၅။
မွေးဖွားပြီးလစ်-ရွယ်ငါးနှစ်
ဓမ္မဂုတ်။ ။ တချို့ မိခင်များ
သားကောင်းတယောက်ရမယ်ဆိုလျှင် အိမ်မက်ကောင်း မက်တတ်တယ်လို့ ဆိုတယ်၊ ကိုယ်တော်ကို
မိခင်ကကိုယ်ဝန်ရှိတုန်းမှာ အိပ်မက်ကောင်းကလေးများ မမက်ဘူးတဲ့လား။
တပည့်တော်။ ။ ဒီကိစ္စဟာ နဲနဲ အူလယ်လယ်နိုင်ဟန်တူပါတယ်၊ ဘုရားအလောင်း
ပဋိသန္ဓေနေတော့ မယ်တော် မာယာမှာ အိပ်မက်မက်လို့ နောက်လဲ အိပ်မက်ယူကြဟန်တူပါတယ်, အိပ်မက်က
ပဓာနမဟုတ်ပါဘူး,မွေးပြီးတဲ့ အခါ အလုပ်က ပဓာနပါ။
ဓမ္မဂုတ်။ ။ သူများကို ဝေဘန်မနေပါနဲ့ ကိုယ်တော်, ကိုယ်တော့်
မယ်တော်မှာ အိပ်မက်ကောင်း မက်-မမက် ပြောစမ်းပါ။
တပည့်တော်။ ။ လိုရင်းမဟုတ်ဘူးလို့ လျှောက်ပြီးပြီး
မဟုတ်ပါလား၊ နောင်လာနောက်သား အချောင်သမားတွေ အတုယူပြီး လုပ်ဇာတ် ခင်းကုန်မှာ
စိုးပါတယ်။
ဓမ္မဂုတ်။ ။ ရှိပါစေတော့ ကိုယ်တော်, ကိုယ်တော်ရဲ့ နှစ်ဖက်
ဘိုးဘွားနှင့် မိဘနာမည်များကိုတော့ နောင်လာနောင်သားတို့ သိချင်မှာပါ။
တပည့်တော်။ ။ အမေ့ဘက် ဘိုးဘွားက ဘိုးဆိုးပေ-ဖွားနန်းအိမ်၊
အမေက ဒေါ်အုန်းလှိုင်တဲ့၊ အဖေ့ဘက်က ဘိုးဘွားက ဘိုးခင်မောင်-ဖွားစောမေ၊ အဖေက
ဦးဇောတိတဲ့။
ဓမ္မဂုတ်။ ။ ဘိုးဘွားများရဲ့ ကိုယ်ရေး
အရည်အခြင်းကတော့ကော။
တပည့်တော်။ ။ အဖွား နှစ်ယောက်လုံး ထက်မြက်ပါတယ်၊
အသက်တော့သိပ်မရှည်ကြဘူး၊ ဘိုး ၂ ယောက်က လူအေး လူကောင်းကြီးတွေပါ၊ စီးပွားရေးလဲ
အေးအေးပါဘဲ, အထက်လူကြီးများ စုထားခဲ့တဲ့ ပစ္စည်းကိုတော့ မပျက်စီးအောင်
ထိန်းနိုင်ကြပါတယ်, သိပ်တော့ မတိုးပါဘူး၊ ဒါ့ကြောင့် နောက်ပိုင်းမှာ
ပစ္စည်းအရှာကောင်းတဲ့ လူကြီးတွေက တက်သွားတော့ ဘိုး နှစ်ယောက်ရဲ့ ပစ္စည်းဟာရွာမှာ
ဒုတိယတန်းလောက်ရှိပါတော့တယ်၊ အဘိုး နှစ်ယောက်လုံး အသက်ရှည်ကြပါတယ်၊ အမေ့ဖက်ဘိုး
နံနက်စောစော တုံးကြီးခေါက်တဲ့အခါ ဘုရားရှိခိုးပါတယ်၊ ဘိုးရဲ့ အသံဟာ အတော်ဝေးဝေးက
ကြားရပါတယ်၊ ဥပုသ်စောင့်လဲ မှန်ပါတယ်၊ ဆုံးခါနီး သုံးရက်လောက် နေမကောင်းတော့
“ဘုရားရှိမခိုးနိုင်တာ နာသကွယ်”ဟု ညီးရှာပါသတဲ့၊ အဖေ့ဘက် ဘိုးကတော့
ရိုးရိုးကောင်းတဲ့ လူကောင်းကြီးပါ၊ နှစ်ယောက်လုံးဘဲ လူရိုသေခံကြရပါတယ်။
ဓမ္မဂုတ်။ ။ မိဘများရဲ့ စာရိတ္တကတော့ကော။
တပည့်တော်။ ။ မိဘများက မြန်မာမင်းလက်ထက် ၁၂၄ဝ-၄၁
ခုဖွားတွေပါ၊ အင်္ဂလိပ်ရောက်တော့ အသက်က ငယ်ကြပါသေးတယ်၊ အင်္ဂလိပ်လက်ထက်မှာ ကြီးကြရတော့
ချီးမွမ်းလောက်အောင် စာရိတ္တဘက်မှာ မထူးကြပါဘူး၊ အမေက ကျောင်းအမသ္မီးဖြစ်ပေမဲ့
ရတနာသုံးပါးဘက်မှာ သိပ်မလိုက်စားပါဘူး၊ စီးပွားရေးမှာ အရေးကြီးပုံရပါတယ်၊ မောင်နှမ
ငါးယောက်ထဲမှာ အထက်မြက်ဆုံးပါဘဲ၊ အဖေကတော့ ဘိုးဘွားတို့ရဲ့ သ္မီး နှစ် ယောက် သားတစ်ယောက်တွင်
အချစ်ဆုံး, အငယ်ဆုံး သားတစ်ယောက်မို့ အလိုလိုက်ထားဟန်တူပါရဲ့၊ စီးပွားရေးမှာ အခြား
ဝမ်းကွဲများလို ပင်ပန်းခံပြီး ရှာလိုပုံမရပါဘူး၊ မိဘ နှစ်ယောက်လုံး အဖေ့ဘက်က
ဘိုးဘွားနှင့် တစ်အိမ်တည်း နေကြပါတယ်၊ တပည့်တော်မှာ မောင်နှမ လေးယောက်ရှိပါတယ်၊ နှမတစ်ယောက်ထဲပါ,
တပည့်တော် အကြီးဆုံးဖြစ်ပါတယ်၊ နာမည်ကတော့ “မောင်ဋ္ဌေးလွင်”လို့ ခေါ်ပါတယ်။
ဓမ္မဂုတ်။ ။ မောင်နှမ လေးယောက် နာမည်များကို ဘယ်လို
ခေါ်ကြပါသလဲ, အများသိရအောင် ပြောပြစမ်းအပါအုံး။
တပည့်တော်။ ။ (၁) မောင်ဋ္ဌေးလွင်၊ (၂) မရှုတင်၊ (၃)
မောင်ဋ္ဌေးတင်၊ (၄)မောင်ဘခိုင်လို့ ခေါ်ကြပါတယ်,အဲဒီ လေးယောက်ထဲမှာ တပည့်တော်
တယောက်သာရှိပါတော့တယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်ရဲ့, မွေးဖွားတဲ့ ခုနှစ်
သကရာဇ်ကကော။
တပည့်တော်။ ။ ၁၂၆၁-ခု,တပိုတွဲလကွယ်,အင်္ဂါနေ့ မွန်းမတည့်မီ
ဖြစ်ပါတယ်၊ ထိုအချိန်မှာ အဖွားစောမေက ဥပုသ်စရပ်မှ ပြန်ရောက်ခါစဖြစ်ပါတယ်၊ တပည့်တော်ဖွားမြင်မှုအတွက်
ကြောင့်ကြောင့် ကြကြနှင့် ဝမ်းမြောက်လှသောကြောင့် ဥပုသ်စောင့်ရင်း
နေ့စာလစ်ဟင်းရှာပါသတဲ့၊ အောက်ပါ ဇာတာခွင်မှာ ဗေဒင်ပညာရှိများ မှန်းဆနိုင်ရန်
ဖြစ်ပါတယ်။
ဓမ္မဂုတ်
။ ။ ဟောစာတမ်းကော မရှိဘူးလား။
တပည့်တော်။
။ ဟောစာတမ်းရှိပါရဲ့,ဒါပေမဲ့-သိဘို့မလိုပါဘူး
ဘုရား၊ ဗေဒင်ပညာရှိများ သိလိမ့်မည်ပေါ့၊ ဇာတာထက် ရုပ်လက္ခဏာက သာ၍တိကျမယ်ထင်ပါတယ်၊
ဘုရားအလောင်းတော်ဖွားမြင်တဲ့အခါ သုဒ္ဓေါဒနမင်းက ပုဏ္ဏားကျော်များကို ဖိတ်ပြီး
ရုပ်လက္ခဏာကို စစ်ဆေးစေပါတယ်,ရုပ်လက္ခဏာက သာမန်အားဖြင့် မိဘတို့နှင့် တူတတ်သော်လဲ
အမိဝမ်း၌ ခန္ဓာကိုယ်ကလေး စတည်ကတည်းက ကမ္မဇရုပ်ကလာပ် ကလေးတွေမှာ
ရှေးကံကြောင့်ဖြစ်ခဲ့ရလေတော့ ရုပ်လက္ခဏာနှင့် အသံကိုကြည့်လျှင် နားလည်သူအတွက
ရှေးကံကို မှန်းဆ၍ သိနိုင်မှာပါဘဲ။
ဓမ္မဂုတ်။ ။ ဟုတ်တယ်,ဟုတ်တယ်……ကံ,ဉာဏ်,အသံ,ဆံ,ဤ လေးမျိုးဟာ
ရှေးကံအတိုင်း ဖြစ်ကြရတာမို့ ဘယ်သူမှ တုပြိုင်လို့ မရနိုင်ဘူးတဲ့။
တပည့်တော်။ ။မှန်ပါတယ်,လက်ဖဝါးမှာ ပါတဲ့ အကြောင်းတွေဟာ ရှေးကံရဲ့ အမှတ်လက္ခဏာ ဖြစ်သလို,တကိုယ်လုံးလဲ ရှေးကံရဲ့ အမှတ်အသား လက္ခဏာတွေ ပါနေပါတယ်၊ တပည့်တော်ရဲ့ လက္ခဏာကို ကြည့်ဘို့ရန် မန္တလေးက ဆရာစိန်ကို ဒကာထိန်ဝင်းက ပင့်လာပါတယ်,ရောက်တော့ ဆရာစိန်က လက်ကိုမကြည့်ဘဲ ဘယ်ဘက် ခြေဖဝါးကို ကြည့်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုများ အဟောထုတ်သလဲ။
တပည့်တော်။ ။ သူဟောပေမဲ့ တပည့်တော်က အလုပ်မလုပ်ရင် ဘာမှာ
မဖြစ်နိုင်ဘူးဆိုတာ တပည့်တော် နားလည်ပြီး ဖြစ်ပါတယ်၊ ဒါ့ကြောင့် သူဟောသည့်အတွက်
တပည့်တော်မှာ သာသနာရေး, နိုင်ငံရေးကို ရှေးရှုကာ ပိုပြီးအလုပ်-လုပ်ရဲလာပါတယ်၊
တပည့်တော်ရဲ့ ဒကာရင်းဖြစ်တဲ့ ဒကာတင်မောင်နှင့် တပည့်လို ရင်းနှီးတဲ့ ဘုန်းကြီးကလေး
“ဥုးဣန္ဒက” ဆိုသူတို့ကလဲ ဗေဒင်ပညာ အရ၎င်း, လက္ခဏာပညာ အရ၎င်း, အသက်ရှည်ပြီး အလုပ်-လုပ်လျှင်
အထမြောက်မည့်အကြောင်းကို အားပေးလျှောက်ထားကြပါတယ်၊ ထို့နောက်လဲ ဆရာတယောက်က တပည့်တော်ကိုလဲ
မသိ, ရဟန်းလား လူဝတ်ကြောင်လားလဲမသိဘဲ ဗေဒင်ဝါသနာပါတဲ့ ဒကာရင်း တယောက်က
သူမှတ်ထားတဲ့ တပည့်တော်ရဲ့ ဇာတာကွက်ကို ရေးပြတဲ့အခါ “ဒီဇာတာရှင်ဟာ အသက်လဲရှည်မယ်, နိုင်ငံကိုလဲ
ကျေးဇူးပြုနိုင်တယ်, သူဂုဏ်နဲ့ လိုက်အောင်ခမ်းခမ်းနားနားလဲ မနေဘူး”လို့ဟောပါသတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော်ဖွားမြင်ပြီးတဲ့နောက် ကလေးဘဝဖြစ်ပုံကလေးများကို
ပြောပါအုံး။
တပည့်တော်။ ။ တပည့်တော်ဖွားမြင်ပြီးတဲ့နောက်
လသားအရွယ်လောက်ဖြစ်ပါလိမ့်မယ်, တစ်ရပ်လုံးမီးလောင်တော့ ဖွားစောက ဘာပစ္စည်းမှမယူဘဲ
လက်တစ်ဖက်က ဆွမ်းတော်အုပ်ပွေ့,လက်တစ်ဖက်က တပည့်တော်ပွေ့ပြီး အိမ်ကဆင်းသွာတာဘဲတဲ့။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အဖွားက ကိုယ်တော်
ကိုတယ်အရေးစိုက်ပါလား။
တပည့်တော်။ ။ တပည့်တော်ကို အရေးစိုက်တာလဲ ဝမ်းသာပါတယ်, ဒါထက်
“လက်တစ်ဖက်က ဆွမ်းတော်အုပ်ပွေ့”ဆိုတာကိုလဲ ကြည်ညိုပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော့် အဖွားက သူတော်ကောင်းစိတ်
များဟန်တူပါတယ်။
တပည့်တော်။ ။ အဖွားအရွယ်က အဲဒီအချိန်မှာ
ငါးဆယ်ကျော်လောက်ဘဲ ရှိပါအုံးမယ်၊ ဒါပေမဲ့-ဝါတွင်းကျရင် ဝါကြီးစောင့်လေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ “ဝါကြီးစောင့်”ဆိုတာ ဘာအဓိပ္ပါယ်တုန်း။
တပည့်တော်။ ။ ဝါတွင်း ၃ လအတွင်း ဥပုသ်မချဘဲ
ဥပုသ်ရက်ရှည်စောင့်ခြင်းကို “ဝါကြီးစောင့်”လို့ ခေါ်ပါတယ်၊ တပည့်တော်တို့ ရွာမှာ
ဒီအလေ့အထက အဖွားအရွယ်တွေ စောင့်လေ့ရှိတဲ့ ထုံးစံပါ။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ရွာက
ရှေးဆရာတော်ကြီးတွေရဲ့ အဆုံးအမဩဝါဒကို နာကြရတော့ ဒီလိုလဲ သူတော်ကောင်း၊
အဖွားကြီးတွေ ရှိကြမှာပေါ့နော်။
♣♣ တစ်ဘဝသံသရာ စာအုပ်မှ ပူဇော်သည်။