တပည့်တော်။ ။ ဟုတ်ပါတယ်, အဲဒီ ဝါကြီးစောင့် အဖွားတို့တွင်
ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ အဖွားဂွမ်းတစ်ယောက်တော့ တပည့်တော် မှတ်မိတဲ့
အချိန်ကျမှ ဆုံးပါတယ်၊ ထိုအဖွားဂွမ်းဆုံးခါနီးမှာ “တစ်အိမ်လုံးမွေးတယ်,သာယာသော
တီးသံတွေကိုလဲ ကြားရတယ်”လို့ပြောကြပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အဖွားကတော့ ဘယ်အရွယ်မှာ
ဆုံးသတုန်း။
တပည့်တော်။ ။ တပည့်တော် မမှတ်မိခင်က ဆုံးပါတယ်၊
တပည့်တော်ကောင်းကောင်း မသွားတတ်ခင်
အဖွားက
ဥပုသ်ဇရပ်ကို လက်ဆွဲခေါ်သွားတာ့ တစ်ခုဘဲ မှတ်မိပါတော့တယ်။
ဓမ္မဂုတ်။ ။ ဘိုးအရွယ်တွေ ဝါကြီးမစောင့်ကြဘူးလား။
တပည့်တော်။ ။ ဘိုးအရွယ်တွေ ဝါကြီးစောင့်တာတော့
မကြားဘူးပါဘူး၊ အမေ့ဘက်က ဘိုးတော် တစ်လ ရှစ်သီတင်း ဥပုသ်မှန်မှန် စောင့်ပါတယ်၊
အဲဒီဘိုးရဲ့အဖေ(ဘိုးကြီး) ဘိုးရာဇာတော့ နောက်ပိုင်းမှာ ဆုံးသည့်တိုင်အောင်
အမြဲရှစ်ပါးသီလနဲ့ နေသွားပါတယ်၊ ဆုံးတော့ အသက် ၉ဝ ကျော်ပါပြီ။
ဓမ္မဂုတ်။ ။
ဆုံးခါနီးကော ဥပုသ်စောင့်တုန်းဘဲလား။
မြေး။ ။ ဟုတ်ကဲ့။
ဘိုးကြီး။ ။ ထမင်းချိုင့်မယူဘဲ ထုံးစံအတိုင်း ဘုရားသွားရှိခိုး တံမြတ်လှည်း,
ကျောင်းသွား တံမြတ်လှည်း,အလုပ်ပြီးမှ
အိမ်ပြန်လာပါတယ်၊ အိမ်ရောက်တော့ “ဘိုးပြန်လာပြီဟေ့-အဖွားပြောလိုက်
ထမင်းခူး”လို့။
မြေး။ ။ ဟုတ်ကဲ့-ဟုဆိုပြီးဘိုးကြီးကို
ထမင်းကျွေးပါတယ်, ထမင်းနဲနဲဘဲစားပါတယ်၊ ဒါပေမဲ့-ဇလုံကလေး တစ်လုံးလောက်တော့
ကုန်ပါသေးသတဲ့၊ ထမင်းစားပြီး ဆေးလိပ်တောင်းလို့ သူသောက်နေကျ ဆေးလိပ်ကလေးကို
မီးညှိပေးပြီးတဲ့အခါ ဆေးလိပ်ကလေး လက်ကြားညှပ်ပြီးအိပ်ယာထဲမှာ လှဲနေပါတယ်။
အဖွား။ ။
မောင်မင်းရေ………ဘိုးရဲ့,အဝတ်များ ဖွပ်ရအောင် အဝတ်လဲခဲ့ပါဟေ့။(ထိုမြေးက
“မောင်ချစ်မင်း”ပါ)။
မြေး။ ။ အဝတ်လဲဘို့ ဘိုးကြီဆီလာတော့ ဘိုးကြီးက ခေါ်လို့ မရတော့ဘူးတဲ့၊
အဖွားလာကြည့်တော့မှ ဆုံးနေပြီဖြစ်ကြောင်း သိရတော့တယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့ ဘိုးရော, ဘိုးကြီးရော
ဆုံးသွားကြပုံ တယ်ကောင်း ကိုယ်တော်, ဘိုးဖြစ်သူကလည်း သုံးရက်သာ
ဘုရားရှိမခိုးနိုင်ဘဲ ဆုံးရှာတယ်။
တပည့်တော်။ ။ အမေရဲ့ အဖွားဘက်က (အဖွားရဲ့ဘိုး) ဘိုးကြီးတစ်ယောက်လဲ
သိပ်တော်တာဘဲတဲ့၊ ရွာထဲမှာ စပါးလှောင်ချိန်ရောက်ရင် နဲနဲဆင်းရဲတဲ့ အိမ်တွေသွားပြီး
“ဝမ်းစာစပါး လုံလောက်ကြရဲ့လား-ဟဲ့”လို့ စပါးပုတ်ကလေးတွေ လိုက်ကြည့်ပါသတဲ့၊ ဝမ်းစာ
လုံလောက်ပုံမရရင် “ဥုးကြီးဆီလာပြီး စပါးယူလှည့်ကြ”ဟု ဖိတ်မန်ပါသတဲ့၊ ထိုခေတ်က တစ်နှစ်လုံးပေါက်အောင်
ဝမ်းစာ မလောက်တဲ့အိမ်က နဲလေတော့ မလုံလောက်တဲ့ အိမ်တချို့က သွားပြီးယူကြပါသတဲ့၊
ကာလပျက်လို့ ဒါးမြတွေထတော့အဲဒီ ဘိုးကြီးက ဘုရားအသွားမပျက်ပါဘူး, ဒါးမြတွေကသာ
ဟေ့-ဘုရားဒကာမြင်ပါ့မယ်,ဟု ပြောပြီး ပုန်းရှောင် သွားပါသတဲ့။
ဓမ္မဂုတ်။ ။ ငယ်ငယ်တုန်းက ဆွေမျိုးဖြစ်တဲ့ ဒီလို
လူကြီးလူကောင်းတွေရဲ့ လမ်းစဉ်ကို တွေ့ရ ကြားရတော့ ကိုယ်တော့်အတွက်
သူတော်ကောင်းဘက်မှာ အားတက်စရာကြီး ဖြစ်မှာဘဲနော်။
တပည့်တော်။ ။ ငယ်ငယ်တုန်းကတော့ သိပ်ပြီး အားကျရမှန်း
မသိပါဘူးဘုရား, တော်တော်ကြီးလာတော့မှ လူ့ဘက်က ဘိုးတွေ ဘွားတွေကိုလဲအားကျ, သံဃာတော်ဘက်က
အဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးကိုလဲ အားကျမိပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့်အတွက်ကတော့ ရွာကလဲ ပဋိရူပဒေသ
(သူတော်ကောင်းလုပ်ဘို့ သင့်တော်တဲ့အရပ်) ဖြစ်တဲ့အပြင် ဆွေမျိုးအမှီကလဲ သပ္ပုရိသူပ
နိဿယ (သူတော်ကောင်းအမှီ) ရတာဖြစ်တော့ “ပုဗ္ဗေစ ကတပုညတာ” ဆိုတဲ့ ရှေးကံကို မှန်းဆဘို့ဟာ
အင်မတန် အားရစရာပါဘဲ ကိုယ်တော်။
တပည့်တော်။
။ ဒါလောက် ကံကောင်းပေမဲ့ စိတ်မချရသေးပါဘူး
ဘုရား တပည့်တော်ငယ်ငယ် ဘာမျှ မသိတတ်သေးတဲ့ အရွယ်တုန်းက တဝမ်းကွဲ အစ်ကိုကြီးတစ်ယောက်က
“တိန်းချိုချို, တိန်းချိုချို”လို့ သင်ရင်း (အက) တတ်နေပါသတဲ့၊ စကားပြောတတ်တော့
အဆိုလဲသင်လို့ သီချင်းလဲဆိုတတ်နေပါသတဲ့၊ အဲဒီလို ကလေးက ဆိုတတ်-ကတတ်တော့ အများက
မြှောက်ခိုင်း-ခိုင်းကြရော, တပည့်တော်ကလဲ
အမြှောက်ကြိုက်တော့ “နတ်ရှုး ဗုံနဲ့ မြှောက်, ခြေထောက်က” ဆိုတာလိုဖြစ်နေလို့
အဆိုရော အကပါ ဝါသနာပါနေပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော့် ဘိုးဘွားများက “အလေးကို
သင်မပေးကြနဲ့”လို့ မတားဘူးတဲ့လား။
တပည့်တော်။ ။ သင်ပေးတဲ့သူက သူတို့ရဲ့ မြေးအကြီးဖြစ်တော့
ပြုံးပြီး ကြည့်နေကြမယ် ထင်ပါတယ်၊ ဒီအချိန်မှာ အဖွားလဲ ရှိချင်မှ ရှိတော့မှာပါ။
ဓမ္မဂုတ်။ ။ အဲဒီတုန်းက သီချင်းလေးများ ရသေးလား။
တပည့်တော်။ ။ နှစ်ပုဒ်လောက်တော့ ရပါသေးရဲ့ ဘုရား။
ဓမ္မဂုတ်။ ။ ပြောစမ်းပါ ကိုယ်တော်။
တပည့်တော်။ ။ သီချင်းတစ်ပုဒ်က မကောင်းပါဘူး,တစ်ပုဒ်ကတော့
နောက်လူများ မှတ်စရာမို့ ကောင်းပါတယ်။
ဓမ္မဂုတ်။ ။ ပြောသာပြောပါ ကိုယ်တော်။
တပည့်တော်။ ။ “မြစ်ပင်လယ်
ရေသမုဒ်, ဥပဂုတ် မြတ်ရှင်ပင်၊ မိုးလေနိုင်စေတတ်တဲ့ ကြေးပြာဿဒ်ရှင်၊ မလေးခင်က
ရှိရှစ်ခိုး,မကြီးခင်က ရှိရှစ်ခိုး, အလိုဗျာ ဒီတစ်ည,ဆိုင်းပါ့ရွှေမိုး”တဲ့ ဘုရား။
ဓမ္မဂုတ်။ ။ အလှူမှာ မိုးမရွာအောင် ရှင်ဥပဂုတ်ကို
တိုင်တယ်တဲ့ သီချင်းဘဲ ကောင်းပါတယ်၊ နောက် တပုဒ်က…
တပည့်တော်။ ။ “ဘောက် မကြာဘာမကြောက်ပါဘူး နောက်တစ်ခါ-အနာပျောက်ရင်တော့,
ဖာတစ်ခေါက်ကိုတဲ့ သွားအုံးမယ်”တဲ့၊ ရှေ့ဆက်လို့ မကောင်းပါဘူး။
ဓမ္မဂုတ်။ ။ နှစ်ချိုး ကျန်ပါသေးတယ်လေ, ဆက်စမ်းပါအုံး။
တပည့်တော်။ ။ သာပြီး
ရုန့်ရင်းပါသေးတယ်,မဆက်ပါရစေနဲ့,ကလေးဘဝတုန်းက စကားမပီတပီနဲ့ ဆိုတာ
နားထောင်ကောင်းပေမဲ့, ကြီးတော့နားထောင်လို့ မကောင်းပါဘူး။
ဓမ္မဂုတ်။ ။ ကိုယ်တော် ငယ်ငယ်တုန်းက ရွှင်ဟန်တူပါတယ်။
တပည့်တော်။
။ ရွှင်ပုံရပါတယ်,
အဖေက တပည့်တော်ကိုပွေ့ပြီး ဘုရားပွဲတို့ဘာတို့ လိုက်ရတာ အလွန်ဂုဏ်ယူပါသတဲ့၊
တမျိုးလုံးကလဲ ချစ်ပုံရပါတယ်၊ အဖေရဲ့ အမကြီး အရီးဆို သာတောင်မှ ချစ်ရှာပါသေးတယ်။
ဓမ္မဂုတ်။ ။ ကလေးငယ်ငယ်ဟာ မငိုတတ်ဘဲ ရွှင်နေရင်
ကောင်းတဲ့ သုဂတိဘဝက လာတယ်လို့ အသိအမှတ်ပြုကြပါတယ်၊ အငိုအားကြီးနေရင် မကောင်းတဲ့ဘဝက
လာတယ်လို့ ဆိုကြပါတယ်။
တပည့်တော်။ ။ များသောအားဖြင့်တော့ ဟုတ်စရာရှိပါတယ်၊
ဒါပေမဲ့-တချို့ကလေးများတော့ ကျန်းမာရေး မကောင်းလို့ ငိုရှာတာဖြစ်ပါလိမ့်မယ်။
♣♣ တစ်ဘဝသံသရာ စာအုပ်မှ ပူဇော်ပါသည်။