ကကုသန်မြတ်စွာဘုရားလက်ထက်က ဒုဿီဆိုတဲ့
မာရ်နတ်ကြီးရှိတယ်၊ အဲဒီမာရ်နတ်ဟာ ရှင်မဟာမောဂ္ဂလာန်ရဲ့ အတိတ်ဘဝတစ်ခုပဲ၊ အဲဒီဒုဿီမာရ်နတ်အကြောင်းကို
မဇ္ဈိပဏ္ဏာသ၊ မာရသဇ္ဇနိယ (မာရ်နတ်ကို ကြိမ်းဝါးခြင်း) ဆိုတဲ့ သုတ်မှာရှိတယ်၊ အဲဒီသုတ္တန်
စဖြစ်လာပုံက တစ်နေ့တော့ ရှင်မောဂ္ဂလာန် တောရကျောင်းလေးမှာ သီတင်းသုံးနေစဉ် ရှင်မောဂ္ဂလာန်ရဲ့ ဗိုက်ထဲမာရ်နတ်က ဝင်နေတယ်၊
ရှင်မဟာမောဂ္ဂလာန်က
ဗိုက် လေးတေးလေးတေးဖြစ်နေလို့ ဘာများဖြစ်နေတုန်းဆိုပြီး အာရုံပြုကြည့်တယ်၊ မာရ်နတ်ကလည်း ကိုယ်အလေးချိန် များတယ်ထင်တယ်၊ သေးသေးလေး ဖန်ဆင်းထားပေမယ့်လို့ သူ့ကိုယ်အလေးချိန်
ရှိပုံရတယ်၊ ဗိုက်ထဲမှာ လေးတေးလေးတေးမို့ လမ်းလျှောက်ရင်း ကနေ ကျောင်းထဲဝင်ထိုင်ပြီး
ငါ့ ဗိုက်ထဲ ဘာဖြစ်နေတုန်း ကြည့်လိုက်တဲ့အခါ မာရ်နတ်က ဝင်နေတာတွေ့ရတယ်၊ အဲဒီတော့ ပြောတယ်၊ “ဟဲ့ မာရ်နတ်၊ နင် င့ါကို မညှင်းဆဲချင်နဲ့၊ ဘုရားကိုလည်း
မညှင်းဆဲချင်နဲ့၊ ဘုရားရဲ့ တပည့်တွေကိုလည်း မညှင်းဆဲချင်နဲ့၊ မင်းကို ငါမြင်တယ်၊ ထွက်” လို့ ပြောတာ၊ အဲဒါကို မာရ်နတ်က ဒီကိုယ်တော်ကြီး ရမ်းပြောတာ
နေမှာပါ၊ သူ မမြင်လောက်ပါဘူးလို့ ထင်တယ်၊ မသွားဘဲနဲ့ တံခါးကြားမှာ ရပ်နေသေးတယ်။
အဲဒီမှာ ရှင်မောဂ္ဂလာန်က ဒီကောင်
မဟုတ်တရုတ်တွေ ကြံနေပြီ၊ ဒုက္ခတွေ ပေးတော့မယ်နဲ့ တူတယ်ဆိုပြီး သူ့ကို ချော့တဲ့အနေနဲ့
ဆွေမျိုးစပ်တယ်၊ “အရင်ဘဝတုန်းက မင်းက ငါ့တူပါ တဲ့၊ အရင်ဘဝတုန်းက ငါ့ရဲ့နှမက ကာဠီလို့ခေါ်တယ်၊ မင်းက ကာဠီရဲ့သား” တဲ့။
အဲဒီတော့ နတ်ပြည့်မှာ သားတွေသမီးတွေ
ရှိသလားလို့ မေးမယ်ဆိုလို့ရှိရင် ရှိတယ်၊ လူတွေလို မွေးဖွားလာတဲ့ သားသမီးတော့ မရှိဘူး၊
သိကြားမင်းမှာ သားတွေရှိတယ်၊ အဲဒီသားတွေက ဘယ်လိုလုပ်ရတဲ့သားတုန်းလို့ဆိုရင် ဒီဘဝက ကုသိုလ်ကောင်းမှုလုပ်တဲ့
ပုဂ္ဂိုလ်အမျိုးမျိုး ရှိတဲ့အထဲမယ် သိကြားမင်းသားဖြစ်ရမယ့် ပုဂ္ဂိုလ်က သိကြားမင်းရဲ့
ရင်ခွင်ထဲမှာ ဘွားကနဲပေါ်တာ၊ ရင်ခွင်ထဲမှာ ပေါ်လို့ရှိရင် သား လို့ သတ်မှတ်ရတယ်၊ အဲသလို
သားမျိုး ရှိတာပေါ့နော်၊ တခြား နေရာတွေမှာ ဖြစ်ရင် တခြားအမျိုးအစားထဲမှာ ပါတာပေါ့။
အဲဒီတော့ ကာဠီရဲ့သားဆိုတာ ကာဠီနတ်သမီးရဲ့
ရင်ခွင်ထဲမှာ သွားဖြစ်လို့ ကာဠီရဲ့ သားလို့ ခေါ်လိုက်တာပေါ့၊ အဲဒီ ဒုဿီဆိုတဲ့ မာရ်နတ်က
ဘယ်လောက်တောင် ဆိုးတုန်းဆိုလို့ရှိရင် ကကုသန်မြတ်စွာဘုရားလက်ထက်က လူတွေကို သူက စူးစမ်းချင်တယ်၊
သုတေသနသမားနဲ့ တူပါတယ်၊ စူးစမ်းချင်တယ်၊ “ဒီရဟန်းတွေကို ဒကာဒကာမတွေက သိပ်ပြီးတော့
လှူအောင်လုပ်ရင် သူတို့ ဘာဖြစ်မလဲ” ဆိုပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်ကိုယ်
ဝင်ပူးပြီးတော့ ရဟန်းတွေကို လှူကြတယ် ပူဇော်ကြတယ် ရှိခိုးကြတယ် ကိုးကွယ်ကြတယ်၊ အဲဒါတွေကို
လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းလဲအောင်လုပ်တယ်။
လူတွေဟာ ဘုရားသွား ကျောင်းတက် လှူကြ
တန်းကြ ဒီလိုနေကြတာ၊ သေတဲ့လူတွေ နတ်ပြည်ရောက်တယ်၊ တော်တော်များများ နတ်ပြည် ရောက်ကြတယ်၊
သူ့ရဲ့ သွေးဆောင်ဖြားယောင်းမှုနဲ့ လူတွေက ကုသိုလ်လုပ်ကြတယ်။
အဲလိုလုပ်တဲ့အခါမှာ မြတ်စွာဘုရားက
စိတ်ဓာတ်ရေးရာပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘာနဲ့ ခုခံခိုင်းတုန်းဆိုလို့ရှိရင် အသုဘကမ္မဋ္ဌာန်းပေးပြီး “အသုဘသညာ” ကို ပွားခိုင်းထားတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့
ဒကာဒကာမတွေက ပူဇော်ကြ ကိုးကွယ်ကြတဲ့အခါ လောဘတွေ ဖြစ်မှာစိုးလို့၊ မဖြစ်ရအောင် အသုဘကမ္မဋ္ဌာန်း
ပေးထားတယ်၊ အဲဒါနဲ့ ခုခံထားတော့ ရဟန်းတွေက တုန်လှုပ်မှု မရှိဘူး။
မရှိတော့တစ်ခါ သူက technique ပြောင်းတယ်၊
ရဟန်းတွေ တုန်လှုပ်အောင် ဒီတစ်ခါတော့ လူတွေရဲ့ ကိုယ်ထဲကို ဝင်ပူးပြီးတော ရဟန်းတွေကို
ဆဲမယ် ခဲနဲ့ပေါက်မယ်၊ မလှူဘူး မတန်းဘူး၊ အရိုအသေမပေးဘူး အဲသလိုဖြစ်အောင် ပြောင်းပြန်တယ်၊
ပြောင်းတဲ့အခါကျတော့ မြတ်စွာဘုရားကလည်း ရဟန်းတွေကို ဆုံးမတယ်၊ မေတ္တာဘာဝနာပွားပြီးတော့
နေကြလို့ ရဟန်းတွေ ဘာမှမဖြစ်ဘူး၊ လူတွေကတော့ ရဟန်းတွေတွေ့ရင် ဆဲကြ ရေးကြ ခဲနဲ့ပေါက်ကြနဲ့
အဲသလိုလုပ်တယ်၊ အဲသလိုလုပ်လည်း ရဟန်းတွေက မေတ္တာဘာဝနာ ပွားနေသည့်အတွက်ကြောင့် ဘာမှ တုန်လှုပ်ခြင်းမရှိ။
ပြောင်းလဲမှုမရှိတဲ့ အနေအထားကို
မြင်ရတဲ့အခါ မာရ်နတ် ကြီးက စိတ်တိုလာတယ်၊ သူလုပ်တာတွေ မအောင်မြင်တော့ သူဘာလုပ်တုန်းဆိုတော့
ကလေးတစ်ယောက်ကို ဝင်ပူးပြီးတော့ ရဟန္တာတစ်ပါးကို ခဲနဲ့ပေါက်တယ်၊ သက်သက်မဲ့နော်၊ ခဲနဲ့ပေါက်တဲ့
အခါကျတော့ ခေါင်းမှန်ပြီး ခေါင်းကွဲသွားတယ်၊ သွေးတွေဖြာထွက်လာတဲ့အခါ ကကုသန်မြတ်စွာဘုရားက
သိလိုက်တော့ ဒါ ကလေးပေါက်တာ မဟုတ်ဘူး၊ မာရ်နတ်ပေါက်တာဆိုတာ သိတယ်။
အဲဒီတော့ မြတ်စွာဘုရားက တစ်ကိုယ်လုံး
နောက်လှည်တယ်၊ ဘုရားကိုယ်တော်မြတ်များဟာ နောက်ကိုလှည့်လို့ရှိရင် ဇက်ကနေပြီး နောက်လှည့်ကြည့်လို့မရဘူးတဲ့၊
“နာဂါမလောကိတ” လို့ခေါ်တယ်၊ ဆင်များဟာ နောက်ကိုကြည့်ချင်ရင် တစ်ကိုယ်လုံးလှည့်ရတယ်၊
ဆင်ရဲ့ဇက် တိုတိုလေးရယ်၊ ဘယ်လိုလုပ်လှည့်ကြည့်လို့ ရမတုန်း၊ ခွေးတို့ ဆိတ်တို့ကျတော့
နောက်လှည့်လို့ရတာပေါ့နော်၊ ဆင်ကျတော့ ကြည့်ချင်တယ်ဆိုလျှင် တစ်ကိုယ်လုံးကြီး လှည့်ရတယ်။
အဲဒါလိုပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး
တစ်ကိုယ်လုံး နောက်လှည်လိုက်ပြီး ခဲပေါက်တဲ့ မာရ်နတ်ကို ကြည့်ပြီးတော့နော်၊ “အေး ဒုဿီမာရ်နတ် မင်း အတိုင်းအတာတွေ လွန်လာပြီ” ဒါပဲ ဘုရားက ပြောတယ်၊ တစ်ဖက်ကတော့ သူလုပ်တာမဟုတ်ဘူးလို့
ထင်ကောင်းထင်မယ်၊ မြတ်စွာဘုရားက အဲသလိုလုပ်လည်း မိန့်ကြားပြီတော့ ဆက်ကြွသွားတယ်။
ဘုရားက မျက်နှာကို ဟိုဘက်လည်း လှည့်လိုက်တာနဲ့
တစ်ပြိုင်နက် မာရ်နတ်ကြီးဟာ လူလှချည်ရဲ့ လောင်လှချည်ရဲ့ဆိုပြီးတော့ ချက်ချင်း မြေမြိုသွားတာ၊
ဒါ သူလုပ်တဲ့ လုပ်ရပ်က အလွန်ကို ဆိုးဝါးယုတ်မာသွားပြီ၊ အင်မတန် စင်ကြယ်မြင့်မြတ်တဲ့
ရဟန္တာတစ်ပါးကို သူက ပစ်မှားလိုက်တာကိုး၊ အဲဒီ
မာရ်နတ်ကြီးဟာ ချက်ချင်း အဝီစိငရဲ ကျသွားတယ်၊ ဒါ ဥပေစ္ဆဒကကံကြောင့် ချက်ချင်းအကျိုးပေးသွားတာ။
အလားတူဟာတွေလည်း ရှိတယ်၊ အားလုံးလည်း
သိကြပါတယ်၊ စိဉ္စမာန မြေမြိုသွားတာတို့၊ ဒေဝဒတ် မြေမြိုသွားတာတို့၊ ဒေဝဒတ် ရဲ့ အဖေ သုဗ္ဗဗုဒ္ဓဘုရင်ကြီး
မြေမြိုသွားတာတို့၊ အင်မတန်စင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှားလို့ရှိရင် ချက်ချင်းကြီး
ဥပစ္ဆေဒက ကံက ဖြတ်တောက်ပစ်လိုက်တာနော်၊ ဖြတ်ချပစ်လိုက်ပြီးတော့ ဆိုးဝါးတဲ့ ဘဝတစ်ခုကို
ရောက်သွားစေတယ်။
အေး - အဲလိုမျိုးပဲ အလားတူဝတ္ထုတစ်ခုကို ဇာတက
story တွေမှာတွေ့ရမယ်၊ ဥပေစ္ဆေဒကကံလို့ပြောရမယ်၊ “စတုဒွါရဇာတ်” ဆိုတာရှိတယ်၊ စတုဒွါရဇာတ်ဆိုတာ တံခါးလေးပေါက်လို့ အမည်ပေးထာတာရှိတယ်၊
အဲဒီဇာတ်လမ်းက ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါတုန်းက ကဿပ မြတ်စွာဘုရားရဲ့ တရားကို နာပြီေးတာ့
မိခင် ဖင်တွေက သောတာပန်ဖြစ်ပြီး တကယ့်သူတော်ကောင်းတွေ၊ သားလေးတစ်ယောက် မွေးထားတယ်၊နာမည်က
မိတ္တိန္ဒက တဲ့၊
အဲဒီ မွေးထားတဲ့ သားလေကို မိခင်ကြီးက သားလေးကိုချစ်လို့ ဆုံးမတယ်၊ “ငါ့သားဘုရားပါင့်တဲ့အချိန်ရောက်နေတယ် တရားဓမ္မတွေနာ၊ အလှူအတန်းတွေလုပ်၊
ဥပုသ်သီတင်းလေးစောင့်၊ တရားလေးနာ” လို့ ပြောတာ သူကလုံးဝလက်မခံဘူး၊ ဘာလုပ်ဖို့လဲ
ဥပုသ်စောင့်တာ, ဘာလုပ်ဖို့တရားနာရမှာလဲဆိုတာ ငြင်းပယ်တယ်။
အဲတော့ အမေကြီးကတော့ သားလေးကို
ချော့မော့ပြီးတော့ တစ်နေ့ကျတော့ “ငါ့သား၊ ဒီကနေ့ ဥပုသ်နေ့ ကျောင်းသွားပြီးတော့ ဥပုသ်စောင့်ခဲ့၊
တစ်ညတော့ ဥပုသ်စောင့်ခဲ့၊ မင်းပြန်လာလို့ရှိရင် ငါငွေ ၁၀၀၀ ပေးမယ်”၊ အဲဒီတော့ ငွေ ၁၀၀၀ ပေးမယ်ဆိုတာနဲ့ ငွေ ၁၀၀၀ ရချင်တာနဲ့
ကျောင်းသွား၊ ကျောင်းမှာ ရောက်တဲ့အခါတော့ တရားပွဲတွေ ဘာတွေရှိတယ်၊ ဒါပေမယ့် တရားသံ
မကြားရလောက်တဲ့နေရာသွားပြီး ချောင်ပိတ်အိပ်နေတယ်၊ နားထဲ ဂွမ်းဆို့ပြီး အိပ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
မိခင်လုပ်တဲ့ ပုဂ္ဂိုလ်က ငါ့သားတော့ညက
တရားဟောတဲ့ ဓမ္မကထိကကို အိမ်ပင့်လာမှာပဲဆိုပြီး စားဖွယ် သောက်ဖွယ်တွေပြင်ဆင်ထားတယ်၊
ငါ့သားတော့ လိမ္မာလာတော့မှာပဲ ဆိုပြီတော့ မနက်ကျတော့ သားဖြစ်သူက ည အိပ်ရေးဝအောင်အိပ်ပြီးတော့
အိမ်ပြန်ရောက်ချလာတယ်၊ အစောကြီး အိမ်ပြန်ရောက်လာပြီးတော့ “ဘယ်မတုန်း ဓမ္မကထိကဘုန်းကြိးကော မပင့်ခဲ့ဘူးလား” ဆိုတော့ “ဘာလို့ဖို့လဲ”ပေါ့၊ အဲဒါနဲ့ သူ့မိခင်ကြိးက “ကဲ ငါ့သား ညက ဥပုသ်စောင့်ထားရတယ်၊ ရော့ ယာဂုလေး အရင်သောက်လိုက်ဦး”၊ “ခင်ဗျား ညက ကျုပ်ကို ဥပုသ်စောင့်သွားရင်
ငွေ ၁၀၀၀ ပေးမယ်လို့ ပြောတယ်၊ အဲဒီ ငွေ ၁၀၀၀ ဘယ်မတုန်း”။
ငွေ ၁၀၀၀ မရမချင်း မသောက်ဘူး၊ မိခင်ကြီးက
ငွေ ၁၀၀၀ ထုတ်လေးကို ရှေ့ချပြီး “ကဲ သောက်ပါကွယ် ရော့ ၁၀၀၀ ထုတ်” ဆိုတော့မှ အဲဒီကျမှာ သောက်တယ်၊ ငွေ ၁၀၀၀ ထုတ်ယူပြီးတော့
သောက်တယ်၊ မိခင်ကြီးက သောတာပန်၊ သားက မိုက်မဲတယ်၊ ဒီလိုလည်းရှိတာပဲ၊ ဆုံးမလို့ မရဘူး၊
အဲဒီတော့ မိခင်ကြီးက ဘယ်လောက် ဆုံးမဆုံးမ မိုက်မဲတဲ့ သားသမီးဆိုတာလည်း ရှိနိုင်တယ်၊
ဆရာသမား ဘယလောက်ကောင်းကောင်း တပည့်ကလည်း ကောင်းချင်မှ ကောင်းမှာပေါ့နော်။
တစ်ခါတစ်လေ ဘုန်းကြီးတို့ ကျောင်းက
ဆိုးသွမ်းတဲ့ ကိုယ်တော်လေးတွေ သတင်းကြားတယ်ဆိုလို့ရှိရင် “ဟာ၊ ဘယ်ကျောင်းထွက် ဆိုးတယ်” နဲ့ပြောကြတယ်၊ ဘုန်းကြီးတို့က မေးတယ်၊ “မင်းတို့ အဲသလို ပြောစတမ်းဆိုလို့ရှိရင် ဒေဝဒတ်ဘယ်ကျောင်းထွက်တုန်း” လို့၊ ဒေဝဒတ်က ဇေတဝန်ကျောင်းထွက်ပဲလို့၊ အဲဒါဆိုရင် ဇေတဝန်ကျောင်း
အပြစ်တင်ရမလား၊ ဒေဝဒတ်အပြစ်တင်ရမလား၊ တချို့က ကျောင်းထွက်ဆိုပြီးတော့ကျောင်းကို ပုတ်ခတ်ပြီးတော့
ပြောလေ့ရှိတာကိုး၊ ဒီတော့ ဒါတွေက မဆိုင်ဘူး၊
သို့သော်လည်း မြန်မာစကားမှာ “သားသမီးကောင်းမိဘခေါင်း”
“တပည့်မကောင်း ဆရာ့ခေါင်း” ဆိုပြီးတော့ ခေါင်းပေါ်တော့ ရောက်တာပေါ့နော်၊ အဲဒါဆိုရင်
ဒေဝဒတ်မကောင်း ဘုရားခေါင်း ရောက်မှာပေါ့၊ အဲဒါကျတော့ ချန်ထားကြတယ်၊ ကာယကံရှင်ပုဂ္ဂိုလ်နဲ့
အများကြီးဆိုင်တယ်။
ဒါကြောင့်မို့လို့ ဘုန်းကြီးတို့စာပေထဲမှာ
“ဥပဒေသမတ္တမေဝ ဟိ ပရာယတ္တာ(ပရသ္မိံ ပဋိပဗဒ္ဓံ)၊ အညာ သဗ္ဗာ သမ္ပတိ အတ္တာဓိနာ ဧဝ”
တဲ့၊ နည်းပေးလမ်းပြ လုပ်တာသည်ပင်လျှင် ဆရာသမားနဲ့
ပတ်သက်ပါတယ်တဲ့၊ အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည်ပါတယ်တဲ့၊ ဆရာသမားဆိုတာ ဆုံးမသြဝါဒပေးရုံသာ တာဝန်ရှိတယ်လို့
ဒီလိုပြောတယ်နော်၊ အခြားအောင်မြင်မှုဟာ ကိုယ်နဲ့ဆိုင်တယ်ပေါ့၊ အောင်မြင်မှု ကျရှုံးမှုဟာ
ကိုယ်နဲ့ပဲဆိုင်တယ်ပေါ့၊ ဒီလို ဆိုပါတယ်၊ ဒါက ပိုပြီးတော့ လက်တွေ့ကျတယ်။
အဲဒီတော့ အဲဒီ မိတ္တဝိန္ဒက ဆိုတာ
ငွေလေး ၁၀၀၀ ရတဲ့ အခါ သူကအရောင်းအဝယ် စိတ်ဝင်စားတယ်၊ ငွေ ၁၀၀၀ အရင်းအနှီးလုပ်ပြီး အရောင်းအဝယ်
လုပ်လိုက်တာ မကြာခင်ပဲ သိန်း ၂၀လောက် ရသွားတယ်၊ သိန်း ၂၀ ရတဲ့အခါကျတော့ သူ့အမေကိုပြောတယ်၊
သင်္ဘောနဲ့ ပင်လယ်ခရီးဖြတ်ပြီးတော့ အရောင်းအဝယ် လုပ်ချင်တယ်၊ ဒီမှာ တင်လုပ်လို့ အားမရဘူး၊
ပင်လယ်ခရီး နဲ့ သွားမယ်ဆိုတော့ သူ့အမေက တားတယ်၊
“ငါ့သား အိမ်မှာ တို့ပစ္စည်းတွေ အများကြီး၊
မင်းတစ်ယောက်တည်းရှိတယ်၊ ပင်လယ်ခရီးဆိုတာ အင်မတန်အန္တရာယ်များတယ်၊ မသွားပါနဲ့” တားတာ မရဘူး၊ မရရုံတင်မဟုတ်ဘူး၊ အမေက ရှေ့ကနေကာဆွဲထးတဲ့အခါ
အမေကို တွန်းလှဲထိုးကြိတ်ပြီးတော့ အမေ့ပေါ်က ကျော်ပြီးတော့ ပင်လယ်ခရီးကို ထွက်သွားတယ်၊
ဒါ သူစော်ကားခဲ့တာနော်၊ အမေကို ထိုးကြိတ်တွန်းလှဲ ပစ်ထားခဲ့တယ်၊ မိခင်က မသွားဖို့ပြောတာမရတော့ အတင်းတားတယ် အတင်းထားတဲ့
အခါ အမေကိုတွန်းလှဲထိုးကြိတ်ပြီးတော့ ထားခဲ့တယ်။
အဲဒီကနေပြီးတော့ သင်္ဘောပေါ် တက်တယ်၊
ပင်လယ်ခရီး ဖြတ်တဲ့အခါမျာ ပင်လယ်ထဲမှာ သတို့ရွက်လှေကြီးက အကြောင်းမဲ့ ပင်လယ်ပြင်ထဲမှာ
ခုခေတ်လိုဆို စက်ပျက်သွားတယ်ပေါ့၊ အဲဒီ တုန်းက စက်မတပ်တော့ ပင်လယ်ထဲမှာ သင်္ဘောကြီး တက်က
ငြိနေသလိုပဲ ရပ်နေတယ်၊ ဘယ်မှ လို့ရွေ့လို့မရတော့ဘူး။
အဲဒီလို ဖြစ်တဲ့အခါကျတော့ ဘာလုပ်ကြတုန်းဆိုတော့
သင်္ဘောပေါ် ပါလာတဲ့သူတွေထဲမှာ လူယုတ်မာဆိုတာ ရှိလောက်တယ်၊ သူ့ကြောင့် ဒီလိုဖြစ်တာ၊ မဲချမယ်
ဆိုပြီးတော့ မဲချတယ်၊ မဲချတဲ့အခါ ၃-ကြိမ်တိုင်တိုင် သူ့ချည်းပဲကျတယ်၊မဲက သူ့ချည်းပဲပေါက်တယ်၊ သူ့ကြောင့် ဒီလိုဖြစ်ရတယ်ပေါ့၊ အဲဒါနဲ့ ကဲ မင်းကို တို့ဆက်ပြီး မခေါ်နိုင်တော့ဘူးဆိုပြီးတော့
ဖောင်လေးလုပ်ပြီးတော့ အဲဒီဖောင်ပေါ်တင်ပြီး ပင်လယ်ထဲပစ်ချလိုက်တာပေါ့၊ သူ့လည်းချပြီးရော
သင်္ဘောကြီးက ထွက်သွားသတဲ့၊ အကုသိုလ်များတာနော်၊ အကုသိုလ်က အကျိုးပေးပြီဆိုရင် ဒီလိုပဲ။
သူဟာ အဲဒီ ဖောင်ကလေးကိုစီးပြီး
သွားလိုက်တာ လေသင့်ရာ လှိုင်းပုတ်ရာနဲ့ ပင်လယ်ထဲ မျောပါသွားပြီး ကျွန်းလေးတစ်ကျွန်းနား
ရောက်သွားတယ်၊ အဲဒီကျွန်းလေးမှာ ငွေဗိမာန်နဲ့ ဝေမာနိက ပြိတ္တာမတွေ သွားတွေ့တယ်၊တွေ့တဲ့အခါကျတော့
ဝေမာနိက ပြိတ္တာမတွေက သူ့ကို ကျွေးမွေးစောင့်ရှောက်ထားတာ၊ သူနဲ့ ဝေမာနိက ပြိတ္တာမတွေနဲ့
ပျော်လို့၊ အဲသလိုနေတာ ၊ ဝေမာနိက ပြိတ္တာမတွေက ၇-ရက် နည်းစည်းစိမ် ခံစားပြီး ၇ ရက်ကြာတော့
ငရဲခံကြရတယ်တဲ့၊ သတ္တဝါတွေရဲ့ ကံကြမ္မာဆိုတာ
အလွန်ထူးဆန်းတယ် ၇-ရက် နတ်သမီးကဲ့သို့ စည်းစိမ်ခံစားရပြီးတော့ ၇-ရက် ငရဲမှား
သွားကြရတယ်တဲ့။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။