Sunday, February 17, 2013
ဇာတ်လမ်းပမာ ဒေသနာ(၁) ခန္ဓာကိုယ်တွေ ကျွမ်းခါပ ဝဋ်ခန်းလေ ကြုံရ, ဆုံရ
♣ အခန်း-၁
ရှေးသရောအခါ သံသရာတောမြိုင် သင်္ခတခရိုင်ကြီးကို အုပ်စီးပိုင်သ အစိုးရတော်မူသော အဝိဇ္ဇာမင်းကြီး နှင့်တကွ အဂ္ဂမဟေသီ ဒေဝီတင်ထား တဏှာ အမည်ရသော တောင်ညာစံမိဖုရားကြီးတို့သည် သုံးဆယ့်တစ်ခရိုင် ပိုင်စံစိုးနင်း တေဇာတော် လင်းခဲ့ကြလေသတည်း။
ထိုအဝိဇ္ဇာမင်းကြီးနှင့် တဏှာဒေဝီမိဖုရားမှ ဖွားမြောက်၍ အကောက်အကျစ်တို့၏ဘုရင်, အလိမ်တွင် ပထမ, လိမ်လည်မှု ဝဉ္စနအရာ ပရိယာယ် မာယာများလှသောကြောင့် ဝိပ္ပလ္လာသမယ် ဘွဲ့ထူးကို ဆွတ်ခူးပန်ဆင်ခဲ့ပေသော သညာ, စိတ္တ , ဒိဋ္ဌိ, ဟူသော တစ်ပင်တိုင် မြနန်းဖြင့် စံမြန်းနေသည့် သမီးတော် သုံးယောက်တို့ ရှိခဲ့ကြပေကုန်၏။
သမီးတော် သုံးယောက်တို့တွင်လည်း တစ်ယောက် တစ်ယောက်လျှင် ဝိပ္ပလ္လာသမယ်ဘွဲ့ရသော ဓုဝ, သုဘ, သုခ, အတ္တ ဟူသော ရံရွှေတော် လေးယောက်, လေးယောက်စီ ရှိခဲ့ကြလေရာ၊ ဝဉ္စနမာယာ လှည့်ပတ်မှုအရာတွင် အလွန်ကျင်လည်လှစွာသော ရံရွှေတော်ပေါင်း တစ်ဆယ့်နှစ်ယောက် ရှိခဲ့ကြပေကုန်၏။
တစ်နေ့သောအခါ သညာ, စိတ္တ, ဒိဋ္ဌိ သမီတော်သုံးပါးတို့သည် ရံရွှေတော်များ တစ်ဆယ့်နှစ်ပါးတို့နှင့် အတူတကွ တပျော်တပါး ရေကစားထွက်လာခဲ့ပေရာ...
(သညာ) ညီမတော်များတို့...(ဘုရား) ဒီနေ့ ခမည်းတော်ဘုရားထံ အခွင့်ပန်ပြီး နဒီယံဗွေတစ်လွှားသို့ ရေကစားထွက်လာခဲ့ကြတာ အဖော်များတွေနဲ့ပျော်ပါးကြရဲ့လား။
(စိတ္တ) မှန်လှပါ...အဖော်အပေါင်းတွေနဲ့မို့ ဘုရားညီမလေးလဲ အထူးပဲ ပျော်ကြောင်းပါဘုရား...။
(သညာ) အေး...အေး၊ ညီမအထွေး ဒိဋ္ဌိပျိုကညာကလဲ စိတ်ရှိသလိုသာ ပျော်ပေတော့နော် ကြားလား။
(ဒိဋ္ဌိ) မှန်လှပါ... မ ဘုရား သညာရဲ့ မိန့်ခွန်းတော်သာသည့်အတိုင်း ရေဇလာသဘင်ပွဲကို မေကညာတို့ ဆင်နွဲလှက်ပါဘုရား။ျ
(သညာ) အေးကွယ်... ဒီလိုစိတ်ပျိုမှ ကိုယ်နုပြီး ကြည်လင်ချမ်းသာမှု ရှိနုင်ကြမယ်မဟုတ်လား၊ ကဲ ...ကဲ ...လာကြဟေ့ လာကြ မြစ်ဧရာ ရေဇလာအတွင်းသို့ မေကညာတို့ဆင်းပြီး အပျင်းတော် ဖြေကြစို့လား။
ဤသို့လျှင် ဝိပ္ပလ္လာသ အမည်ရသည့် ညီအမသုံးဖေါ်တို့သည် ပျော်ပျော်ပါးပါး
အောက်ပါလှေလှော်သံများကို သီဆိုရင့်ကျူးလျက် ပျော်မြူးကာ ရေကစားကြလေကုန်၏။
♣ ဝိပ္ပလ္လာသဘွဲ့ လှေလှော်သံ
၁။ ဘေးဒုက္ခစုံ ယမုံသံသရာထဲလေ
စုန်ကာ ဆန်ကာ နွှဲရှာကြ
ဒီဝဲတွင် လယ်ကြ, လယ်ကြ
ဝိပ္ပလ်မယ် ပိုင်နယ်တွင်းကိုလေး----
ကွင်းနိုင်ဘုလေ။
၂။ ကွင်းနိုင်ဘုလေ ကမ္ဘာထွေထွေယွန်းပါလို့
ခန္ဓာကိုယ်တွေ ကျွမ်းခါပ
ဝဋ်ခန်းလေ ကြုံရ, ဆုံရ
လုံအမတာ နန်းရယ်လေး-
လှမ်း ကွာခဲ့စေ။
၃။ လှမ်းကွာခဲ့စေ သတ္တဝါဗိုလ်ခြေ အများကိုလ
ထပ်ကာ အိုသေ သွားအောင်ပ
လှည့်ဖြားဉာဏ် ဝဉ္စန, အစဉ်ပ
ပြိုင်ယှဉ်စရာ ရှားတယ်လေး-
များသိကြနော်။
ဤကဲ့သို့လျှင် သံသရာ နှစ်ဆန်းတစ်ရက်နေ့ကစ၍ ယနေ့သို့ ကျအောင်ပင် ပျော်ရွှင်စွာ ရေကစားပြီး မျက်းစိလည် လမ်းမှား ယောင်ဝါးဝါးနှင့် မိမိတို့၏ ထံပါးသို့ ရောက်ရှိလာကြကုန်သော အန္ဓပုထုစဉ် အမိုက်သားတွေကို အမှောင်ရှေ့သွား အမှားရှေ့ဆောင်လျှက်ပင် တွင်တွင်ကြီး ဖြားယောင်း သွေးဆောင်, သံသရာဘောင် ဝဋ်ခုက္ခအချုပ် ထောင်တို့ကို ဦးချိုနှင့် တစ်သီး, အမြီးနှင့်တစ်သွယ်, ဝဋ်နယ်ကို ကျယ်ပွားရှည်လျားစေတတ်သော ဝိပ္ပလ္လာသ မယ်ဘွဲ့ရသည့် ညီအစ်မသုံးဖော်တို့ သည်လည်း ရှေးနည်းအလား မိုက်မှားသည့် ပုထုဇ္ဇနအန္ဓခေါ်ဗာလ ဥမ္မတ္တကတို့ကို မာယာဝဉ္စန ပရိယာယ်တွေ အနန္တဖြင့် လှည့်ပတ်ဖြားယောင်းရန် ယုတ်မာသော စိတ်အကြံ ဝင်္ကန္တ- ဉာဏ်တို့ဖြင့် စောင့်ဆိုင်းကာ နေကြလေကုန်သတည်း။
♣♣ သလ္လာဝတီ မောင်သီဟ ၏ ဇာတ်လမ်းပမာ ဒေသနာ မှ
ဆက်ဦးမည်။
Labels:
ဖတ်မိတာလေးများ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ