ဓမ္မဂုတ်။ ။ရွာအလယ်မှာ အိမ်ရှိတယ်ဆိုတော့
ကိုယ်တော်တို့အိမ်က သိပ်ကြီးကျယ်သလား။
တပည့်တော်။ ။ မကြီးကျယ်ပါဘူး,အဖေ့ဘက်က ဘိုးရဲ့မိဘ
ဘိုးဘွားများလက်ထက်က ရွာထဲမှာ ဂုဏ်တော်ရှိဟန်တူပါတယ်၊ ဘိုးရဲ့
အမခေါ်လေးကြီးဆိုသူနှင့် အကြောင်းပါတဲ့ ဘိုးအကြီးဟာ တနယ်လုံး ထင်ရှားတဲ့ ပစ္စည်းရှင်
ဖြစ်ပါတယ်၊ တပည့်တော်တို့အမွေရတဲ့ ဘိုးအိမ်ကတော့ ၄ခန်း ၃ ခန်းသာရှိတဲ့
၂ဆောင်ပြိုင်အိမ်ကလေးပါ၊ မီးလောင်ပြီးမှ ကဗျာကယာဆောက်ရတဲ့အတွက် ခမ်းခမ်းနားနား
မရှိလှပါဘူး၊ ဒါပေမဲ့-အိမ်နေရာဝင်းက လမ်း ၃ လမ်းဆုံတဲ့ ရွာအလယ်မှာ တည်နေတာဖြစ်တော့
နံနက် ဆွမ်းခံချိန် လူကြီးနဲနဲ, ညဉ်းဥုးအချိန်မှာ လူကြီးတွေများများစုပြီး
လဘက်ရည်သောက်ကြ, စကားပြောကြနဲ့ တော်တော်စိုပြေပါတယ်၊ ဒီသူကြီးတွေလာပြီး
စကားပြောကြလို့လဲ တပည့်တော်မှာ ငယ်ငယ်က လဘက်ရည်တည်ပေးယင်း အကြားအမြင် ဗဟုသုတ
အတော်ရပါတယ်၊
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ဟာ ကံလဲ
ကောင်းတယ်နော်, ငယ်ငယ်ကလေးက လူကြီးတွေနဲ့ နီးနီးကပ်ကပ် နေခဲ့ရတယ်၊ ညဉ်းဥုး
စကားပြောကြတော့လဲ ကိုယ်တော်က ကအိပ်ဘဲ နားထောင်နေတာဘဲလား။
တပည့်တော်။ ။ ဘာဟုတ်မလဲ, အိပ်ချင်တဲ့အခါ လူကြီးတွေ
စကားပြောတဲ့ ၂ ခန်းပေါက် ခတင်ကြီးပေါ် လူကြီးတွေအနား လှဲလိုက်တာဘဲ, ဘိုးတို့
အဖေတို့က "အိမ်ပေါ်ကို တက်အိပ်ချေ"လို့ ပြောလဲ အိမ်ပေါ်မှာ တစ္ဆေကြောက်လို့
မတက်ဝံ့ပါဘူး။
ဓမ္မဂုတ်။ ။ကိုယ်တော်ငယ်ငယ်က သတ္တိနဲသလား။
တပည့်တော်။ ။ လူချင်းတော့ သိပ်ကြောက်တတ်မယ် မထင်ပါဘူး,
တစ္ဆေကိုယ်တော့ အတော်ကြီး ကြောက်တတ်ပါတယ်၊ သို့ပေမဲ့-တစ္ဆေထက်ဆရာကိုကြောက်တာက
ပိုဟန်တူပါတယ်၊ ၉ နှစ်ထက် မကြီးသေးတဲ့အရွယ်မှာ အိမ်-အိပ်ပါတယ်, ကျောင်းက လက်ထောက်
ဦးပဉ္ဇင်းက နက်ဖန်ညောင်ပင်တွင်းရွာမှာ ဆွမ်းကြီးခံကိစ္စရှိလို့
လိုက်ရမယ်,စောစောလာခဲ့လို့ မှာပါတယ်၊ တပည့်တော် တရေးနိုးတော့
ကျောင်းသွားဘို့ပြင်ပါတယ်, အမေက အစောကြီးရှိသေးတယ်လို့ ပြောပေမဲ့ ဦးပဉ္ဇင်းဆိုမှာကြောက်လို့
ကျောင်းသွားပါတယ်၊ ကျောင်းနဲ့ ရွာနဲ့ အကြားမှာ ကုက္ကိုပင်ကြီးက
တစ္ဆေချောက်တတ်တယ်လို့ ကျောင်းသားကြီးတွေကလဲပြောကြပါတယ်၊ ဒါပေမဲ့
တစ္ဆေကြောက်ကြောက်နဲ့ဘဲ ဆရာကို ပိုကြောက်လို့ တယောက်ထဲ သွားပါတယ်၊ ကျောင်းရောက်တော့
နာရီပြန်ကြည့်တော့ ၂ ချက်သာထိုးပါသေးတယ်၊ ထပ်အိပ်ပြီး ညောင်ပင်တွင်းသွားခါနီမှ
ထ-တဲ့အခါ မူးနေလို့ မလိုက်နိုင်တော့ပါဘူး။
ဓမ္မဂုတ်။ ။အကြောက်လွန်ပြီး မူးတာထင်ပါတယ်။
တပည့်တော်။ ။မသိပါဘူး ဘုရား,အအေးမိလို့ မူးတာလဲ
ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။ကိုယ်တော် တစ္ဆေကြောက်တဲ့ အကျင့်က ဘယ်အရွယ်မှ
ပျောက်သလဲ။
တပည့်တော်။ ။တပည့်တော် တစ္ဆေကြောက်တတ်တဲ့ အကျင့်က
ကျမ်းစာဗဟုသုတ ရင့်ကျက်မှ ပျောက်သွားပါတယ်၊ ဒါကြောင့် တပည့်တော်တောင်မြို့ရောက်မှ
မြောင်းမြဆရာတော် ကြွလာတဲ့အခါ ဥုးပဉ္ဇင်းများကိုမေးပါသတဲ့၊
"ဥုးပဉ္ဇင်းတို့ရဲ့ဆရာက တယောက်ထဲအိပ်ဝံ့သလား" လို့ အိပ်ဝံ့တဲ့အကြောင်း
လျှောက်ကြတော့ "အော်....တယ် တော်နေပါလား" လို့ မိန့်တော်မူပါသတဲ့။
ဓမ္မဂုတ်။ ။ကိုယ်တော်
ကျောင်းရောက်တဲ့အခါ အောက်တန်းစာများသင်ရပုံကို ပြောစမ်းပါဦး။
တပည့်တော်။ ။ထုံးစံအတိုင်းပေါ့ဘုရား- သင်ပုန်းကြီး,
မင်္ဂလသုတ်, ဆုမ္မစာ, လက္ခဏာတော်ကြီး ဘုရားရှိခိုး, ပရိတ်ကြီးပါဠိ, လောကနီတိတို့ကို
အစဉ်အတိုင်း တတ်ရပါတယ်။
ဓမ္မဂုတ်။ ။ဒီစာတွေကို သင်နေရတာ ဘယ်လောက်ကြာသလဲ။
တပည့်တော်။ ။တပည့်တော်က ကျက်ဥာဏ်ထက် မမေ့တဲ့ဥာဏ်က
ပိုကောင်းပါတယ်၊ သင်ပုန်းကြီး တော်တော်များများကို ဘိုးက ချပေးထားလို့
ကျောင်းရောက်တဲ့အခါ သိပ်ပြီး ကြာကြာမတက်ရပါဘူး, ရပြီးတွေလိုဖြစ်နေပါတယ်၊
လောကနီတိတိုင်အောင် တနှစ်ခွဲလောက်သာ ကြာမယ်ထင်ပါတယ်။
ဓမ္မဂုတ်။ ။ဒီလိုဆိုတော့ မြန်တာပေါ့နော်, လောကနီတိ
ကုန်တဲ့အခါ စာရေးစာဖတ် သွက်ပလား, သတ်ပုံများကော နားလည်ပလား။
တပည့်တော်။ ။အဲဒီဟာကတော့ ဂွဘဲဘုရား, သင်တုန်းကိုက စာအရေးအသားကို ဦးစားပေးသင်တာ မဟုတ်တော့ သတ်ပုံ
မမှန်သော စာရေးနည်းတောင် မတတ်ပါဘူး။
ဓမ္မဂုတ်။ ။ သတ်ပုံ မသင်ရဘူးလား။
တပည့်တော်။ ။"ငါးမည် ရွှေကြာ, ခက်ညွှန့်ဖြာ,
စိမ်းပြာကိုလည်း ရစ်ရမည်" စသော သတ်ပုံ သံပေါက်ကို ကျက်ရပါတယ်၊ ဒါပေမဲ့
သံပေါက်ရတာဘဲရှိတယ်၊ ရေးနည်းပုံစံကို မပြတော့ သတ်ပုံမှန်အောင် မရေးတတ်ပါဘူး၊
ကြီးတဲ့အခါ ကျမ်းစာရေးတော့တောင် သတ်ပုံစာအုပ်ကို အနားထားရပါတယ်, ဒါတောင်
မှားမှားနေပါသေးတယ်။
ဓမ္မဂုတ်။ ။ ဟုတ်ပါ့ကိုယ်တော်, တပည့်တော်တို့
ဘုန်းကြီးကျောင်းတွေဟာ ရှေးရှေးခေတ်က သတ်ပုံအရာမှာ
ခေါင်းဆောင်လုပ်နိုင်တဲ့ပညာရှိတွေ ထွက်ခဲ့ပါလျက်နဲ့ နောက်ပိုင်းကျတော့
သတ်ပုံညံ့ရတယ်ဆိုတာ သိပ်ဝမ်းနည်းစရာပါဘဲ။
တပည့်တော်။ ။အရှင်ဘုရား...သတ်ပုံညံ့ဆိုတာတော့ မပြောနဲ့တော့,
တချို့စာတော်တော်-တော်မှ စာပေးစာယူပြုတဲ့အခါ "ကျောင်းစကားမှာ
ကျားလိုက်ပါသည်" ဟု ကျောင်း+ကျား တို့ကို ယပင့်ဖြင့်ရေးပါသေးတယ်။
ဓမ္မဂုတ်။ ။ဟုတ်တယ်,ဟုတ်တယ်-ဘုန်းကြီးကျောင်းထွက်
လူဝတ်ကြောင်တွေကျတော့ စာရေးပုံဟာ သွက်သွက်လည်အောင်မှားကုန်တော့တာဘဲ။
တပည့်တော်။ ။မှားတာမှ တချို့အမှားဟာ
ရယ်စရာကောင်းအောင်ဖြစ်သွားပါတယ်၊ စစ်ကိုင်းချောင် ခေတ္တနေတုန်းက နံနက်
ဆွမ်းစားသွားယင်း လမ်းမှာပစ်ထားတဲ့ စာရွက်စုတ်ကလေးကို ကောက်ယူပြီး ဖတ်မိပါတယ်၊
အဖေက သ္မီး သီလရှင်ထံ ပေးတဲ့စာထဲမှာ "ငါ့သ္မီး မြစ်တာကျောင့် အဖေလီး
မာပါ၏" တဲ့။
ဓမ္မဂုတ်။ ။ဟား ဟား-ဟုတ်ပြီ ကိုယ်တော်, ဒါကြောင့်
အထက်မြို့မှာ တွင်းတွင်းပြောလေ့ရှိတဲ့ ဆရာတော်ကြီးတပါးအထံ သီလရှင်ကလေးတယောက်
လျှောက်သတဲ့။
တပည့်တော်။ ။ဘယ်လို
လျှောက်သတဲ့တုန်း ဘုရား။
ဓမ္မဂုတ်။ ။တပည့်တော်ရဲ့ သီလရှင်ဆရာကြီးက
သင်္ဂြိုဟ်ပို့ချတော့ "စိတ္တံ-စိတ်လည်းကောင်း စေတသိကံ-စေတသိက်လည်းကောင်း"
ဆိုတဲ့ နိဿယမှာ "လည်း" ကို မထည့်ဘဲ
"စိတ္တံ-စိတ်ကောင်း,စေတသိကံ-စေတသိက်ကောင်း"လို့
ချပေးပါတယ်,မှန်ပါသလားလို့ လျှောက်သတဲ့။
တပည့်တော်။ ။ဒီတော့ ဆရာတော်ကြီးက ဘယ်လို
အမိန့်ရှိသတဲ့တုန်းဘုရား။
ဓမ္မဂုတ်။ ။ဒီတော့ဆရာတော်ကြီးက....ဟာ-နင်တို့ဆရာ
"လည်း" အကြံမှားနေပြီ, နင်တို့ဆရာကြီး ကြောက်တဲ့ဟာက "လုံးကြီးတင်
ဆန်ခက်ပါ" ဟ, ဒီလည်းက စိတ်နဲ့ စေတသိက်တို့ကို စုစည်းတဲ့ သမုစ္စည်းအနက်ဟော
"လည်း" ပါလို့ မိန့်တော်မူပါသတဲ့။
တပည့်တော်။ ။ဟုတ်ပါတယ်ဘုရား, ပါဠိမှာ သတ်ပုံလို့
ခေါ်နိုင်တဲ့ အက္ခရာများလျှင် အနက်အဓိပ္ပါယ် အယူအဆမှားနေသလိုဘဲ, မြန်မာစာမှာလဲ
သတ်ပုံအက္ခရာမှားလျှင် အနက်အဓိပ္ပါယ် အယူအဆ မှားတာပါဘဲ၊ ဒီတော့ တပည့်တော်တို့ရဲ့
ဘုန်းကြီးကျောင်းတွေမှာ သတ်ပုံသတ်ညွှန်းနှင့်တကွ စာရေးသင်ရတဲ့ ရှေးနည်းကို
ပြင်သုံးကြဘို့ ကောင်းနေပါပြီဘုရား။
ဓမ္မဂုတ်။ ။ကိုယ်တော် ငယ်ငယ်က စာရေးတဲ့
အလေ့အထနဲ့ပြီး သတ်ပုံမမှန်တာ ရှိပါစေအုံး, စာဖတ်ကတော့ ဘယ့်နှယ်တုန်း။
တပည့်တော်။ ။စာဖတ်တော့ ဝါသနာပါလို့ ဖတ်တတ်ပါတယ်, အိမ်မှာ
ဘိုးရဲ့ စာအုပ်တွေရှိပါတယ်၊ "ဒါးပိန်ရိမ်းဆရာ ရေးတဲ့စာအုပ်,
ရှင်ယောဟံ-ဧဝံဂိလိကျမ်း, မြို့ပြင်ကြီး သင်္ဂြိုဟ်အကောက်,ဗားကရာသင်္ဂြိုဟ်နိဿယ,
ဇိနတ္ထပကာသနီ, မဟာဝင်ကျမ်းနှင့်-အီနောင်ပြဇာတ်ကြီး" ဆိုတဲ့
စာအုပ်များရှိပါတယ်, ရှိသမျှစာအုပ်တွေကို ဖတ်ပါတယ်၊ ပြဇာတ်ထဲမှာ အီနောင်မင်းသား
ပွတ်စပါးမင်းသ္မီးတို့ အကြောင်းကို တော်တော်ကြေအောင် ဖတ်ခဲ့ပါတယ်၊ ချဉ်ပေါင်ရွက်သယ်
မောင်မှိုင်းပြဇာတ်လဲဖတ်ခဲ့ပါတယ်။
ဓမ္မဂုတ်။ ။ဒါဖြင့် ကိုယ်တော်ဟာ စာဖတ်တော့
မညံ့ဘူးပေါ့နော်, စာဖတ်မညံ့တော့ ကိုယ်သန်တဲ့ စာဖတ်ကို ကြိုးစားဖတ်မှာပါဘဲ၊ အဲဒီလို
စာဖတ်ရာမှာ ရတဲ့ ဗဟုသုတက ကိုယ်တော့်အတွက် ကလေးဘဝမှာ ကြီးပွားဘို့ရာ မျိုးစေ့လို့
ဆိုရမှာဘဲနော်။
တပည့်တော်။ ။ဆိုနိုင်ပါတယ်,ဘာမဆို ကလေးဘဝမှာ
ဝါသနာအလိုက်လုပ်လေ့ရှိကြပါတယ်၊ အဲဒီ ဝါသနာဟာ ဝါသနာကောင်းဖြစ်လျှင်
နောင်ခါကြီးပွားဘို့ မျိုးစေ့ဖြစ်တာချည်းပါဘဲ။
ဓမ္မဂုတ်။ ။ကိုယ်တော်မှာ စာဝါသနာပါတဲ့ ဘိုးနဲ့အတူ
နေရတာလဲ ကံကောင်းတမျိုးလို့ ဆိုရပေမှာပေါ့။
တပည့်တော်။ ။ဘိုးက စာအုပ်စုတာဘဲ ထင်ပါရဲ့,စာဖတ်တော့
ဝါသနာပါလှတယ် မထင်ပါဘူး၊ ဒါပေမဲ့-ရိုးသားခြင်း, သတ္တိမနဲခြင်း,
လူကြီးပီသခြင်းဆိုတဲ့ ဂုဏ်နဲ့, မျိုးရိုးဂုဏ်ကတော့ လုံလုံလောက်လောက်ရှိဟန်တူပါတယ်၊
သို့သော် စောစောကွယ်လွန်သွားရှာတဲ့ အဖွားစောမေလောက်မတော် ဘူးလို့
ပြောသံကြားဘူးပါတယ်၊ ဝမ်းကွဲအကို လတ်တယောက်ကို "ဘိုးနဲ့အဖွား,ဘယ်သူက
အရည်အချင်း သာသလဲ" လို့ မေးဘူးပါတယ်၊ "အဖွားက သာတယ်,
ဒါပေမဲ့-ယခုလူတွေ(ဆွေမျိုးတွေ)ဘိုးကိုတယောက်မှ မမှီဘူး" လို့ အကိုလတ်က
ပြောဘူးပါတယ်။
ဓမ္မဂုတ်။ ။ဂဏန်းသင်္ချာတော့ သင်ခဲ့ရရဲ့လား။
တပည့်တော်။ ။ “နော ဧက နော၊ နဝ ဒွေး, အသ်ဋ္ဌာ ဒသ”ဆိုတဲ့
လင်္ကာကို ကျက်ပြီး ဂဏန်းတွက်ခဲ့ရပါရဲ့၊ ဒါပေမယ့် သက္ကတ-အသံထွက်ဖြစ်တော့ “ကိုးတစ်လီကိုး၊
ကိုး နှစ်လီ တဆယ့်ရှစ်” လောက် မလွယ်ပါဘူး၊
ဓမ္မဂုတ်။ ။ ဘယ်အထိ သင်ပေးလေ့ ရှိကြသလဲ။
တပည့်တော်။ ။ရှေးရှေးကတော့ ရောင်းတဲ့ ဝယ်တဲ့အခါ
အသုံပြုနိုင်လောက်အောင် သစ်တန်တွက်နည်းပါ သင်ရုံတွင်မက,
တချို့ကျောင်းသားကြီးများကို ဗေဒင်တောင် သင်ပေးတယ်လို့ ကြားဘူးပါတယ်၊
တပည့်တော်တော့ မသင်ခဲ့ရဘူး၊ နဲနဲပါးပါး ဂဏန်းသင်ပြီးရင် "
ဘုန်းကြီးဖြစ်လောက်တဲ့ ကလေးဘဲ" ဟု ယူဆပြီး သဒ္ဒါကို သုတ်စဉ်ကစ၍ သင်ပေးကြပါတယ်။
ဓမ္မဂုတ်။ ။ရှေးရှေးက ဘုန်းတော်ကြီးကျောင်းတွေမှာ
"နော ဧကနော" မှ စ၍ ဂဏန်းပါခဲ့လျက် နောက်တော့ ဘာ့ကြောင့်
အဆက်ပြက်သွားသလဲ။
တပည့်တော်။ ။အကြောင်းနဲ့ အကျိုးဆိုတာ အမြဲ ဆက်သွယ်နေပါတယ်၊
ဂဏန်းသင်္ချာကို ဘုန်းကြီးကျောင်းများမှာ မသင်တဲ့ အကြောင်းလဲ အဆက်ရှိပါတယ်။
ဓမ္မဂုတ်။ ။ဘယ်လို ဆက်သလဲ ကိုယ်တော်။
တပည့်တော်။ ။အင်္ဂလိပ်က မြန်မာနိုင်ငံအောက်ပိုင်းကို
သိမ်းယူပြီးနောက် ကောဇာသကရာဇ် ၁၂၂၅(တထောင့်နှစ်ရာ နှစ်ဆယ့်ငါး) ခုနှစ်လောက်မှာ
"ဆာအာသာဖယ်ရာ" ဆိုသူ မဟာဝန်ရှင်တော်မင်းကြီးက...
(၁)ဘုန်းတော်ကြီးကျောင်းများ၏
အဆောက်အဦး အဝန်းအဝိုင်းကောင်းမွန် ကျယ်ပြန့်ပုံကို၎င်း။
(၂)ဆရာဘုန်းတော်ကြီးများ၏ဩဇာ
ကြီးမားပုံကို၎င်း။
(၃)
ဘုန်းတော်ကြီးများ သင်ပြအပ်သော အတတ်ပညာတို့၏ လိမ်မာယဉ်ကျေးမှုနှင့်
အကျင့်စာရိတ္တကောင်းမွန်မှုအတွက် ကျေးဇူးများပုံကို၎င်း, သိမြင်သောကြောင့်
တိုင်းရင်းဘာသာ ပညာသင်ကြားရေးအတွက် ဘုန်းတော်ကြီးကျောင်းများကိုသာလျှင်
အားကိုးအားထားပြုထိုက်ကြောင်း။
ထိုကျောင်းများ၌
သင်ကြားမြဲဖြစ်သော ဗုဒ္ဓဘာသာ သင်ခဏ်းစာအပြင်လောကီရေးရာအတွက် အသုံးဝင်မည့်
သင်ခဏ်းစာကိုလည်းသင်ကြား ပြသတော်မူပါရန် ဘုန်းတော်ကြီးများကို
တောင်းပန်လျှောက်ထားသင့်ကြောင်း။
ထိုသို့
လျှောက်ထားရာ၌လည်း ဖြစ်မြောက်အောင် (ဥာဏ်ပညာဖြင့်မြော်မြင်နှိုင်းဆ၍)
လျှောက်ထားရန်လိုကြောင်း, လိုရာစာအုပ်များကိုလည်း ဘုန်းတော်ကြီးများအား
လှူဒါန်းရမည်ဖြစ်ကြောင်း။
မြို့ငယ်များနှင့်
ကျေးရွာများတွင် အိမ်-ကျောင်း,(ယခုခေတ် လူ စာသင်ကျောင်း)များဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းများနှင့်
အပြိုင်အဆိုင် ဆန့်ကျင်ဘက်ဖြစ်သည်-ဟု ယူဆကြမည်ကို စိုးရိမ်ရကြောင်း။
သို့အတွက်
ဘုန်းတော်ကြီးကျောင်းများနှင့် အပြိုင်အဆိုင်သော်၎င်း,
ထိုဘုန်းတော်ကြီးကျောင်းများကို ဖြည့်စွက်သည့် အနေအားဖြင့်သော်၎င်း, အိမ်ကျောင်းများ
မဖွင့်သင့်ကြောင်း ညွှန်ကြားပါသတဲ့။
(ဘုန်းတော်ကြီးကျောင်း
ပညာသင်ကြားရေး မော်ကွန်းမှ ကောက်နှုတ်ချက် ဖြစ်ပါသည်)။
တစ်ဘဝသံသရာစာအုပ်မှ ပူဇော်ပါသည်။