အခုလည်း ကောင်းပြီ
- ရှင်စူဠပန်ကို ပုဝါဖြူကလေးပေးတယ်ဆိုတာ အတိတ်ဘဝနဲ့ စပ်ပြီးတော့ပေးတာ၊ လူတိုင်းကို
ပေးတာ မဟုတ်ဘူး၊ ရှင်းစူဠပန်ကို ပုဝါဖြူကလေး လေးလိုက်တာဟာ အတိတ်ဘဝတုန်းက ပုဝါလေးမှာ
သြဒါတကသိုဏ်းကို လေ့ကျင့်ခဲ့ဖူးတယ်၊ လေ့ကျင့်ပြီးတော့ ဈာန်အဘိညာဏ်တွေ ရခဲ့ဖူးတယ်၊
အဲဒီဘဝက အရှိန်အဝါလေးကို မြတ်စွာဘုရားက စုစည်းပေးလိုက်တာ၊ စုစည်းပေးလိုက်တော့ ဒီ ဖြူဆွတ်နေတဲ့
ပုဝါဆိုတဲ့ အဖြူအာရုံလေးမှာ စိတ်ကို လေ့ကျင့်ပေးတာ၊ ပုဝါဖြူကလေးကို ရှေ့ချ၊ ချပြီးတဲ့အခါမှာ
ထိုပုဝါအဖြူရောင်လေးကို စိုက်ပြီးကြည့်တယ်၊ စာလိုပြောရင် သြဒါတကသိုဏ်း ရှုတယ်ပေါ့၊ “အဖြူ အဖြူ” လို့ စိတ်ထဲက မှတ်ပြီးတော့ နေတယ်၊
အဲဒီလို မျက်စိဖွင့်ပြီးတော့ အဖြူအာရုံလေးကိုမျက်စိနဲ့ မှတ်နေတာကို “ပရိကမ္မနိမိတ်” လို့ ခေါ်တယ်၊ အာရုံနိမိတ်တစ်ခုကို
ယူနေတာ၊ စိတ်ကို ဘာနဲ့လေ့ကျင့်နေတာတုန်း ? အာရုံနဲ့လေ့ကျင့်နေတာ၊ အဲဒါလည်းပဲ စိတ်ဖြစ်စဉ်
တစ်ခုတည်းမှာ ပါတယ်၊ ဒါ သာမန်နဲ့ မရဘူး၊ ရိုးရာမဟုတ်ဘူး။
အဲဒါက အာရုံကို စိတ်နဲ့လေ့ကျင့်နေတာ၊
ကြည့် - အဖြူ အဖြူနဲ့ လေ့ကျင့်နေတဲ့အခါ ဒီ သူလေ့ကျင့်နေတဲ့ အာရုံလေးဟာ “ပရိကမ္မနိမိတ်”၊ ပြင်တင်ပြီးတော့ထားတဲ့ အာရုံလေးတစ်ခုအပေါ်မှာ
စိတ်ကို ပြင်ဆင်လေ့ကျင့်နေတာ၊ အဲဒီလို လေ့ကျင့်လိုက်တဲ့ အခါ မကြာခင်ပဲ အဖြူအာရုံလေးဟာ
စိတ်ထဲမှာ စွဲထင်သွားတယ်၊ ကင်မရာနဲ့ ရိုက်ယူလိုက်သလိုပဲ စိတ်ထဲမှာ စွဲထင်သွားတယ်၊ အဲဒီတော့
စွဲထင်သွားတဲ့ အာရုံလေးကိုကျတော့ “ဥဂ္ဂဟနိမိတ်” လို့ခေါ်တယ်၊ မျက်စိနဲ့ ကြည့်စရာမလိုဘူး။
မျက်စိကြည့်နေတဲ့အချိန် ဝီထိစိတ်နဲ့
ပြောမယ်ဆိုလို့ရှိရင် ဘာတုန်း စက္ခုဒွါရဝီထိစိတ်တွေ ဖြစ်နေတယ်၊ ဟုတ်ကဲ့လား? အဲဒီဇောစိတ်တွေက
အဖြူအာရုံကို အာရုံပြုပြီးနေတယ်၊ ဇောစိတ်တွေ အကြိမ်ကြိမ်ဖြစ်လို့ စိတ်ထဲမှာ စွဲထင်သွားပြီ
ဖလင်ထဲမှာ ရုပ်ပုံလေး သို့မဟုတ် အခု digital chip ပြားမှာ ရုပ်ပုံလေး ထင်သွားသလို ထင်သွားပြီ
ဆိုတဲ့အခါကျတော့ “ဥဂ္ဂဟနိမိတ်” ဆိုတာ ပေါ်လာတယ်။
ပရိကမ္မနိမိတ်မှာ လုပ်နေတဲ့ သမာဓိက
“ပရိကမ္မသမာဓိ” လို့ ခေါ်တယ်၊ မျက်စိနဲ့ကြည့်ပြီးတော့ စိတ်နဲ့မှတ်နေတာ၊
စိတ်ကို အဖြူအာရုံပေါ်မှာ အလုပ်လုပ်နေတယ်၊ လေ့ကျင့်ပေးနေတယ်၊ လေ့ကျင့်ပေးနေလို့ စိတ်က
စွဲပြီဆိုတာနဲ့ တစ်ပြိုင်နက် ဥဂ္ဂဟနိမိတ်တဲ့၊
စိတ်နဲ့မှတ်ထားလိုက်နိုင်ပြီ၊ အဲဒီအာရုံကို စိတ်စွမ်းနဲ့ မှတ်ထားလိုက်နိုင်ပြီ၊
စိတ်ထဲမှာ ရောက်သွားပြီ ဆိုကတည်းက ခုနက လေ့ကျင့်ထားတဲ့အာရုံထက် ပိုပြီးတော့ ပီပြင်လာတယ်၊
စိတ်တည်ငြိမ်မှုတွေကလည်း ပိုလာတယ်၊ ဒါ အာရုံနဲ့ စိတ်ကို လေ့ကျင့်တာ။
သာမန်မြင်ရင်တော့ အမြင်ပဲလေ၊ လူတွေ
မျက်စိဖွင့်ရင် မျက်စိရှိတဲ့သူတွေ မြင်နေကြတာပဲ၊ ဟိုဟာမြင် ဒါမြင် မြင်နေကြတာပဲ မျက်စိက၊
ဟော အခုက လေ့ကျင့်ယူလိုက်တာဆိုတာ ပရိကမ္မနိမိတ်အပေါ်မှာ လေ့ကျင့်လိုက်တဲ့အခါ ဥဂ္ဂဟနိမိတ်ရလာပြီ၊
သမာဓိလေးလည်း အတော်လာပြီ၊ အဲဒီဥဂ္ဂဟနိမိတ်ကို ထပ်ပြီးတော့ စိတ်နဲ့ လေ့ကျင့်ပေးလိုက်တယ်။
နိမိတ်ဆိုတာ အာရုံကိုပြောတာပါပဲ၊
စိတ်ထဲမှာ စွဲမှတ်ထားတဲ့ အာရုံမှာ ထပ်ပြီးတော့ လေ့ကျင့်ပေးလိုက်တဲ့အခါ ဘာဖြစ်လာတုန်းဆိုလို့ရှိရင်
ပင်ကိုယ်အာရုံလည်း မဟုတ်တော့ဘူး၊ ထိုပင်ကိုယ်အာရုံနဲ့ ဆက်နွယ်လာပြီးတော့ အခြေအနေ ပြောင်းလဲလာတဲ့စိတ်ထဲမှာ
ထင်ဟပ်ပေါ်လွင်တာတဲ့ အာရုံတစ်မျိုး ပေါ်လာတယ်၊ အလားတူ အာရုံတစ်ခုပေါ်တယ်၊ အဲဒါကို “ပဋိဘာဂနိမိတ်” လို့ခေါ်တယ်၊ အလားတူပေါ်လာတဲ့အာရုံ။
ခုနတုန်းက မျက်စိကနေ တိုက်ရိုက်ကြည့်အာရုံကို
“ပရိကမ္မနိမိတ်” လို့ ခေါ်တာနော်၊ မျက်စိကဖွင့်ပြီးတော့ မျက်စိနဲ့ မှတ်နေတာ၊
စိတ်နဲ့ မျက်စိနဲ့ တွဲဖက်ပြီး အလုပ်လုပ်နေတာ ပရိကမ္မနိမိတ်၊ မျက်စိအကူအညီ မယူတော့ဘဲ စိတ်ထဲမှာ စွဲထင်နေတဲ့ အာရုံတစ်ခုအပေါ်မှာ
အလုပ်လုပ်တာကို “ဥဂ္ဂဟနိမိတ်”၊ အဲဒီဥဂ္ဂဟနိမိတ်ဟာ နောက်ပိုင်းကျတော့ ပြောင်းလွဲလာတဲ့အခါကျတော့
“ပဋိဘာဂနိမိတ်” တဲ့။
ပဋိဘာဂနိမိတ် ဖြစ်လာပြီ ဆိုလို့ရှိရင်
အဲဒီ ပဋိဘာဂနိမိတ်သည် ပင်ကိုယ်ထက် ပိုပြီးတော့ တောက်ပြောင်လာတယ်၊ ထင်ရှားလာတယ်၊ ပိုပြီး
clear ဖြစ်လာတယ်၊ အဲဒီ ပဋိဘာဂနိမိတ် ရောက်လာတဲ့အခါ ဈာန်နဲ့နီးကပ်လာတဲ့ သမာဓိစွမ်းအားတွေ
ရလာပြီ၊ အာရုံနဲ့စိတ်ကို လေ့ကျင့်တာနော်။
ဈာန်နားကပ်လာတဲ့ သာမာဓိစွမ်းအားတွေ
ရလာပြီး အဲဒီသမာဓိ စွမ်းအားတွေကို ထပ်မံတိုးမြှင့်လိုက်လို့ ထင်လာတဲ့ ပဋိဘာဂအာရုံပေါ်မှာ
ထပ်ဆင့်ပြီးတော့ စဉ်ဆက်မပြတ် လေ့ကျင့်လိုက်တဲ့အခါ အဲဒီ ပဋိဘာဂနိမိတ်မှာ “ပထမဈာန်” ဆိုတာကို ရရှိသွားတယ်။
ဒါဖြင့် ပထမဈာန်ဆိုတဲ့ ပထမဆအင့်
ရသွားလို့ရှိရင် အခြေအနေက ဘယ်လိုရှိတုန်းဆိုတော့ အဲဒီ ပဋိဘာဂနိမိတ် ဆိုတဲ့ စိတ်ထဲမှာပေါ်လာတဲ့
အာရုံလေးပေါ်မှာ ပိုပြီးတော့ ကြည်လင်ပြတ်သားတဲ့ သမာဓိစွမ်းအားတွေ၊ စိတ်စွမ်းအားတွေ ပေါ်လာတယ်။
အဲဒီအာရုံပေါ်မှာ တွေးနေတဲ့ အတွေးစိတ်ရှိတယ်၊
“ဝိတက်” လို့ခေါ်မယ်၊ အဲဒီအာရုံလေးပေါ်မှာ အမြဲတမ်းရစ်ဝဲနေတဲ့ “ဝိစာရ” ဆိုတာရှိမယ်၊ အဲဒီအာရုံလေးပေါ်မှာ ကျေနပ်နေတဲ့
“ပီတိ” ဆိုတာ ရှိမယ်၊
ကိုယ်ရော စိတ်ပါ နှစ်ခုစလုံး အေးချမ်းနေတယ် ဆိုတဲ့ “သုခ” ဆိုတာရှိမယ်၊ တည်ငြိမ်နေတဲ့ စိတ်ကလေးဟာ
ဒီအာရုံ တစ်ခုတည်းပေါ်မှာပဲ စိုက်ပြီးတော့ အာရုံနဲ့စိတ်နဲ့က တွယ်ကပ်ထားသလို (super
glue နဲ့ ကပ်လိုက်သလို) ကပ်သွားတယ်၊ “ဧကဂ္ဂတာ” ပေါင်းလိုက်တဲ့ အခါကျတော့ ဝိတက်ရယ် ဝိစာရရယ် ပီတိရယ် သုခရယ်
ဧကဂ္ဂတာရယ် ဟောဒီ ၅-ပါး unity ဖြစ်သွားပြီ၊ harmony ဖြစ်သွားပြီ။
တကယ့်ကို ဒီ ၅-ခုဟာ ဟန်ချက်ညီညီနဲ့
စုပေါင်းပြိး အာရုံနဲ့ အလုပ်လုပ်နေပြီဆိုရင် ဘယ်အရာတွေ ကင်းသွားတုန်းဆိုတော့ “ဝိဝိစ္စေဝ ကာမေဟိ” မျက်စိက မြင်ရတဲ့အာရုံ၊ နားက ကြားရတဲ့အာရုံ၊
နှာခေါင်းက နမ်းရတဲ့အာရုံ၊ လျှာက လျက်ရတဲ့အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့အာရုံလို့ဆိုတဲ့
ဒီအာရုံတွေပေါ်မှာ ခံစားချင်တဲ့ ကာမတဏှာ လုံးဝပြတ်တောက်သွားပြီ၊ မရှိတော့ဘူး၊ ‘ကာမ’ လိုချင်စရာအာရုံတွေပေါ်မှာ လိုချင်နေတဲ့
လောဘနဲ့ဖြစ်ပေါ်လာတာတွေ မရှိတော့ဘူးလို့ ဆိုလိုတယ်။
အဲဒါဟာ ဒီခံစားချင်တဲ့စိတ်တွေ မျက်စိနဲ့ကြည့်ချင်တယ်၊
နားနဲ့ ကြားချင်တယ်၊ နှာခေါင်းနဲ့ နမ်းရှူချင်တယ်၊ လျှာနဲ့ လျက်ချင်တယ်၊ ခန္ဓာကိုယ်နဲ့
ထိတွေ့ချင်တယ်ဆိုတဲ့ အဲဒီလောဘနဲ့ ဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့ ဆန္ဒတွေကို ‘ကာမစ္ဆန္ဒ’ လို့ခေါ်တယ်၊
Desire for sensual pleasure စိတ်ရဲ့ ပျော်မွေ့စရာတွေပေါ်မှာ လိုချင်နေတဲ့ ဒီကာမစ္ဆန္ဒဆိုတဲ့တရား
လုံးဝချုပ်ငြိမ်းသွားတယ်။
အဲဒါတင် မကဘူး၊ ဘာတွေက လွတ်ထွက်သွားတုန်းဆိုရင်
ကျန်တဲ့ နီဝရဏတွေဖြစ်တဲ့ ဗျာပါဒ ဆိုတဲ့
အာရုံပေါ်မှာ အလိုမကျမှုဆိုတာလည်း မရှိတော့ဘူး၊ ထိနမိဒ္ဓ ဆိုတဲ့ စိတ်ကို တွန့်ဆုတ်စေတဲ့ နီဝရဏလည်း မရှိတော့ဘူး၊ ဥဒ္ဓစ္စကုက္ကုစ္စ
ဆိုတဲ့ စိတ်လေလွင့် နေတာလည်း မရှိတော့ဘူး၊ ပူပန်မှုလည်း မရှိတော့ဘူး၊ ဝိစိကစ္ဆာဆိုတဲ့ သံသယလည်း မလာတော့ဘူး၊ ဆိုလိုတာက
ကုသိုလ်စိတ်ကို ဆို့ပိတ်တက်တဲ့ နီဝရဏတရားတွေ အားလုံးဟာ ရပ်ဆိုင်းသွားတယ်လို့ ပြောတယ်။
အဲဒီ ရပ်ဆိုင်းလို့ရလာတဲ့ ချမ်းသာသုခကို
“ဝိဝေကဇပီတိသုခ” လို့ ခေါ်တယ်။ ‘ဝိဝေက’ ဆိုတာ ကာမဂုဏ်စိတ်တွေက လွတ်သွားတယ်၊ အကုသိုလ်အတွေးတွေ
လုံးဝပြတ်တောက်သွားတယ်၊ အဲဒါတွေက ကင်းဆိတ် လွတ်မြောက်သွားသည့်အတွက်ကြောင့် ဝိဝေက၊ အဲဒီ
ကင်းလွတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝိဝေကဇ ပီတိသုခတဲ့၊ ပျော်ရွှင်ပြီး ကိုယ်ချမ်းသာ စိတ်ချမ်းသာ
ခံစားနေရတယ်လို့ ဆိုလိုတယ်၊ အဲဒါ ပထမဈာန်အဆင့်၊ စိတ်ကို လေ့ကျင့်လိုက်ရင် ဒီအဆင့်
ရောက်သွားတယ်၊ အဲဒီသုခမျိုးက အပြောတင် မဟုတ်ဘူး၊ တကယ် စနစ်တကျ လေ့ကျင့်လို့ရှိရင် လေ့ကျင့်ပုဂ္ဂိုလ်တွေ
လက်တွေ့ရနိုင်တယ်ပေါ့။
ယခုခေတ်မှာ ဘာဖြစ်လို့ ရတဲ့သူ နည်းပါးတာလဲဆိုရင်
လေ့ကျင့်သူတွေ နည်းကြလို့ ကာမဂုဏ်အာရုံတွေရဲ့ လွှမ်းမိုးမှုက ကြီးထွားနေတယ်၊ ကြီးထွားနေသည့်အတွက်ကြောင့်
ကာမဂုဏ်အာရုံက ရှေးကထက် ပိုများလာတယ်၊ ကာမဂုဏ်အာရုံတွေ လိုချင်စရာတွေ ပိုများလာသည့်အတွက်ကြောင့်
လိုချင်စိတ်တွေက ပိုများမလာဘူးလား?
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက တောရွာ
အရပ်ဒေသတွေမှာ ဆိုလို့ရှိရင် လူတွေဟာ ၆-လောက် အလုပ်လုပ်ပြီး ၆-လလောက် ထိုင်စားနေကြတယ်၊
ဘာအလုပ်မှ မလုပ်ဘူး၊ အေးအေးဆေးဆေးပဲနော်၊ အဲဒီခေတ်တုန်းက ဓာတ်ဗူးဆိုတာ မရှိဘူး၊ မရှိသည့်အတွက်ကြောင့်
ဓာတ်ဗူးအတွက် ကုန်ကျစရာလည်း မရှိဘူး၊ ရေဒီယိုလည်းမရှိဘူး၊ ကက်ဆက်လည်းမရှိဘူး၊ တယ်လီဗွီးရှင်းလည်း
မရှိဘူး၊ အဲဒီအတွက် ကုန်ကျစရာ ဘာတစ်ခုမှ မရှိဘူး၊ မြို့ဆိုတာလည်း မရောက်ဖူးကြဘူး၊ ကားစီးဖို့ဆိုတာလည်း
သူတို့စိတ်ထဲမှာ မရှိဘူး၊ ဟုတ်ကဲ့လား?၊ အချိန်တန်ရင် ကိုင်းလုပ်ငန်းလုပ်။ ကိုင်းသိမ်းပြီး
အိမ်ပေါ်မှာ ဆန်တို့ ပဲတို့ ဆီတို့ တင်ထားတယ်။ အချိန်တန် ထမင်းလေး ချက်စားပြီး ကျန်တဲ့အချိန်က
အားနေကြတယ်။
ဘုန်းကြီးကျောင်း ဆွမ်းပို့ချိန်
ပို့မယ်၊ ဒိပြင်အချိန်က အားနေကြတယ်၊ ဘာမှ လိုတာလည်း မရှိဘူး၊ မြို့မသွားသည့်အတွက်ကြောင့်
မြို့ပေါ်က အထူးအဆန်းပစ္စည်းတွေလည်း ဘာမှ လိုချင်စရာမှရှိဘူး၊ မြင်မှ မမြင်ဖူးတာဆိုတော့
လိုချင်စရာမရှိဘူး၊ ကြားလည်း မကြားဖူးဘူးဆိုတော့ လိုချင်စရာလည်း မရှိဘူး၊ မြို့ဆိုတာ
ဝေလာဝေး၊ ရွာနီးချင်း ဟိုနားဒီနား ရွာ ၂-ရွာ၊ ၃-ရွာ ဟိုဘက် ရောက်ဖူး သွားဖူတာမှ မရှိဘဲ၊
အဲဒီလို မြို့မရောက်ဘဲနဲ့ လူ့ဘဝ အဆုံးသတ်သွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။
အဲဒါ တကယ့်ကို တောခေါင်ပြီး မြို့နဲ့အဝေးကြီးလားဆိုရင်
မဝေးဘူး၊ တကယ်တော့ မန္တလေးမြို့နဲ့ မိုင် ၅၀-လောက်ပဲ ဝေးတယ်နော်၊ ခုခေတ်ဆိုရင် မိုင်
၁၀၀-လည်း သွားတယ်၊ မိုင်-၂၀၀ လည်းသွားတယ်၊ မိုင် -၃၀၀၊ ၄၀၀ လည်းသွားတာပဲ၊ ဟုတ်ကဲ့လား?
အေး - မြင်စရာအာရုံတွေကမရှိတော့ လိုချင်တဲ့ လောဘတွေက နည်းမသွားဘူးလား?
အဲဒီတုန်းက ကိုယ့်စိုက်ခင်းကပေါ်
သူများပေး၊ သူများ စိုက်ခင်းကပေါ် ကိုယ်ကယူစား၊ ပြောင်းဖူးတို့ ပဲတို့ ပေါ်တဲ့အချိန်ဆို
ဟိုအခင်းက အရင်ပေါ်ရင် ဟိုအခင်းက ယူစား၊ ရောင်းစားတယ်ဆိုတာ မရှိဘူး၊ သူ့အခင်းပေါ် သူ့ဆီကစား၊
ကိုယ့်အခင်းပေါ် ကိုယ့်ဆီကစားနဲ့ လူတွေဟာ ညီညွတ်ကြတယ်၊ ဒီလို အချိန်ပိုင်းကလေးကို ဘုန်းကြီးတို့တွေ
မီလိုက်သေးတယ်ပေါ့။
လျှပ်စစ်မီးကလည်း မရှိတော့ ည လ,သာပြီဆိုရင်
အလွန်ပျော်စရာကောင်းတယ်၊ လ,ရောင်ကလေးနဲ့ပဲ နေရတယ်၊ လ,ရောင်ကလေးနဲ့ဆို မီးထွန်းစရာ မရှိဘူး၊
သို့သော် တစ်ခါတစ်လေ တိမ်မည်းကြီးက လ,ကို လာလာ ဖုံးတက်တာလေးတော့ ရှိသေးတယ်၊ မြို့မှာ
မီးပျက်တဲ့သူတွေ ခံစားရလိုနေမှာပဲ၊ တိမ်မည်းကြီးက လ,ကို လာလာဖုံးတဲ့အခါ မှောင်သွားတယ်နော်၊
ဓာတ်မီးဆိုတာလည်း မရှိဘူး၊ ဒီလိုပဲ နေကြတာ၊ လိုချင်စရာ အလွန်နည်းတယ်။
ဘယ်အချိန်ပိုင်းတုန်းဆိုရင် ဒုတိယကမ္ဘာစစ်
ဖြစ်ခါနီးလို့ လှုပ်နေတဲ့အချိန်ပိုင်းပေါ့၊ ၁၉၄၀-ပြည့် ပတ်ဝန်းကျင်မှာပဲ။ သို့သော် နောက်ပိုင်းကျတော့
ခေတ်မကောင်းတဲ့ အခြေအနေမျိုး ရောက်လာတယ်၊ ဒုတိယကမ္ဘာစစ် ဖြစ်လာတယ်၊ ဒုက္ခ ရောက်ကြသူတွေအများကြီးပဲ။
ဘုန်းကြီးတို့က ၁၀-နှစ်သား၊ တောရွာက နေပြီး စစ်ကိုင်းတောင် ရောက်လာတယ်။ အေး၊ စစ်ကိုင်းတောင်က
အခုချိန်နဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အလွန်ကွာခြားသွားပြီ။ အဲဒီအချိန်တုန်းက အေးချမ်းတဲ့အရသာနဲ့
အခုချိန်အင်မတန်မှ ကွာခြားတယ်၊ အဲဒီတုန်းက စစ်ကိုင်းတောင်ဆိုတာ လူတစ်ယောက်သာ သွားသာတဲ့
လမ်းကလေးတွေပဲရှိတယ်၊ တရုပ်စကားပင်ကြီးတွေက မိုးလို့၊ ဒဟတ်ပင်ကြီးတွေက မိုးလို့၊ ကျောက်ကလေးတွေ
ခင်းထားတဲ့ လူသွားလမ်းကလေးတွေက ဖြတ်တက်ရတယ်၊ ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေ ဒီအကောင်းလေးတွေပဲ
ရှိတယ်၊ ဘယ်နေရာသွားသွား ကိုယ့်ခြေသလုံးအားကိုးနဲ့ကိုယ်သွားကြရတာ။
ကျားသစ်တွေ ဟောက်တဲ့အသံ ကြားရတယ်၊
စစ်ကိုင်းတောင်မှာ ခွေးမရှိဘူး၊ အဲဒီတုန်းက ခွေးရှိရင် ညကျ ကျားသစ်က လာဆွဲသွားတယ်၊
ဘာတွေရှိတုန်းဆိုရ တောင်ကြောင်တွေရှိတယ်၊ နေ့မှာဆိုရင် ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေရဲ့
အသံပဲ ကြားရတယ်။
ခုခေတ်ဆိုရင် ဟိုနားက
loudspeaker သံ၊ ဒီနားက loudspeaker သံ ဆူညံသံတွေကြားရတယ်။ သီချင်းတွေကိုလည်း အမျိုးမျိုးဖွင့်ကြတယ်လေ။
တစ်ခါတုန်းက ဘုရားပေါ်က ဖွင့်လိုက်တဲ့ သီချင်းဟာ ဘာသီချင်းများ အောက်မေ့လဲ ? “ကိုကိုရေ - ရူးပြီ ရူးပြီ” ဆိုတဲ့ သီချင်းဖွင့်တယ်၊ အဲဒီလိုဆူညံညံသံတွေ အခုခေတ်မှာ
လွှမ်းမိုးသွားပြီဆိုတော့ ဝိဝေကဇပီတိသုခ ကင်းဆိတ်မှု ချမ်းသာဆိုတာ ဘယ်သိတော့မှာတုန်း၊
သိနိုင်ပါ့မလား? အေး - အဲဒီ ချမ်းသာမျိုးကို မသိတော့ဘူးလေ။
နားကျပ်ကလေးကို နားမှာတက်ပြီး ဟုတ်လား?
ဂျိန်း ဂျိန်း ဆိုတာနဲ့ လူတစ်ကိုယ်လုံး လှုပ်နေတဲ့ ချမ်းသာခုခတွေ၊ အဲဒီချမ်းသာသုခပဲ
ခံစားနေကြမှာပဲ၊ အဲဒိ ချမ်းသာသုခနဲ့ အင်မတန်ကွာခြားပြီး တိတ်ဆိတ်ငြိမ်သက်လှတဲ့ ချမ်းသာသုခဆိုတာ
ပျင်စရာကြီး ဖြစ်ကုန်ပြီ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။