အဲဒီမှာ စိတ်ဖြစ်ပုံက ဘယ်လိုတုန်းလို့ဆိုရင်
ဈာန်စိတ်ဖြစ်လာပုံလေးကို ဆက်ပြီးတော့ ပြောရမယ်ဆိုရင် လေ့ကျင့်ထားတဲ့ အာရုံကလေးပေါ်မှာ
ပရိကမ္မနိမိတ်၊ ဒီ ပရိကမ္မနိမိတ်က တဆင့်ပြောင်းလာတဲ့ ဥဂ္ဂဟနိမိတ်၊ ထို့နောက် ပဋိဘာဂနိမိတ်ပေါ်
စိတ်ကလေးငြိမ်သွားလို့ရှိရင် ဈာန်ရသွားတယ်။ ဈာန်ရသွားတဲ့ စိတ်အစဉ်ဟာ ဘယ်လိုဖြစ်လာသလဲဆိုရင်
အဲဒီအာရုံပေါ်မှာ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ စိတ်ကလေးက တံခါးကို ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးလိုက်တာနဲ့
တစ်ပြိုင်နက် သာမန်ဖြစ်နေကျ ကာမဇောတွေ မဟုတ်ဘဲနဲ့ ထိုကာမဇောတွေနဲ့ အလွန်ဆန့်ကျင်တဲ့
ပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံလေးပေါ်မှာ ဘာဖြစ်လာတုန်းဆိုရင် “ပရိကမ္မ” ဆိုတဲ့ ဇောစိတ်ကလေး အရင်ဝင်လာတယ်၊
ပြင်ဆင်မှုလေး
ဝင်လာတယ်၊ ပြင်ဆင်မှုကလေး ဝင်ပြီးတဲ့အခါ “ဥပစာရ”ဆိုတဲ့ ဇောစိတ်ကလေး ဖြစ်လာတယ်၊ ဥပစာရာဇောစိတ်ကလေး ချုပ်သွားတာနဲ့
တစ်ပြိုင်နက် “အနုလောမ” ဆိုတဲ့ ဇောစိတ်ကလေး ဖြစ်လာတယ်၊ အနုလောမဆိုတဲ့ ဇောစိတ်ကလေးချုပ်သွားတာနဲ့ “ဂေါတြဘူ” တဲ့၊ အနွယ်တစ်ခုကို ပြောင်းလွဲလိုက်ပြီ၊ ကာမအနွယ်ကနေပြီးတော့
မဟဂ္ဂုတ်ဆိုတဲ့ မြင့်မြတ်တဲ့အနွယ် ကာမဂုဏ်အာရုံတွေဖျောက်ပြီး ဟိုဘက်ကို ဖြတ်ကူးလိုက်ပြီလို့
ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ ဂေါတြဘူဆိုတဲ့ ဇောလေး၊ ဒီဇောလေးတွေက ဘယ်အရာတုန်းဆိုရင် မဟာကုသိုလ်
ဉာဏသမ္မယုတ်စိတ် ဇောဟာ ၄-ကြိမ်ဖြစ်တယ်။
ပထမဆုံးဖြစ်တာကို “ပရိကံ” လို့ခေါ်တယ်၊ ဒုတိယဖြစ်တာကို “ဥပစာ” လို့ခေါ်တယ်၊ တတိယအကြိမ်ဖြစ်တာကျတော့
“အနုလုံ” လိုခေါ်တယ်၊ စတုတ္ထအကြိမ်ဖြစ်တာကျတော့ “ဂေါတြဘူ” လို့ ခေါ်လိုက်တယ်၊ နာမည်တစ်မျိုးပေးလိုက်တာနော်၊
သူလုပ်တဲ့အလုပ်ဆောင်ချက်ကို ကြည့်ပြီးတော့ အမည်နာမ အသစ်ကလေးတွေ ပေးလိုက်တာ။
အဲဒီလို မဟာကုသိုလ်ဉာဏသမ၌ယုတ် ဇောလေး
၎-ခါလည်း ဖြစ်ပြီးရော ‘ဈာန်’ ဆိုတာ ရောက်လာတယ်၊ ဈာန်ဆိုတာ ဝိကတ် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ၊ အဲဒီ ၅-ခု အင်းအားစုပြီး ဖွဲ့စည်းထားတဲ့ စိတ်တည်ငြိမ်မှု
အနေအထားတစ်ခုကို ရောက်ရှိသွားတယ်။
အဲဒီတည်ငြိမ်မှုအနေအထား ရောက်သွားလိုက်တာနဲ့
တစ်ပြိုင်နက် ကာမနဲ့ ပတ်သက်တဲ့ အတွေးတွေ လုံးဝငြိမ်သွားတယ်၊ မလာတော့ဘူး၊ အနီးနားကို
မပေါ်နိုင်တော့ဘူး၊ ဘယ်လိုမှ မပေါ်တော့ဘူး၊ ဗျာပါဒနဲ့ ပတ်သက်တဲ့အတွေးတွေ၊ နီဝရဏတွေနဲ့
ဆိုင်တဲ့ အတွေးတွေ အကုန်လုံး ချုပ်ငြိမ်းသွားတယ်။
ပထမဆုံးအကြိမ်ရတဲ့ ဈာန်ဆိုတာလေးက
တစ်ကြိမ် ဖြစ်ပြီးရင် ဘဝင်ကျသွားတယ်၊ ထိန်းမထားနိုင်သေးဘူးလို့ ဆိုလိုတာပေါ့၊ ပထမဆုံး
ရောက်လိုက်တဲ့အချိန်က ထိန်းမထားနိုင်ဘူး၊ အဲဒီ ဈာန်ဆိုတာလည်း ဇောပဲ၊ ပရိကံ ဥပစာ အနုလုံ
ဂေါတြဘူ ဆိုတာ က မဟာကုသိုလ်ဇော၊ မဟာကုသိုလ်ဇောက ကာမအနွယ် ကာမဝစရစိတ်၊ ဈာန်ဆိုတာကျတော့
မဟဂ္ဂုတ်စိတ်၊ မဟဂ္ဂုတ်အနွယ်၊ အနွယ်ချင်း မတူဘူးလို့ ပြောတာနော်။
အဲဒီဈာန်ဆိုတာ attainment လို့ခေါ်တယ်၊
ရရှိလာတဲ့ အကျိုးပဲ၊ ကာမာဝစရစိတ် ဆိုတာကတော့ ကိုယ့်မွေးရာပါလို့ ပြောရမှာပေါ့၊ မဟာကုသိုလ်စိတ်ဆိုတာ
မွေးရာပါလို့ ပြောလို့ရပါတယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ ရိုးရာအားဖြင့် ဖြစ်လို့ပဲ။ ဒါနကောင်းမှု
ပြုရင်လည်း ဖြစ်တယ်၊ အသိဉာဏ်ပါလာလို့ရှိရင် သီလဆောာင်တည်တဲ့အခါဖြစ်တယ်၊ ကမ္မဋ္ဌာန်းဘာဝနာ
ပွားတဲ့အခါဖြစ်တယ်၊ သို့သော် အဆင့်မြင့်လာပြီး ဈာန်ဘက်ကို ဦးတည်သွားပြီဆိုလို့ရှိရင်
ပရိကံ ဥပစာ အနုလုံ ဂေါတြဘူ လို့ လေးကြိမ်ဖြစ်ပြီးတာနဲ့ တစ်ပြိုက်နက် အဆင့်မြင်တဲ့ ဈာန်ဆိုတဲ့
ဒီစိတ်ဓာတ်တစ်မျိုးက ထပ်ပြီးတော့ ပေါ်လာတယ်၊ ပေါ်လာပြီးရင် ထိန်းမထားနိုင်လို့ ပျောက်သွားတယ်၊
ပျောက်သွားသည့်အတွက်ကြောင့် ဒီလမ်းကြောင်းအတိုင်း ထပ်ပြီးတော့ လျှောက်တယ်၊ ဒီလမ်းကြောင်းအတိုင်း
ထပ်ပြီးလျှောက်လိုက်တဲ့အခါ ပြန်ပြီးတော့ ဒီအဆင့်ကို နောက်အကြိမ်မှာ အောင်မြင်လာပြီဆိုရင်
ဈာန်ကို ထိန်းလာနိုင်တယ်ပေါ့။
ဈာန် ဈာန် ဈာန် ဈာန်တွေချည်းပဲ
ဆက်ဖြစ်နေအောင် ထိန်းထားပြီး နောက်ပိုင်းကျတော့ အလေ့အကျင့် ရသွားပြီဆိုရင် ပရိကံ ဥပစာ
အနုလုံ ဂေါတြဘူ ဆိုတဲ့ ကာမာဝစရ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ဇော ၄-ကြိမ် စောပြီးတာနဲ့
တစ်ပြိုက်နက် နောက် ဈာန်ဆိုတာ ၁-နာရီလို့ အဓိဋ္ဌာန်ထားရင် ၁-နာရီတိတိ ဈာန်တွေချည်းပဲ
နေလို့ရတယ်၊ ထိန်းသွားလို့ရတယ်။
နောက်ထပ်ပြီးတော့ လေ့ကျင့်တယ်၊
လေ့ကျင့်ပါများသွားတဲ့အခါကျတော့ နာရီဝက်ထိန်းသွားနိုင်တယ်၊ ၁-နာရီ ထိန်းနိုင်တယ်၊ တစ်နေ့လုံး
လုပ်ထားလို့ရတယ်၊ လေ့ကျင့်ခန်းယူတာလေ၊ physical exercises လုပ်တဲ့အခါမှာ လုပ်လို့ရသလိုပဲတဲ့၊
mental exercises ကလည်း လေ့ကျင့်ပြီးယူလို့ရတယ်လို့ပြောတာ၊ အဲဒီ စိတ်ကလေးကို ၁၂-နာရီ
ထိန်းလို့ရတယ်၊ တစ်နေ့တာ ထိန်းလို့ရတယ်၊ ဟော - ဈာန်စိတ်ကလေးနဲ့ နေနေတာ၊ အဲဒါကို ဈာန်ဝင်စားတယ်လို့
ပြောကြတယ်။
အဲဒီ ဈာန်မျိုး အဆင့်မမီတဲ့ ပုဂ္ဂိုလ်တွေက
စာလေးတစ်ကြောင်းရေးရင် ဈာန်ဝင်စားနေတယ်လို့ ပြောနေကြတာနော်၊ အလုပ်ကလေးတစ်ခုကို ဈာန်ဝင်စားနေတယ်လို့
ပြောနေကြတာနော်၊ တကယ် ဈာန်နဲ့ အဝေးကြီးနော်၊ တွေးချင်ရာတွေးနေပြီးတော့ ဈာန်ဝင်စားတယ်လို့ပြောလို့
ဘယ်ရမလဲ၊ ဟိုက အာရုံ ၁-ခုလေးအပေါ်မှာ တည်ငြိမ်ပြီးတော့ နေတာ။
“ဈာန” ဆိုတဲ့ အဓိပ္ပာယ်က အနီးကပ်ရှုမှတ်ပြီးတော့ အာရုံနဲ့စိတ်
ကပ်နေတဲ့သဘောကို ပြောတာ၊ တစ်နည်းအားဖြင့် ဈာန် ဆိုတာ ဆန့်ကျင်ဘက် နီဝရဏတရားတွေကို
လောင်ကျွမ်းပစ်လိုက်တယ်၊ ဖျက်ဆီးပစ်လိုက်တယ်လို့ အဓိပ္ပာယ်ရတယ်၊ အဲဒီဈာန ဆိုတာ ဘယ်သူ့ကို
ခေါ်တာတုန်းဆိုရရင် ခုနက ဈာန်အင်္ဂါ ၅-ပါး၊ Unity of Jhana factor ကိုပြောတာ။ အဲဒီ ၅-ခုနဲ့
ထိန်းထားလိုက်တာတဲ့၊ ဒါ စိတ်ကိုလေ့ကျင့်တဲ့ ဖြစ်စဉ်ဟာ အဲဒီပုံစံနဲ့သွားလို့ ပြောတာနော်။
ပထမဆုံးရတဲ့အချိန်မှာ ဈာန် ၁-ကြိမ်ပဲ
ဖြစ်တယ်၊ ဒုတိယ တတိယ အောင်မြင်သွားပြီဆိုတဲ့အခါ ဆက်လက်ထိန်းတဲ့အခါမှာ အကြိမ်နဲ့မပြောတော့ဘူး၊ ၁-နာရီကြာဖြစ်မယ်၊ ၁-ရက်ကြာမယ်၊ဟုတ်လား အကြိမ်ဆိုရင်
ပြောလို့မရတော့ဘူး၊ ဘာဖြစလို့တုန်းဆိုတော့ လက်ဖျစ်တစ်တွက်အတွင်းမျာ ကုဋေ တစ်သိန်းခန့်
ဖြစ်နိုင်တာကိုး၊ ဈာန်စိတ်တွေချည်းပဲ ဆက်လက်ဖြစ်တာကို ဈာန်ဝင်စားနေတယ်လို့ ပြောတာ။
အဲဒီနေရာမှာလည်းမဲ လေ့ကျင့်ခန်းတွေအများကြီး လုပ်ရတယ်၊ အဲဒီ လေ့ကျင့်ခန်းတွေ အများကြီးလုပ်လို့
စွမ်းရည်သတ္တိတွေ ပြည့်လာတာကို “ဝသီဘော်” လို့ခေါ်တယ်နော်။
ဝသီဘော်ဆိုတာ ဝသီဘာဝ က လာတာ။ ဝသီဘာဝမှာ
ဝသ ဆိုတာ စွမ်းရည်သတ္တိ၊ စွမ်းရည်သတ္တိရှိတာကို ဝသီဘာဝ၊ မြန်မာလို ဝသီဘော်လို့ ပြန်လိုက်တဲ့အခါကျတော့
အဓိပ္ပာယ် မပေါ်ဘူးပေါ့၊ စွမ်းရည်သတ္တိတွေ ရလာအောင် လေ့ကျင့်ယူတာ၊ အားကစားသမားတွေလည်း
လေ့ကျင့်တာပဲ မဟုတ်လား? မလေ့ကျင့်ဘဲနှင့် စွမ်းရည်တွေ ရလာတာ မဟုတ်ဘူး၊ သူတို့မှာ အမြဲလေ့ကျင့်နေရတာ၊
အဲဒီလိုပဲ ဈာန်ဝင်စားတဲ့ ပုဂ္ဂိုလ်ကလည်း လေ့ကျင့်ရတယ်။
လေ့ကျင့်တဲ့အခါ ‘အာဝဇ္ဇန’ - ခဏလေး ဆင်ခြင်ရုံနဲ့ အမြင်ဆင်ခြင်လို့ရတဲ့ နည်းစနစ်၊
စိတ် သွက်လက်လာအောင် လေ့ကျင့်ပေးရခြင်း၊ ‘သမာပဇ္ဇန’ - ကိုယ်ဝင်စားချင်တဲ့အချိန် ဖျက်ခနဲဝင်စားလို့ရအောင် လေ့ကျင့်ရတယ်၊
‘အဓိဋ္ဌာန’ - ကိုယ့်စိတ်ထဲမှာ ပိုင်းခြားထားတဲ့ အချိန်အတိုင်း လုပ်လို့ရအောင်
လုပ်ရတယ်၊ ‘ဝုဋ္ဌာန’ - ကိုယ် ထ,ချင်တဲ့အချိန်၊ ရုပ်သိမ်းချင်တဲ့ အချိန် ထိလို့ရအောင်
လေ့ကျင့်တယ်။ ထချင်တဲ့ အချိန်ဆိုတာ ဈာန်ဝင်စားမှုကို ရပ်တန့်တာကို ပြောတာနော်၊) ရပ်တန့်ချင်တဲ့
အချိန်ရပ်လို့ရအောင် လေ့ကျင့်တာ၊ အရှိန်အဟုတ်နဲ့ ပြေးနေတာ၊ ရပ်ချင်တယ်ဆိုတာ ချက်ချင်းရလို့ဘယ်ရမလဲ၊
လေ့ကျင့်ပေးလို့ရှိရင် ချက်ချင်း ရပ်လို့ရတယ်၊ ဥပမာ ၁-နာရာရီတိတိ ဝင်စားတယ် ဆိုရင်
၁-နာရီတိတိ အချိန်မှာ ထနိုင်အောင် လေ့ကျင့်ခန်းတွေ အများကြီးယူရတယ်။ ယူလိုက်တဲ့အခါ
၁-နာရီကနေပြီးတော့ ၁-နာရီ အသံကလေး ဒင်ကနဲကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဈာန်ကလည်း ရပ်ပစ်လိုက်တာ၊
ရပ်ပစ်လိုက်တဲ့အခါကျတော့ ပင်ကိုယ် စိတ်တွေ ပြန်ဝင်လာတယ်ပေါ့၊ ဒီလိုဆိုလိုတာ၊ အဲဒါကို
‘ဝုဋ္ဌာနဝသီဘော်’ လို့ခေါ်တယ်။
ဆင်ခြင်မှု သွက်လက်တာက “အာဝဇ္ဇန”၊ ဝင်စားတာသွက်လက်တာက စွမ်းရည်သတ္တိရှိတာက
“သမာပဇ္ဇန”၊ အဓိဋ္ဌာန်တဲ့အတိုင်း ဖြစ်တာက “အဓိဋ္ဌာန”၊ ချက်ချင်းရပ်တန့်နိုင်တာက “ဝုဋ္ဌာန”၊ နောက် “ပစ္စဝေက္ခဏ” ဆိုတာ ကိုယ်ဝင်စားတဲ့ဈာန်ကို ပြန်ပြီးတော့
ဆင်ခြင်တာတွေ တွေးတောတာ၊ စွမ်းရည်သတ္တိတွေ၊
အပြည့်အဝရတယ်၊ အဲဒီလို လေ့ကျင့်ယူတာ၊ ဒါ - စိတ်ကို အာရုံနဲ့ လေ့ကျင့်တယ်ဆိုတဲ့
ဒီနည်းစနစ်ကို ပြောတာနော်၊ ဒါတွေလည်းပဲ စိတ်ဖြစ်စဉ်ထဲမှာ ပါတာပဲ၊ မလေ့ကျင့်ရင် အဲဒီအဆင့်အတန်းမျိုး
ဘုန်းကြီးတို့တတွေ မရောက်နိုင်ဘူးတဲ့။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။