ဓမ္မဂုတ်။ ။ “ရွှေမုဋ္ဌောဘုရားဝိုင်း”ဆိုတဲ့ စကားအရ
မေးရအုံးမယ်,ကိုယ်တော်တို့ရဲ့ ရွာဥုးရွာထိပ်မှာ ဘုရားဝိုင်းက ဘယ်နှစ်ဝိုင်းရှိသလဲ။
တပည့်တော်။ ။ စေတီလှဝိုင်း,ရွှေမုဋ္ဌောဝိုင်း,လေးမျက်နှာဝိုင်း,ပွတ်စေတီဝိုင်းတို့
တံတိုင်းအသီးသီးခတ်ပြီး ခွဲခြားထားတဲ့ ဘုရားဝိုင်းက ၄ ဝိုင်းရှိပါတယ်, ဘုရားဝိုင်းကြီးတွေရဲ့
အကြားမှာ ဇရပ်ကြီးတွေလဲ ရှိပါတယ်၊ တပည့်တော်ဆွေမျိုး အဆက်ဆက်ရဲ့ ဇရပ်တွေပါ၊
တစ်ရွာလုံး သုံးနေတဲ့အကြီးဆုံး ဇရပ်ကို မကြာမီက
အမွေဆိုင်ဖြစ်တဲ့ ဝမ်းကွဲအမနှင့် သကျသီဟဓမ္မာစရိယ,ဥုးကောဏ္ဍညာဘိဝံသရဲက
မယ်တော်လဲဖြစ်,တပည့်တော်ရဲ့ တစ်ဝမ်းကွဲနှမလဲ ဖြစ်တဲ့သူက ပြင်ထားပါတယ်၊ အဲဒီ
စရပ်ဒကာ ဒကာမကြီရဲ့ ရွှေသာလျောင်းဘုရား ဆင်းတုတော်ကြီး၏ ကိန်းရာ အုတ်တိုက်ကြီးလဲ
ပြင်ပါသေးတယ်။
ဓမ္မဂုတ်။ ။ ကျစွာမင်းကြီး တည်ထားတဲ့ စေတီလှကြီးကိုကော ဘယ်သူ့အဆက်က
အမွေဆိုင်သလဲ။
တပည့်တော်။ ။အဲဒီ စေတီတော်ကြီးကို မိုးညှင်းမင်းက ထပ်ပြီး
ကြီးမားအောင် (နဂို စေတီတော်ကို ငုံ၍) ပြုပြင်ပါသတဲ့၊ စေတီတော်ကြီးက
ကြီးကျယ်လွန်းတော့ တစ်ခါတစ်ခါ ပြိုပါတယ်၊ ထိုအခါ စုပေါင်းပြီး ပြုပြင်ပါသတဲ့၊
နောက် ၁၂၆ဝ ပြည့်နှစ်ပြိုတော့ ခင်မင်ကျောင်းဒကာ ဘိုးစံဝန်နှင့် အဖွားဝိတို့က
ပြုပြင်ပါတယ်၊ (အဖွားဝိဆိုတာ ဒေါ်လေးမြရဲ့ အဖေ့အမဖြစ်တဲ့ အရီးအရင်းပါ)၊ နောက်တစ်ခါ
ပြိုပြန်တော့သိပ်မကြာတဲ့နှစ်က ဘိုးစံဝန်ရဲ့ မြေးတော်တဲ့ ညီအမ သုံးယောက်က အိမ်ထောင်
မပြုတဲ့ ယောဂီများ ဖြစ်လို့ သူတို့ အမွေရတဲ့ စိန် ရွှေ တချို့ကို မဝတ်တော့ဘဲ ဘုရားကြီးကို
ခေါင်းဆောင်ပြီး ပြုပြင်ကြပါတယ်၊ ယခုအချိန်မှာ သူတို့ဆွေမျိုးများ အမွေဆိုင်ပါဘဲ။
ဓမ္မဂုတ်။ ။ ကိုယ်တော်တို့ ဆွေမျိုးက ဘုရားများကို
ဂရုစိုက်သလောက် ကျောင်းတွေကိုတော့ ဂရုမစိုက်ကြဘူးထင်တယ်။
တပည့်တော်။ ။ ထင်စရာပေဘဲဘုရား……သရိုင်ရွာမှာ ရှေးကကျောင်း ငါးကျောင်းရှိပါတယ်၊
ရွှေတောင်ကျောင်း, ပင်းကျောင်း, ဗောဓိကျောင်း ဆိုတဲ့ သုံးကျောင်းဟာ
အခိုင်အခန့်ဆုံးပါဘဲ၊ ထိုကျောင်းကြီး သုံးကျောင်းလဲ မိဘက် ဘဘက်က
ကျောင်းများဖြစ်ပါတယ်၊ ရွှေတောင်ဆရာတော်ကြီးရဲ့ ကျောင်းကြီးကို အမေ့ဘက်
အဖွားမယ်အိမ်၊ ထို့နောက် ကြီးတော်ဒေါ်မန်းညွန့် သား မောင်သာဋ္ဌေးတို့က အမွေဆက်ခံပြီး ပြင်ပါတယ်၊ ပင်းကျောင်းဆိုတာ
ဘိုးအရင်းရဲ့ မ,တည် ကျောင်းကြီးပါ၊ နောက်တော့ (ယခု ကျောင်းထိုင် ဘုန်းတော်ကြီးရဲ့)
မယ်တော်က တန်ဆောင်းဆက်ပြီး ဦးလတ်ကြီးက ပြာသာဒ်ဆက်ပါတယ်၊ အုတ်တိုက်ကတော့
ဒေါ်လေးမြနှင့် (ယခု ဘုန်းတော်ကြီးရဲ့) နောင်တော် ကောင်းမှုပါ၊ အဲဒီကျောင်းတွေကို မပြုပြင်ကြတာက
ကျောင်းမှာ သံဃာက မရှိတော့လို့ပါ၊ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးစီသာ ရှိပါတော့တယ်၊
ဒါ့ကြောင့် ဘုရားတွေ စိုပြေသလောက် ကျောင်းတွေ ခြောက်ကပ်နေတာပါ။
ဓမ္မဂုတ်။ ။ ကျောင်းတွေစိုလာအောင်
ဘယ်လိုလုပ်ဘို့စိတ်ကူးသလဲ ကိုယ်တော်။
တပည့်တော်။ ။ ဒီကိစ္စကတော့ လွယ်လွယ်နဲ့ခက်တဲ့အလုပ်ပါဘုရား၊
ဘုန်းတော်ကြီးတွေ မကြိုးစားလို့ ကျဆင်းလာတာဖြစ်တော့ ကြိုးစားလျှင် တစ်နှစ်အတွင်းမှာ
ပြန်၍ စိုပြေနိုင်ပါတယ်၊ နည်းလမ်းကိုတော့ အနာဂတ်သာသနာ, ဘာသာသွေး,
ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်တို့မှာ ရေးခဲ့ပါပြီ၊ ယခုလဲ တပည့်တော်နေခဲ့တဲ့ ပင်းကျောင်းမှာ
ဒေါ်လေးက သူ့တူဥုးပဉ္စင်းကို တိုက်တိုက်တွန်းတွန်း တောင်းပန်ပြီး ကိုးကွယ်ထားလို့
ကျောင်းလဲ အတော်အတန် သာယာလာပြီလို့ ကြားရပါတယ်၊ ဘုန်းကြီးကလေးက လောကီပညာလဲ
ရှစ်တန်းလောက် သင်ဖူးပါတယ်၊ ဒါ့ကြောင့် ကလေးတွေလဲ
အတော်ရောက်လာပြီလို့ ကြားရပါတယ်၊ ရွာကလဲ အတော်ဂရု စိုက်ကြပါသတဲ့။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်ရဲ့ မိမျိုး ဘမျိုး
နှစ်မျိုးလုံးဘဲ ဘုရားဒကာ, ကျောင်းဒကာ အဆက်ဆက်တွေဖြစ်တော့ ကိုယ်တော်တို့အမျိုးဟာ
လူလိမ္မာ လူ့သူတော်ကောင်းချည်း ဖြစ်မှာပေါ့နော်။
တပည့်တော်။ ။ ဒီလိုလဲ အထင်မကြီးလိုက်ပါနဲ့ ဘုရား၊ လူလိမ္မာ
လူ့သတ္တိခဲအစုံ ထွက်ပါတယ်၊ အမေရဲ့ ဘိုး(ဘိုးရာဇာ) မှာ မွေးပေါက်ဖေါ် ဆယ်ယောက်ရှိပါသတဲ့၊
ယောက်ျား ကိုးယောက်,မိန်းမ တစ်ယောက်သာပါပါတယ်၊ အဲဒီ ဆယ်ယောက်က ပေါက်ဖွားလိုက်တာ
အမျိုးတော်တော်ပြန့်သွားပါတယ်၊ ထရံကာ ဆရာတော်ကြီးဟာ ဒီဆယ်ယောက်ထဲက
နောင်တော်တယောက်ရဲ့ သားပေါ့၊ အဲဒီ မောင်နှမဆယ်ယောက်တုန်းက ဆင်းရဲသူ မပါပါဘူး၊
သူတို့က ပေါက်ဖွားတော့ ဆင်းရဲသူတွေလဲပါ, လူမိုက် သတ္တိခဲတွေလဲ နဲနဲပါးပါး
ပါလာပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လောက်များ သတ္တိရှိကြတုန်း
ကိုယ်တော်။
တပည့်တော်။ ။ ဒါတော့ တပည့်တော် မသိပါဘူး၊ ရှေးက
သံချပ်ထိုးတာတော့… “ဒုတ်တို နှစ်ချောင်း, ဘေးမှာမြှောင်,သေအောင်ရိုက်တဲ့
ရွှေရိုင်သားဘဲ”တဲ့။
ဓမ္မဂုတ်။ ။ ဟုတ်မှာပေါ့နော်…ကိုယ်တော်တို့က
အလောင်းမင်းတရားကြီးရဲ့ ရွှေဘိုသွေးရော, အမျိုးသွေးရောဆိုတော့ သတ္တိရှိစရာပါဘဲ။
တပည့်တော်။ ။ ဒီ သရိုင်ဆွေမျိုးတွေဟာ မာနလဲ ကြီးကြပါတယ်၊ တစ်ခါတုန်းက
အမေရဲ့ အမိဖက်က တစ်ဝမ်းကွဲ ဦးကြီးဟာ သူ့အလှူ သားရှင်ပြုမှာ စိန်ဗေဒါကြီးရဲ့
ဆိုင်းကိုငှားပြီး ပွဲငြိမ်အောင် စောင့်ရှောက်ဖို့အတွက် သူ့ဩဇာရှိတဲ့ တောင်ဘက်နယ်က
သတ္တိထင်ရှား ကျော်ကြားတဲ့ ညီအစ်ကို နှစ်ယောက်ကို ခေါ်ထားပါသတဲ့။
ဓမ္မဂုတ်။ ။ သရိုင်က သတ္တိရှိတဲ့သူတွေကို သူက မခဘူးဆိုတဲ့
သဘောပေါ့နော်။
တပည့်တော်။ ။ မှန်ပါတယ်, သရိုင်က သတ္တိခဲတွေက အမေရဲ့ အဖေ့ဖက်က
မောင်နှမဆယ်ယောက်ရဲ့ အဆက်တွေပါ, သည်တော့ ဥုးကြီးနဲ့ သွေးမစပ်ပါဘူး၊ ဒီလို သူက
အဝေးနယ်သားကို အားကိုးတယ်ဆိုတော့ သရိုင်သတ္တိခဲတွေက ယားကျိကျိ ဖြစ်တာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ယားကျိကျိ ဖြစ်တော့ ဘယ်နှယ်လုပ်သလဲ
ကိုယ်တော်။
တပည့်တော်။ ။ ညကျတော့ စိန်ဗေဒါကြီးလဲ ဆိုင်းဝိုင်းထဲ
ဝင်ပြီး ပတ်ပျိုးစပါရော (ဝုံး-ဒိုင်း) ခဲကျလို့ စိန်ဗေဒါကြီးလဲ အတော်လွတ်အောင်
ထွက်ပြေးရရှာသတဲ့။
ဓမ္မဂုတ်။ ။ စိန်ဗေဒါကြီးကတော့ ကိုယ်တော်တို့ရွာကို
အတော်စိတ်နာမှာဘဲနော်။
တပည့်တော်။ ။ စိတ်နာ-မနာတော့ မပြောနဲ့တော့ နောက်တစ်ခါ ဦးကြီးရဲ့သားက
အလှူပေး သားရှင်ပြုပြန်တော့ ရာဇဝင်ကြွေး ဆပ်ချင်တဲ့သဘောနဲ့ စိန်ဗေဒါကြီးကိုဘဲ ငှားပါသေးတယ်။
ဓမ္မဂုတ်။ ။ စိန်ဗေဒါကြီးက လိုက်လာရဲ့လား
ကိုယ်တော်။
တပည့်တော်။ ။ သရိုင်ဆိုရင် ရွှေပေးတောင် မလိုက်ဘူလို့
ဆလံတင်လိုက်ပါသတဲ့။
ဓမ္မဂုတ်။ ။ ဟား ဟား…ကိုယ်တော်တို့ရွာကတော့
ပြောစရာဘဲ, ရွှေတောင်ဆရာတော်ကြီး, မဟာဝိသုဒ္ဓါရုံ ရွှေကျင်သာသနာပိုင်ကြီး, ထရံကာ
ဆရာကြီး စသော ရဟန်းပညာရှိများနှင့် စေတီတော်ကြီး, ဆင်းတုတော်ကြီး, ရေတွင်း
ရေကန်ကြီးများကို ပြုစုပြင်ဆင်ဖေါ်ရပြီး နောင်လာနောက်သားတို့ ထွန်းကားကြ, သူတော်ကောင်းကြသလောက်
လူမိုက်သတ္တိခဲများလဲ ပေါ်ထွက်တဲ့ ရွာကြီးဖြစ်တော့ ရွာရဲ့ မြေခံဟာ အင်မတန်
ထူးလိမ့်မယ် ထင်တယ်။
တပည့်တော်။ ။ တပည့်တော်ငယ်ငယ်က မန္တလေး
ဝိသုဒ္ဓါရုံတိုက်ရောက်တော့ တချို့ စာချဘုန်းကြီးများက ဆရာတော်ကြီးဆီ ခေါ်သွားပြီး
ဆရာတော်ရဲ့ ဆွေမျိုး ဉာဏ်ကောင်းကလေးပါလို့ ပြတဲ့အခါ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးက “သရိုင်ရွာဟာ
ပုညတ္ထိ္တ (ကောင်းမှုပြုလုပ်ရာေ ရဆိပ်သဖွယ်) ဖြစ်တယ်၊ ပုညတိတ္ထ၌နေကြသော မိဘတို့သည်
ကုသိုလ်ကောင်းမှု အမြဲတိုးပွားနေသောကြောင့် ထိုသူတို့ရဲ့ သားသည် မိဘစကား, ဆရာ့စကား,
နားထောင်သူ သူတော်ကောင်း ပညာရှိဖြစ်တတ်တယ်”လို့ ဟိတောပဒေသဂါထာကို ရွတ်ပြပြီး
မိန့်တော်မူဖူးပါတယ်။
ဓမ္မဂုတ်။ ။ ဒါထက် မေးရအုံးမယ်, ကိုယ်တော်တို့ရွာရဲ့
အခြေအနေနဲ့ ကိုယ်တော်တို့အမျိုးရဲ့ အခြေအနေဟာ ယခုအခါ ရှေးကလိုဘဲလား။
တပည့်တော်။ ။ အမျိုးရဲ့ စာရိတ္တဟာ အင်္ဂလိပ်လက်ထက်မှာ
တဖြေးဖြေး လျော့လာပါတယ်၊ ဘိုးတို့ကို အဖေတွေ မမှီတော့ပါဘူး, တပည့်တော်ငယ်စဉ်က တစ်ဝမ်းကွဲအထိ
တစ်မျိုးလုံးဟာ လူကြီးများရဲ့ စကားကို လိုက်နာကြပါသေးတယ်၊ ညီအစ်ကို
မောင်နှမချင်းလဲ အကိုကြီး-အမကြီးရဲ့ စကားကို အငယ်က နားထောင်ကြပါသေးတယ်၊ တပည့်တော်
နဲနဲကြီးလာရင်ဘဲ ညီအရင်းတစ်ယောက်နှင့် ညီဝမ်းကွဲတစ်ယောက် အတော်ဖောက်လာပါတယ်၊
သောက်ပါတယ်, စားပါတယ်, ဖဲကစားပါတယ်, ပစ္စည်း အခြေအနေကလဲ တပည့်တော်ငယ်စဉ်မှာ မိုးကမှန်တော့
ပတ်ဝန်းကျင်လယ်တွေက စပါးထွက်ပါတယ်၊ ယာတွေကလဲ သူ့အချိန်နှင့်သူ နှမ်းထွက်ပါတယ်၊
ထန်းတောများကလဲ ထန်းလျက်ထွက်ပါတယ်၊ ဒါကြောင့် အမျိုးထဲမှာ ဆင်းရဲတဲ့လူ ရှိကို မရှိပါဘူး၊
ဒါပေမဲ့ တပည့်တော်တော်တော်ကြီးလာတဲ့အချိန်မှာ မိုးမကောင်းပါဘူး, ရေမြောင်းလဲ
မရှိတော့ လယ်တွေမလုပ်ရပါဘူး, ယာတွေလဲ ကောင်းကောင်းမလုပ်ရပါဘူး, ဒါ့ကြောင့်
အမျိုးထဲမှာ လူဆင်းရဲတွေ စ,လာပါတယ်။
ဓမ္မဂုတ်။ ။ ယခုတော့ကော ကိုယ်တော်။
တပည့်တော်။ ။ ဒုတိယကမ္ဘာစစ်ဖြစ်ကထဲက ပစ္စည်းရှိတဲ့
ဆွေမျိုးတွေက ဝက်လက်ပြောင်း, မန္တလေးပြောင်း, ပြောင်းကုန်ကြတော့
အတော်အသင့်ရှိသူနှင့် မရှိသူတွေသာ ရွာမှာကျန်ရစ်ပါတယ်၊ ဒီတော့ အမျိုးတွေလဲ
စီးပွားပျက်တော့ စာရိတ္တပျက်ကုန်တဲ့အပြင် စိတ်ရောလူပါကွဲကြပါတယ်၊ ရွာလဲ
ရှေးကအဆင့်အတန်းမျိုး မရှိတော့ပါဘူး, ဆရာသမားဖြစ်တဲ့ သံဃာတော်များလဲ
အရှိန်အဝါနှင့်တကွ အရေအတွက်ပါ အလွန်ကျဆင်းသွားပါတယ်ဘုရား။
ဓမ္မဂုတ်။` ။ ဝမ်းမနဲပါနဲ့ ကိုယ်တော်, ဆုတ်ကပ်ဆိုတာ
ရုပ်အမြင်ကတိုးတက်သလောက် စိတ်အနေကယုတ်ကြမ်းပြီး ဘရမ်းဘတာဖြစ်မြဲပါ၊ ဒီအထဲမှာ တစ်ခါတစ်ခါ
ကမ္ဘာစစ်နဲ့ တွေ့ပြန်တော့ လူသတ္တဝါတွေဟာ တိရစ္ဆာန်တွေလို စာရိတ္တပျက်ကြရပါတယ်။
တပည့်တော်။
။ မှန်ပါတယ်ဘုရား…ဒါပေမဲ့-ဗုဒ္ဓမြတ်စွာရဲ့
တရားတော်တွေက မတိမ်ကောသေးပါဘူး၊ တရားတော်ကို မှန်လိုကြည့်ပြီး မတော်တာတွေကို
ပြင်နိုင်လျှင် ဒီနိုင်ငံအတွက်က လှပသောနိုင်ငံဖြစ်ဘို့ရာ
မြှော်လင့်ချက်ရှိပါသေးတယ်။
ဓမ္မဂုတ်။ ။ ရွာနှင့်စပ်ပြီး စာပေသမိုင်းကော
မရှိဘူးလား။
တပည့်တော်။ ။ မကြားဖူးပါဘူးဘုရား, တပည့်တော်ငယ်စဉ်က ရဖူးတဲ့
ရတုတော့ရှိပါတယ်။
ဓမ္မဂုတ်။ ။ ရတုဆိုတာ ဟုတ်တာထက်ပိုပြီး
မြှောက်တဲ့ဂုဏ်တွေတော့ ပါမှာဘဲနော်၊ ကဲကဲ…အဲဒီရတုကိုဘဲ နိဂုံးအနေနဲ့ ရွတ်ပြစမ်းပါ။
၁။
ရွှေဘိုလက်ျာ ဒက္ခိဏာတွင်, ကြေငြာသတင်းလှိုင်။
၂။
အံ့၍မပြီး ရှုမငြီးသည့်, ရပ်ကြီး ရွာရွှေရိုင်။
၃။
ဖက်ပြိုင် ရှင်းသည့်, စံကင်းပျော်ဘို့ရာ, တပဲသာတွင်း ရေချို သွင်းသည့်, နတ်မင်း
တူးလာတာမို့။
၎။
ပဒုမ္မာနှင့် ငါးဖြာကြာဝတ်စီ, နတ်ရေကန်ထဲ ငှက်စုံဝဲသည်, ခြိမ်သဲ့ တလည်လည်နှင့်။
၅။
ခြောက်မည် ရောင်စုံ တလူလူ, ရွှေစေတီကြီး မိုးတိမ်နီးမျှ, လျှံညီးအဆူဆူသို့။
၆။
ရွှေဂူ…ဘုရား ထူးခြားဟန် အာကာဘဝဂ်, တိမ်တောင်တက်သည်, ထွန်းတက်လျှံလျှံသို့။
၇။
မြ ဖလ်တကောင်း ထိပ်မှာတင်, ရွှေရိုင်သူများ ဖြူဖြူထွားတို့, ဝပ်တွား ပဏာဆင်၍။
၈။
လေးအင်မဂ်ချမ်းသာ…ဗိုလ်သူရည်မှန်း, နိဗ္ဗာန်လမ်းကို, ကျွတ်တန်းစေတနာနှင့်။
၉။
မုဋ္ဌောရယ်တဲ့ ရွှေစေတီ, ဓာတ်တော်စုံ, ရောင်စုံကြွ, ထွန်းပရောင်ခြည်၊
အာကာလမ်းက ပျံသန်းမှီ, ဥုးတင်ချီ၍ ပဏာမြွက်, ရပ်ရွှေရိုင်သူ
ဆီမီးစုံ တလူလူနှင့်,
ဩကာသံ စီကြူ၍ ပြည်နိဗ္ဗခေမာကမ်းကိုလ, လျင်မကြာ
ထွက်ခွါမြန်းရအောင်ကွယ်…နန်းသူ့ရင်သွေး။
♣♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်တိုင်ရေး ထေရုပ္ပတ္တိ တစ်ဘဝသံသရာ မှ ပူဇော်ပါသည်။