေါဟေဿံ-ငါဘုရား
ဖြစ်မယ်။ သတ္တဝါတွေကို ကယ်ဆယ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက သာမာန်ကျွတ်တန်းဝင်ပြီးတော့ ရဟန္တာဖြစ်သွားလို့ရှိရင် ဒီသူတွေမှာ အကျိုးမဲ့ဖြစ်မှာပေါ့။

ငါ့လို အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက ကိုယ်လွတ်ရုန်းသွားရင် မတရားဘူး။ လမ်းမကျဘူး။ အများကို ကယ်ပြီးတော့မှ ဗုဒ္ဓေါ ဟေဿံ-ဘုရားဖြစ်မယ်။ ဒီလို ဓိဋ္ဌာန်တဲ့ လက္ခဏာပါ။ တစ်ခါတစ်လေ ဗုဒ္ဓေါ- ဘုရားသည်၊ ဘဝါမိ-ဖြစ်ရပါလို၏လို့ ဒီလို ဆုတောင်မျိုးတော့ ဘယ်နည်းနဲ့မှ မတွေ့ဘူး။


ဒါကြောင့်ဆုတောင်ဟာ စိတ်ရဲ့အကြောင်းအရာကို ထုတ်ဖော်ပြီးတော့
ပြောတာပါ။ စိတ်ရဲ့ အကြောင်းအရာကို ထုတ်ဖော်ပြီးတော့ ပြောတယ်ဆိုတော့ ရချင်မှလည်း ရမယ်။ တချို့ အလုပ်လုပ်မှ ရမယ်။ ဆုတောင်းရုံနဲ့တော့ ဘယ်သူမှ မရနိုင်ဘူး။ သို့သော်လည်း ဆုလည်းတောင်းပေါ့၊ အလုပ်လည်းလုပ်ပေါ့၊ ဘုရားဖြစ်ချင်လို့ရှိရင် ဆုတောင်ချင်လည်း တောင်းလေ။ ဘုရားဖြစ်လောက်တဲ့ အလုပ်ကိုလည်း လုပ်ပါလေ။ အဂ္ဂသာဝက ဖြစ်ချင်လို့ရှိရင် ဆုတောင်းလည်း တောင်းပါလေ။ အဂ္ဂသာဝက ဖြစ်လောက်တဲ့ အလုပ်ကိုလည်း လုပ်ပါလေ။

ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာမှာ အတူပါလာတဲ့ ယသောဓရာဟာ ဘုရား အလောင်းက ဘုရားဖြစ်ဖို့ ဆုလည်း မတောင်းသေးဘူး။ ဗျာဒိတ်လည်း မပေးသေးဘူး။ ရသေ့က ကောင်းကင်က ပျံလာတာနော်၊ တန်ခိုးဣဒ္ဓိပါဒ်နဲ့နော်။ သူနဲ့ ဘာမှမဆိုင်
ဘူး။ ဒီဘဝမှာ ဘယ်နည်းနဲ့မှ မပေါင်းရဘူး။ အဲ ဒါပေမယ့်လို့ မြင်မြင်ချင်း သူ့မှာ ဘုရားပူဇော်ဖို့ ပါလာတဲ့ ကြာစည်း ၈-စည်းထဲက ၅-စည်းကို ရသေ့လက်ထဲ ထည့်ပြီးတော့ ဘုရားပူဇော်ပါ၊ အနေမျိုးနဲ့၊ ၃-စည်းကို သူယူပြီးတော့ ဒီပင်္ကရာဘုရားကို ပူဇော်တယ်။

ဘုန်းကြီးက ကျေနပ်လိုက်တာ၊ ကြာလှူတာတောင်မှ ဘုရားအလောင်းကို အသာပေးပြီးတော့ ၅-စည်းး ပေးတယ်။ သူက ၃-စည်းယူပြီးတော့ ဝေတယ်။ ပြီးတော့ သူက ဘုရားအလောင်းရဲ့ အလုပ်အကျွေးဖြစ်ဖို့ရန် သူ့နှုတ်က ဆုတောင်း
သလား၊ မတောင်းသလားတော့ မသိဘူး။ စိတ်က ကောင်းကောင်း ညွှန်နေတယ်။

ဗုဒ္ဓမြတ်စွာကို ကြာစည်းကို လှူပြီးတော့ ဗုဒ္ဓမြတ်စွာကပဲ ဗျာဒိတ်ပေးတော်မူတယ်။ ဒီကြာစည်းလှူတဲ့ အမျိုးသမီး က ပါရမီကို အတူလိုက် စောင့်ရှောက်ပြီးတော့၊ ဖြည့်တဲ့ ပါရမီကို မပျက်အောင် သူက စောင့်ရှောက်ပြီးတော့ လိုက်လာတဲ့ အမျိုးသမီး
ဖြစ်လိမ့်မယ်လို့ ဗုဒ္ဓမြတ်စွာကပဲ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ သူက ဘယ်လို ဆုတောင်း သလဲတော့ မသိဘူး။ စိတ်ကတော့ သိပ်ညွတ်သွားတယ်။

ဒါကြောင့် ဆုတောင်းချည်းတော့ အားမကိုးနဲ့။ ဆုတောင်းချည်း အားကိုးလို့ရှိရင် အများစုတွေဟာ ဘုရားတွေ ဖြစ်ကြမှာပေါ့၊ ဘာမှမဖြစ်ပါဘူး။ ဘုရားမပြောနဲ့၊ ဟိုဘဝ နတ်ပြည်ရောက်ဖို့တောင် ဆုတောင်းကြည့် စမ်း၊ မရပါဘူး။ အမှန်ကတော့ ဆုတောင်းဆိုတာ စိတ်ညွတ်တာပါ။ စိတ်ညွတ်တာကို နှုတ်နဲ့ ဖော်ထုတ်ပြီး ပြော တာဘဲရှိတယ်။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာ အမေးအဖြေများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ