Saturday, January 19, 2013

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၂၉) အခန်း - ၆ စိတ်ကိုအာရုံနှင့် လေ့ကျင့်ခြင်း{ဈာန်အကြောင်း}




ဒုတိယဈာန်ဖြစ်ပုံ

                   ကဲ - ကောင်းပြီ၊ အခုလို ပထမဈာန်အဆင့် ရသွားပြီဆိုရင် ရှေ့ကို ဆက်သွားစရာလမ်းကြောင်း ရှိသေးလားဆိုရင် ရှိသေးတယ်၊ ဆက်သွားချင်သေးတယ်ဆိုရင် သွားလို့ရသေးတယ်၊ သမာဓိစွမ်းအားတွေကို တိုးမြှင့်ဖို့ရန် ဘာလုပ်ရမလဲ၊ ခုနက ပထမဈာန်ဆိုတာ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဆိုတာ ဒီ ၅-ခုနဲ့ ဖွဲ့စည်းထားတာ အဲဒီထဲမှာ ဝိတက် ဆိုတာ စိတ်ကို အာရုံပေါ် တင်တင်ပေးနေတဲ့ သဘောလေး၊ မြန်မာလိုဆိုတော့ တွေးပေးနေတဲ့ သဘော။ အဲဒီ တွေးနေရတာကိုက စိတ်ရဲ့လှုပ်ရှားမှု၊ သမာဓိရဲ့ အနှောင့်အယှက် ဖြစ်တယ်လို့ မြင်လာတယ်၊ ဒီအတွေးမပါရင် ကောင်းမှာပဲ၊ ဒီအတွေးက အာရုံပေါ်မှာ တင်တင်ပေးနေရတာ အနှောင့်အယှက်ဖြစ်တယ်။ အတွေးပျောက်အောင် သမာဓိစွမ်းအားတွေ တိုးမြှင့်လိုက်တဲ့အခါ အဲဒီ ဝိတက်လေး ပြုတ်ကျသွားပြီး ဝိတက်လေးမပါဘဲနဲ့ အာရုံနဲ့စိတ်တွေ့သွားတယ်၊ ဝိတက်ဆိုတဲ့ အင်္ဂါကို ဖယ်ရှားပစ်လိုက်တာ၊ ဝိတက် ပြုတ်သွားလို့ ဒုတိယဈာန်အဆင့်လို့ ခေါ်တယ်။


                   ဒုတိယဈာန်အဆင့် ရောက်တဲ့အခါ ဝိတက်ရဲ့ လှုပ်ရှားမှုလေးက ငြိမ်ကျသွားတယ်၊ ငြိမ်ကျသွားပြီး စိတ်နဲ့အာရုံ ကွဲမသွားအောင် တွဲပေးထားတဲ့ ဝိစာရသာ ရှိတော့တယ်၊ ဝိစာရရယ် ပီတိရယ် သုခရယ် ဧကဂ္ဂတာရယ် အဲဒီ ၄-ခုနဲ့ ဖွဲ့စည်းလိုက်တဲ့အခါ လှုပ်ရှားမှု တော်တော်လေး ငြိမ်ကျသွားတယ်၊ အဲဒါဟာ ဒုတိယဈာန်အဆင့်လို့ခေါ်တယ်၊ သမာဓိစွမ်းအား တက်လာသည့်အတွက်ကြောင့် သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ ချမ်းသာသုခ- သမာဓိဇ ပီတိသုခ၊ ခုနတုန်းက ဝိဝေကဇ ပီတိသုခ - ကာမဂုဏ်အာရုံတွေက လွတ်သွားတဲ့ ချမ်းသာသုခ၊ အခုဟာကျတော့ သမာဓိဇ ပီတိသုခ - သမာဓိစွမ်းအားကြောင့် ရရှိလာတဲ့ ချမ်းသာသုခလို့ ဖြစ်ပေါ်လာတယ်။
         
အင်္ဂါ ၃-ခုနဲ့ ဒုတိယ(တတိယ)ဈာန်

                   အဲဒီနေရာမှာ တချို့ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျတော့  ဝိတက်နဲ့ ဝိစာရ ၂-ခုစလုံးကို တစ်ခါတည်း ကျော်ပစ်လိုက်နိုင်တာလည်း ရှိတယ်၊ (များသောအားဖြင့် သုတ္တန်ပါဠိတော်တွေမှာ စတုက္ကနည်းလို့ခေါ်တဲ့ ဈာန် ၄-မျိုးပဲ ပြတယ်၊ ဈာန် ၅-မျိုး မပြဘူး၊) ဝိတက်နဲ့ ဝိစာရက သဘောချင်းတူတယ်၊ အာရုံပေါ်မှာ တင်ပေးထားတယ်,တင်ပေးထားတဲ့အတိုင်း ကွာမသွားအောင် ထိန်းပေးထားတယ်ဆိုတာ ဒါတွေ အနှောင့်အယှက်ဖြစ်တယ်လို့ဆိုပြီး ဒီ ၂-ခုကို ဖယ်ရှားပစ်လိုက်တယ်၊ ဒုတိယဈာန်အဆင့် ရောက်သွားတယ်။

                   ဒုတိယဈာန်အဆင့် ရောက်သွားလို့ရှိရင် ပီတိ သုခ ဧကဂ္ဂတာ ဆိုတဲ့ ဒီစိတ်အခြေအနေ ၃-ရပ်နဲ့ပဲ ကျေနပ်ပြီးတော့ နေတယ်၊ ဒါကျတော့ သပ္ပီတိကသုခ လို့ ခေါ်တယ်၊ ပီတိပါတဲ့ ချမ်းသာကို ခံစားရတယ်၊ အဲဒါကို တတိယဈာန်အဆင့်လို့လည်း ပြောလို့ ရသွားတယ်နော်၊ ပီတိပါနေသေးတော့ တတိယဈာန်အဆင့်လို့ ဒီလိုပြောလိုက်တယ်၊ တစ်ခါ ပီတိရဲ့ သဘောကို ဈန်ရ,ထားတဲ့ တတိယဈာန်အဆင့်လို့ ဒီလို ပြောလိုက်တယ်။

တတိယဈာန်ဖြစ်ပုံ

                   တစ်ခါ ပီတိရဲ့ သဘောကို ဈန်ရ,ထားတဲ့ ပုဂ္ဂိုလ်က ဆင်ခြင်သုံးသပ်လိုက်တဲ့အခါမှာ ပီတိဆိုတာ စိတ်ပျော်ပြီးတော့ လှိုက်လှိုက်လှဲလှဲဖြစ်နေတာ၊ တသိမ့်သိမ့်နဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တက်တာ၊ စိတ်မှာဖြစ်တက်တဲ့ လှုပ်ရှားမှုကလေးတစ်ခုက ဖြစ်နေတယ်၊ ဒါဟာလည်း သမာဓိစွမ်းအားကို တစ်ဖက်တစ်လမ်းကနေ အနှောင့်အယှက် ပေးနေသလို ဖြစ်တယ်ပေါ့၊ ဟုတ်ကဲ့လား? ဒီကျေနပ်နေတဲ့ ပီတိလေးက သမာဓိစွမ်းအားကို အနှောင့်အယှက် ပေးနေသလိုဖြစ်လို့ ပီတိကို မလိုချင်တော့ဘူး၊ နောက်ထပ် ပီတိ မဖြစ်ချင်အောင် သမာဓိစွမ်းအာ တိုးမြှင်လိုက်တဲ့အခါ စတုတ္ထအကြိမ်မှာ သုခဧကဂ္ဂတာ ဆိုတဲ့ ဟောဒီ  အင်္ဂါ ၂-ရပ်နဲ့ ဈာန်ကို ဖွဲ့စည်းရပ်တည်သွားတယ်၊ ခုနက ပြောခဲ့တဲ့ အာရုံလေးပေါ်မှာပဲနော်၊ ခုနက သြဒါတကသိုဏ်း အာရုံလေးပေါ်မှာ ဟောဒီလို ပြောင်းလဲပြောင်းလဲပြီးတော့ လုပ်သွားတာ၊ အဲဒါကျတော့ နိပ္ပီတိကသုခ လို့ ခေါ်တယ်၊ ပီတိကင်းမဲ့တဲ့ချမ်းသာ ချမ်းသာတာက ပီတိရှိတဲ့ချမ်းသာတာက တစ်မျိုးတဲ့၊ ဒါတွေက လူတွေ နားလည်ဖို့ အင်မတန် ခက်တယ်ပေါ့၊ ဘာဖြစ်လို့တုန်းဆိုရင် သာမန်နေ့စဉ်မှာ ခံစားဖို့ရန် ခက်ခဲတဲ့အရာတွေပေါ့။

စတုတ္ထ(ပဉ္စမ)ဈာန်ဖြစ်ပုံ

                   အဲဒီ ပီတိမဲ့ချမ်းသာကိုရလာပြီ ဆိုတဲ့အခါ အဲဒီပုဂ္ဂိုလ်က စဉ်းစားတယ်၊ အဲဒီ ချမ်းသာနေတာကိုက ခန္ဓာကိုယ်မှာ တသိမ့်သိမ့်လေး ဖြစ်နေတယ်၊ ခန္ဓာကိုယ်ရဲ့အေးချမ်းမှု၊ စိတ်ရဲအေးချမ်းမှုလေး ဖြစ်နေတယ်။ တစ်နည်းအားဖြင့် ချမ်းသာဟာ လှုပ်ရှားမှုကလေး ဖြစ်နေသေးတယ်၊ ဖီလင်က သိသာနေသေးတယ်ပေါ့၊ ဒီသိသာနေတဲ့ ဖီလင်ကို မလိုချင်ဘူးတဲ့၊ လုံးဝကို ငြိမ်သွားတာကို လိုချင်တယ်။ ဒါကြောင့် သုခကိုဖယ်ရှားဖို့ ကြိုးစားလိုက်တဲ့အခါ စတုတ္ထဈာန် (သို့မဟုတ်) ပဉ္စမဈာန်အဆင့်ကို ရောက်သွားပြီ၊ ဝေဒနာဆိုတာ လုံးဝဖယ်ရှားလို့ မရသည့်အတွက်ကြောင့်ဝေဒနာကို reduce လုပ်လိုက်တဲ့အခါ ဥပေက္ခာ ဖြစ်သွားတယ်ပေါ့၊ ဟုတ်ကဲ့လား?

                   ဥပေက္ခာဆိုတာ အဒုက္ခ မသုခ = ချမ်းသာတာလည်း မဟုတ်ဘူး၊ ဆင်းရဲတာလည်း မဟုတ်ဘူး တဲ့၊ ကိုယ့်ဟာကို ဥပေက္ခာ အရသာလေး ခံစားကြည့်ပေါ့၊ လူတွေ တစ်ခါတစ်လေကျ ပျော်တာလည်းမဟုတ်၊ ပျင်းတာလးမဟုတ် - ရှိတယ်မဟုတ်လား? ဝမ်းသာတာလည်း မဟုတ်၊ ဝမ်းနည်းတာလည်း မဟုတ် ဆိုတာ စပ်ကြားကလေးခံစားနေတာ တည်ငြိမ်တဲ့ ခံစားမှုလေး။ အဲဒီမှာ ဥပေက္ခာ ဖြစ်လာတဲ့အခါ ဥပေက္ခာပါရိသုဒ္ဓိ - ဥပေက္ခာနဲ့ တည်ငြိမ်တဲ့ချမ်းသာကို ခံစားရတယ်။

                   ရှေ့ပိုင်းက သမာဓိရဲ့ စွမ်းအားနဲ့ အနှောင့်အယှက်ဖြစ်တဲ့ ဝိတက်ကို ဖယ်ရှားလိုက်တယ်၊ ဝိစာရကိုလည်း ဖယ်ရှားလိုက်တယ်၊ ပီတိကိုလည်း ဖယ်ရှားပစ်လိုက်တယ်၊ သုခကိုလည်း ဖယ်ရှားပစ်လိုက်တယ်၊ သမာဓိရဲ့ စွမ်းအားတွေက ပိုမိုတက်မသွား ဘူးလား? လုံးဝ အနှောင့်အယှက်ကင်းသွားတော့ တည်ငြိမ်မှု တစ်ခုတည်း ရပ်တည်နေတယ်တဲ့။ ဥပေက္ခာဆိုတဲ့  ခံစားမှုက မထင်ရှားတဲ့ ခံစားမှု၊ တည်ငြိမ်တဲ့ခံစားမှုနဲ့ ရပ်တည်နေသည့်အတွက်ကြောင့် စတုတ္ထ (သို့) ပဉ္စမဈာန် အဆင့်ဟာ လုံးဝအဆင့်မြင့်သွားတယ်၊ အမြင့်ဆုံးအဆင့် ရောက်သွားပြီတဲ့။

                   ဒီထက်ပိုပြီးတော့ reduce လုပ်လို့ မရတော့ဘူးတဲ့၊ စိတ်က ဒီထက်ပိုပြီးတော့ လုပ်ပစ်လိုက်လို့က မရဘူးတဲ့၊  ဝေဒနာကို လုံးဝကင်းအောင် လုပ်လို့မရဘူးနော်။ အေး - ဒီနေရာမှာ ဥပေက္ခာ ဧကဂ္ဂတာ ၂-ခုနဲ့ ဖွဲ့စည်းထားတဲ့ စတုတ္ထ(သို့) ပဉ္စမဈာန် အဆင့်ရောက်လာပြီဆိုရင် သမာဓိစွမ်းအားတွေ အလွန် အားကောင်းတယ်၊ အလွန်အားကောင်းသည့်အတွက်ကြောင့် ဒီနေရာမှာ အဘိညာဉ် ဆိုတဲ့ တန်ခိုးတွေ ကို ဖြစ်ပေါ်စေနိုင်တယ်။

                   သမာဓိစွမ်းအားနဲ့ စိတ်ညွှတ်လိုက်ရင် ဖြစ်လာတယ်။ ဆိုပါစို့၊ ငါထိုင်နေတဲ့ မြေကြီးအောက်မှာ ဘာတွေရှိသလဲ? ကြည့်ချင်လာတယ်၊ ကြည့်ချင်လာပြီဆိုရင် သူက ဒိဗ္ဗစက္ခုပရိကံ လုပ်လိုက်ရင် မျက်စိအမြင်တစ်မျိုးရတယ်၊ အဘိညာဉ်အမြင်တစ်မျိုး ရလာတယ်၊ သို့မဟုတ် သိပ်ဝေးတဲ့ နေရာကအရာကို လှမ်းကြည့်ချင်တယ်၊ တောင်ကြီးတစ်တောင်ထဲမှာ ဘာတွေရှိတုန်း? ကြည်ချင်တယ်၊ ငရဲဆိုတာရှိလား ကြည့်ချင်လာတယ်၊ နတ်ပြည် ဆိုတာရှိလား ကြည့်ချင်လာတယ်၊ ဗြဟ္မာတွေဆိုတာ ရှိသလား ကြည့်ချင်လာတယ်၊ ဒိဗ္ဗစက္ခုဆိုတဲ့ အဘိညာဉ်တစ်ခုရလာပြီး စိတ်ညွှတ်လိုက်ရင် မြင်နိုင်တယ်။

                   ဒိဗ္ဗစက္ခုရတဲ့အခါမှာ ဒီအတိုင်း ကြည့်လို့ရမလားဆို၇င် ဒီအတိုင်း ကြည့်လို့တော့ မရဘူး၊ စနစ်တကျ အလုပ်လုပ်ရတယ်၊ ဘယ်အရာပဲဖြစ်ဖြစ် စနစ်ကျမှရတယ်။ ညမှောင်ကြီးထဲ ကြည့်ချင်ရင် ဓာတ်မီးလေးနဲ့ ထိုးကြည့်ရယ် မဟုတ်လား၊ အမှောင်ကြီးထဲမှာ မျက်စိက မြင်ရရဲ့လား? ကိုယ်ကြည့်ချင်တဲ့အရာ ခပ်လှမ်းလှမ်းကို လှမ်းကြည့်ချင်ရင် ဓာတ်မီးနဲ့ ထိုးကြည့်ကြတယ် မဟုတ်လား?။

                   အဲဒီမျိုးလိုပဲ ဒိဗ္ဗစက္ခုအဘိညာဏ်ရတဲ့ ပုဂ္ဂိုလ်ဟာလည်း တောင်ကြီးထဲမှာ ဘာရှိတုန်း ကြည့်ချင်ရင် အဲဒီ ကိုယ်ကြည့်ချင်တဲ့ တောင်ထဲကို အလင်ရောင်ဖြန့်ရတယ်၊ ဓာတ်မီးထိုးတဲ့သဘောပဲ၊ အဲဒါ ဖြန့်လိုက်တဲ့အခါမှ လင်းနေတဲ့ရောတွေကို အကုန်ကြည့်လို့ရတယ်၊ အဲဒီ လင်းတဲ့နေရာ အတိုင်းအတာလည်း ကိုယ့်စိတ်တိုင်းကျ လုပ်လို့ရတယ်၊ တစ်တောင်လုံး လင်းချင်သလား သို့မဟုတ် ကိုယ်ကြည့်ချင်တဲ့ နေရာပိုင်းလောက်ပဲ လင်းချင်သလား? လောကကြီးတစ်ခုလုံး လင်းသွားအောင် လုပ်ပြီးတော့ အကုန်လုံးကြည့်မှာလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။

                   ကိုယ်ထိုင်နေတဲ့ မြေကြီးအောင် ဆိုလို့ဂရှိရင်လည်း ကိုယ်ထိုင်နေတဲ့ နေရာ ကွက်ကွက်ကလေး အလင်းရောင်ဖြန့်မယ်ပေါ့၊ ဟော ဒါကျတော့ သူ့ရဲ့ဆန္ဒ သူ့ရဲ့ wish အတိုင်း သွားမှာပဲနော်၊ သို့သော် အလင်းရောင်မပါဘဲနဲ့ ဒိဗ္ဗစက္ခုဆိုတာ မဖြစ်ဘူးတဲ့၊ အဲဒီတော့ ဒိဗ္ဗစက္ခုအဘိညာဏ်နဲ့ ကြည့်ချင်ရင် ပဉ္စမဈာန်ဝင်စား အလင်းရောင်ဖြန့်၊ အဘိညာဏ်နဲ့ဖန်ဆင်း၊ ဖန်းဆင်းလိုက်လို့ရှိရင် ခုန ကိုယ်ကြည့်ချင်တာတွေ ကြည့်လို့ရတယ်။

                   နားနဲ့ရော၊ နားကျပ်မလိုဘူး၊ ဒိဗ္ဗသောတနဲ့ သိကြားမင်းက တာဝတိံသာ နတ်ပြည်မှာ အစည်းအဝေးလုပ်နေရင် ဘာတွေ ပြောနေတာလဲလို့ နားထောင်ကြည့်ချင် ကြည့်လို့ရတယ်၊ ဟုတ်လား? နတ်ပြည်မှာ ဘာတွေ ပြောနေကြသလဲလို့ နားထောင်ချင်တယ်ဆိုရင် ဘယ်လောက်ဝေးတဲ့ နေရာပဲဖြစ်ဖြစ် ခုန သမာဓိတွေကို မြှင့်တင်လိုက်တာ၊ မြှင့်တင်လိုက်တဲ့အခါ ကိုယ် သတ်မှတ်ထားတဲ့ နယ်ပယ်အတွင်းမှာရှိတဲ့ အသံတွေကို ကြားလာရတယ်၊ ကိုယ်ကြားချင်တာတွေ ကြားလာတယ်၊ ဒါကို ဒိဗ္ဗသောတအဘိညာဏ် လို့ ခေါ်တယ်။

                   ဣဒ္ဓိဝိဓအဘိညာဉ်ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းတာ၊ တစ်ယောက်တည်းကနေ နှစ်ယောက်ဖြစ်တယ်၊ နှစ်ယောက်ကနေ သုံးယောက်ဖြစ်တယ်၊ တစ်ယောက်တည်းကနေ တစ်ထောင်ဖြစ်တယ်၊ ကိုယ်ပွား ဖန်ဆင်းလို့ရတယ်၊ ခုခေတ်လည်း အဲဒါမျိုးလုပ်ကြတာပဲလေ၊ ရှေ့ကနေ မှန် ၁-ချပ်ထောင်၊ ဟိုဘက်က မှန် ၁-ချုပ်ထောင်လိုက်ရင် အဲဒါ သိန်းသန်းဘုရားဆိုပြီး လုပ်ထားကြတာရှိတယ်လေ၊ မှန်တွေထောင်ပြီးပွားထားတာ၊ အဲဒီဣဒ္ဓိဝိဓအဘိညာဉ် ဆိုတာ အဲဒီလို တန်ခိုးနဲ့ ၁-ဦးတည်းကနေ ၂-ဦးဖြစ်အောင် လုပ်တယ်၊ ပေးလာတာကို ပျောက်သွားအောင် လုပ်နိုင်တယ်၊ ပျောက်နေတာဟာ ဘွားကနဲ ပေါ်လာအောင် လုပ်နိုင်တယ်။ အမျိုးစုံပဲ၊ အဲဒါတွေဟာ စိတ်စွမ်းအားကို ပိုင်ဆိုင်သွားပြီ၊ အဘိညာဉ်တွေရပြီ ဆိုရင် အကုန်လုပ်လို့ရတယ်၊ ဒါလည်းပဲ စနစ်ကျရင် လုပ်လို့ရတယ်၊ စနစ်မကျရင် ဘယ်ဟာမှ မအောင်မြင်ဘူးတဲ့။

                   မြင်ဖူးကြပါလိမ့်မယ်၊ ရုပ်ရှင်ကားတွေထဲမှာ တရုတ်ပြည်က မဟာတံတိုင်းကြိးကို ဟိုဘက်ဖောက်ပြီး ဝင်သွားတာတွေနော်၊ အဲဒါက ရုပ်ရှင်ထဲရိုက်ပြတာ၊ တကယ်ဖြစ်တာ မဟုတ်ဘူး။ အဘိညာဉ်နဲ့က စနစ်တကျလုပ်ရတယ်၊ တောင်ကြီးထဲကို ဝင်သွားချင်တယ်ဆိုလို့ရှိရင် ဘာလုပ်မတုန်း၊ ကိုယ်ဝင်မယ့် နေရာကို အပေါက်ဖြစ်အောင် အရင်ဖန်တီးရတယ်၊ အပေါက်မရှိဘဲ ဒီအတိုင်းတိုးဝင်လာလို့ကတော့ မရတာသေချာတယ်။ ဝင်ချင်ပြီဆိုလို့ရှိရင် အပေါက်ကို အရင်ဖန်တီး, ဖန်တီးပြိးတော့မှ အဲဒိ အထဲကိုဝင်ရတယ်။

                   အဲဒီအဘိညာဉ်တွေနဲ့ ပတ်သက်လာလို့ရှိရင် ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်က အလွန်ကြည်ညိုစရာကောင်းတယ်၊ ဣဒ္ဓိဝိဓအဘိညာဉ်ကိစ္စ နေ့တိုင်း လေ့ကျင့်တယ်၊ အားရင် ဒါပဲလုပ်နေတယ်၊ ဒါကြောင့်မို့ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမတဲ့အခါမှာ တခြားကိုယ်တော်တွေကို မြတ်စွာဘုရားက ဆုံးမဖို့ ခွင့်မပေးဘူး၊ ဘာလို့တုန်းဆို သူ့လောက်မြန်မြန် မလုပ်နိုင်ကြဘူး၊ တန်းခိုးတော့ ရှိတယ်၊ ရှိပေမယ့်လို့ နှေးနေတယ်၊ နှေးနေရင် ကိုယ်ခံရမှာပဲလေ၊ ရှင်မဟာမောဂ္ဂလာန်လို သွက်လက်တာ၊ ဓားသိုင်းသမားတွေလိုပေါ့၊ အမြဲတမ်း လေ့ကျင့်ရတယ်၊ မလေ့ကျင့်ရင် ကိုယ်ကနှေးလို့ တစ်စက္ကန့် နောက်ကျသွားရင် ကိုယ်ခံလိုက်ရမှာပဲ၊ ဒါကြောင့်မို့ ရှင်မဟာမောဂ္ဂလာန်တစ်ပါးကိုပဲ မြတ်စွာဘုရားက ခွင့်ပြုတယ်။

                   ဘယ်နေရာမှာ အခက်ဆုံးလဲဆိုရင် နဂါးကြီးရဲ ပါးစပ်ထဲဝင်ပြီး ပြန်အထွက် သင် ဘယ်သူလဲ ငါ မောဂ္ဂလာန် မောဂ္ဂလာန်ဆိုပြစမ်းပါ ဆိုပြီး အရှင်မောဂ္ဂလာန်ပုံ ဖန်ဆင်းပြရတဲ့ အချိန်ပိုင်းကလေးမှာ နဂါးက ဖူးကနဲ လေမှုတ်လိုက်တာ၊ အဲဒီအချိန်ပိုင်းကလေးမှာ မကာကွယ်လိုက်နိုင်ရင် သွားပြီ။ ရဟန္တာပေမယ့် ပြာဖြစ်သွားမှာပဲ၊ အဲဒီအဆင့်ကလေးဟာ အလွန်မြန်ဖို့လိုတယ်လို့ ပြောတာနော်။ ရှင်မဟာမောဂ္ဂလာန်က ဒီနေရာမှာ လေ့ကျင့်ထားလို့ အကျွမ်းကျင်ဆုံးပဲ။



***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
***  ဆက်လက်ပူဇော်ပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ