ဒိပြင်နိယာမတွေလည်း ဒီအတိုင်းပဲ၊
ဆိုပါစို့ - မျိုးလေစေ့လေး တစ်ခုကို မြေထဲမှာချပြီးတော့ မြှုပ်ထားလုက်လို့ရှိရင် ၇-ရက်လောက်
နေလို့ရှိရင် အညှောက်လေးထွက်လာတယ် ဆိုပါစို့။ အဲဒီအချိန်မျာ ပထမရက်ကျ အညှောက် ဘယ်လောက်မထွက်တယ်,
ဒုတိယရက်ကျ အညှောက် ဘယ်လောက်ထွက်တယ်, တတိယရက်ကျ ဘယ်လိုပြောင်းတယ်ဆိုတာ သိနိုင်ပါ့မလား၊
“မသိနိုင်ပါဘူးဘုရား”၊
အဲဒီရုပ်တောင်မှ မသိနိုင်တာနော်၊ ထွက်လာမှသာ သြော် -
ထွက်လာပြီလို့ပြောတာ၊ သို့သော် ပြောင်းလဲမှုက နေ့စဉ်ရှိနေတာ၊ နာရီနဲ့အမျှ၊ မိနစ်နဲ့အမျှ
ရှိနေတာ၊ မပြောင်လဲဘဲနဲ့ ဝုန်းကနဲ့ ၇-ရက်မြောက်ကျမှ အမြစ်ဆင်းပြီး အညှောက်ထွက်တာ ဟုတ်ပါ့မလား၊
မဟုတ်ဘူး၊ ပြောင်းလဲမှုက မိနစ်ပိုင်းအလိုက် ရှိနေတယ်ပေါ့၊ အဲဒီပြောင်းလဲမှု အတိုင်းအတိုင်း
အသေးစိတ်လေးတွေကို လူတွေက မမြင်နိုင်ဘူးပေါ့၊ အဲဒါဟာ process ပဲ၊ Process ဆိုတာ ရှိကိုရှိတယ်။
ကြည့်လေ - ဘုန်းကြီးတို့တတွေ ခေါင်းပြောင်အောင်
ရိတ်ထားပြီး ဒီကနေ့ ရိတ်ထားတဲ့ဟာ နောက်တစ်ရက်ကျတော့ မနေ့က ရိတ်ထားတဲ့ပုံစံ မဟုတ်တော့ဘူး၊
ဆံပင်လေးတွေနည်းနည်းထွက်လာတယ်၊ နောက် တတိယရက်ကျတော့ နည်းနည်းလေး ထပ်ထွက်လာတယ်၊ စတုတ္ထရက်ကျတော့
နည်းနည်းလေး ထပ်ထွက်လာတယ်၊ တစ်ခါတည်း ထွက်လာတာမဟုတ်ဘူး၊ မိနစ်ပိုင်းအလိုက် မိနစ်ပိုင်းအလိုက်
ပြောင်းလဲမှုကလေးတွေရှိတယ်၊ သေသေ ချာချာ လေ့လာစောင့်ကြည့်နေမယ် ဆိုရရင် အဲဒီ ပြောင်းလဲမှုလေးတွေက
မြင်နိုင်တယ်၊ ရုပ်တရားဆိုတော့ ကြည့်လို့ မြင်လို့ ရတယ်ပေါ၊ ဟောဒီ နာမ်တရားဆိုတာကျတော့
မျက်စိနဲ့ ကြည့်လို့ မြင်လို့ မရနိုင်ဘူး။
ကောင်းပြီ - အဲဒီ ရူပါရုံဆိုတဲ့
အာရုံလေးဟာ မျက်စိတံခါးက ဖြတ်ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် အနည်းဆုံး စတ္တိက္ခဏ တစ်ချက်လွန်လာပြီးတဲ့နောက်မှ
စပြီး ဥပါဒ်တာ ရူပါရုံရဲ့ စတင်မွေးဖွားဖြင်းလို့ ဒီလိုပြောပါတယ်၊ မျက်စိထဲမှာ သူပေါ်လာတာ
သူ့ရဲ့မွေးဖွားခြင်းပဲ၊ မွေးဖွားတဲ့ အချိန်လေးက အင်မတန်မှ တိုတောင်းတယ်၊ စိတ္တက္ခဏ တစ်ချက်ထက်
တိုတောင်းတယ်၊ ရူပါရုံ မွေဖွားတာခဏလေး တစ်ခုပဲရှိတယ်၊ မွေးဖွားပြီးတဲ့အခါမှာ တည်တံ့နေတဲ့
ဌီခဏ ကျတော့ အလွန်ရှည်တယ်ပေါ့၊ နာမ်ထက်စာလို့ရှိရင် ဒီရူပါရုံလေးက ရုပ်တရားဖြစ်သည့်အတွက်ကြောင့်
ရှည်တယ်။
ရုပ်တရားတွေမှာ ဥပါဒ်ခဏက သိပ်တိုတယ်၊
ဘက်ခဏကလည်း သိပ်တိုတယ်။ သို့သော် ရပ်တည်နေတဲ့အချိန်ပိုင်း ဌီခဏကျတော့ ခဏငယ် ၄၉-ချက်ခန့်
တည်နေတယ်၊ အဲဒီရပ်တည်နေတဲ့ အချိန်အတွင်းမှာ သူက စိတ်နဲ့တွေ့ဆုံတာ၊ သူက ဖြစ်လျှင်ဖြစ်ခြင်း၊
သူမွေးဖွားလျှင်မွေးဖွားခြင်း စိတ်နဲ့တွေ့ဆုံလို့ မရဘူး၊ သူ့ကို ဖမ်းယူမယ့်စိတ်နဲ့
မတွေ့ဆုံနိုင်သေးဘူး၊
ဘာဖြစ်လို့တုန်းဆိုရင် ပင်ကိုယ်စိတ် ဘဝင်စိတ်တွေက သူ့အာရုံနဲ့သူ
သွားနေတာ၊ အဲဒီပင်ကိုယ်စိတ်တွေ မပြတ်လို့ရှိရင်လည်း နောက်ထပ် စိတ်က ဝင်လို့မရဘူးနော်။
ပင်ကိုယ်စိတ်ကို အခြေခံပြီတော့မှ အာရုံအသစ်ကြောင့်မို့ စိတ်အသစ်ဖြစ်ရတာ။ ပြောမယ်ဆိုလို့ရှိရင်
‘ပကတိစိတ်နဲ့ ဝိကတိစိတ်’ လို့။ ဆိုပါစို့ - ပကတိဆိုတဲ့ ပင်ကိုယ်စိတ်တွေက သွားနေသည့်အတွက်ကြောင့်
‘ဝိကတိ’ ဆိုတဲ့ အာရုံအသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တွေဟာ မဝင်ရောက်နိုင်သေးဘူး။
ကောင်းပြီ - ရူပါရုံလေးက အဲဒီလို
မျက်စိတံခါးမှ လာပြီးတော့ ပေါ်လိုက်တဲ့အခါမှာ အနည်းဆုံး စိတ္တက္ခဏ ၁-ချက်သော်လည်ကောင်း,
၂- ချက်သော်လည်ကောင်း, ၃- ချက်သော်လည်ကောင်း, များစွာ ချက်သော်လည်ကောင်း ဖြတ်ကျော်ပြီးတော့မှသာလျှင်
အသစ်ပေါ်လာတဲ့ အာရုံကို သိနိုင်တဲ့စိတ်နဲ့ ဆုံတွေ့မိတယ်လို့ ဒီလိုပြောတယ်၊ အဲဒါကို အဘိဓမ္မာတ္တသင်္ဂဟကျမ်းမှာလို့
ဒီလိုပြောတယ်၊
အဲဒါကို အဘိဓမ္မတ္တသင်္ဂဟကျမ်းမှာ “ဧကစိတ္တက္ခဏာ တီတာ နဝါ ဗဟုစိတ္တက္ခဏာ တီတာ
နိဝါ ဌိတိပတ္တာ နေဝ” - ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗာရုံ ဆိုတဲ့ အာရုံငါးပါးဟာ ဌီခဏ ရောက်တဲ့အခါမှာ စိတ္တက္ခဏ တစ်ကြိမ်လွန်၍ ဖြစ်စေ,
နှစ်ကြိမ်လွန်၍ဖြစ်စေ လွန်ပြီးမှသာ ထင်လာနိုင်တယ်။ ကြည့်လေ - အတီတ ဘဝင်ကလေးတစ်ချက်
လွန်သွားပြီ၊ ဒါ အတီတဘဝင်ကို ပြောတာ၊ သို့သော်
သူ ထင်နိုင်သေးတာ မဟုတ်ဘူး၊ စတုတ္ထစိတ်လောက်ကျမှ သူနဲ့တွေ့တာ၊ ပထမစိတ်က ဘဝင်စိတ်, ဒုတိယစိတ်ကလည်း
ဘဝင်စိတ်, တတိယစိတ်ကလည်း ဘဝင်စိတ်ပဲ၊ ဘဝင်စိတ် မှန်သမျှ အခု လောလောဆယ် မျက်စိတံခါးမှာ
ဆက်သွယ်လာတဲ့ အာရုံကို မသိနိုင်ဘူး၊ မမြင်နိုင်ဘူး။
အဲဒီလို မျက်စိတံခါးမှာ လာရောက်
ဆက်သွယ်လိုက်တဲ့အခါကျတော့ အဲဒီ ဘဝင်စိတ် ၃-ကြိမ်ဖြစ်ပြီးတော့ ပြတ်ထွက်သွားပြီဆိုတော့မှ
ပဉ္စဒွါရာဝဇ္ဇန်း အာဝဇ္ဇစိတ်ဆိုတာလေး ပေါ်လာတယ်၊ အဲဒီ အာဝဇ္ဇန်းစိတ်က ငါးဒွါရမှာ ဆင်ခြင်ပေးတယ်၊
ဦးလှည့်ပေးတယ်၊ အာရုံရှိရာကို မျက်နှာမူပေးတဲ့စိတ်၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်
အာရုံအသစ်ကို welcome လုပ်တဲ့ စိတ်နော်၊ ကြိုဆိုလိုက်တာ၊ တံခါးဖွင့်ပေးလိုက်တာ၊ သူက
တံခါးဖွင့်မပေးရင် မြင်လို့မရတော့ဘူး၊ ဒါကြောင့်မို့လို့ သူ တံခါးဖွင့်ပေးတဲ့ အခါမှ
နောက်က စက္ခုဝိညာဏ်စိတ်လာတယ်၊ မြင်တဲ့စိတ်က အဲဒီနောက်မှ လိုက်လာရတာ၊ အဲဒီတော့ ချက်ချင်းကြီးမြင်တာ
မဟုတ်သေးဘူး။
အဲဒီ တံခါးဖွင့်ပေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို
အဋ္ဌသာလိနီ အဋ္ဌကထာမှာ “နားမကြားတဲ့ တံခါးစောင့်” လို့ ဒီလို နာမည် ပေးတယ်၊ တံခါးခေါက်လိုက်တယ်၊ သူကြားလို့
ဖွင့်ပေးတာ မဟုတ်ဘူး၊ သူ့ကို အမှတ်သညာပေးတာ၊ အမှတ်သညာ ပေးလိုက်လို့ သူ တံခါးထ,ဖွင့်ရတယ်၊
ကြားတော့ မကြားဘူးတဲ့၊ မြင်နိုင်တာ မဟုတ်ဘူး၊ တံခါးဖွင့်ပေးရုံ ဖွင့်ပေးလိုက်တာပဲ၊
ဘာကြောင့် သူက တံခါးဖွင့်နိုင်တုန်းဆိုတော့
အာရုံနဲ့ဝတ္ထု ဆုံစည်းမှုရဲ့ စွမ်းအားနဲ့ သူက တံခါးဖွင့်ပေးတာ၊ အဲဒီစိတ်က စပြီးတော့
အသစ်ရောက်လာတဲ့, မျက်စိတံခါးမှာ ဝင်လာတဲ့ အာရုံနဲ့စိတ်တွေဟာ အလုပ် လုပ်ကြပြီတဲ့။
အဲဒီ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ ကုသိုလ်လည်း
မဟုတ်ဘူး, အကုသိုလည်း မဟုတ်ဘူး, ကံရဲ့အကျိုးတရားလည်း မဟုတ်ဘူး၊ ကြိယာစိတ်ဖြစ်တယ်၊ ကြိယာစိတ်ဆိုတာ
သက်သက် အလုပ်လုပ်တဲ့ စိတ်တစ်ခုပဲ၊ ဘာ့ကြောင့်ပေါ်လာတုန်းဆိုရင် ဝတ္ထုအာရုံဆုံတဲ့ စွမ်းအားကြောင့်
ပေါ်လာတာ၊ အဲဒီ ဆုံတဲ့စွမ်းအားကြောင့် ပေါ်လာတဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကလေးက ဖြစ်ပြီးတာနဲ့
တစ်ပြိုင်နက် ပျက်သွားတယ်၊ သူ ပျက်သွားခြင်းသည် စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ရန် chance ပဲ။
ဒါကြောင့်မို့လို့ ပြောတယ် မဟုတ်လား၊
မြင်သိစိတ်ကလေးဖြစ်ဖို့ရန်အတွက် သုတ္တန် ပါဠိတော်တွေမှာ မြတ်စွာဘုရား ဟောထားတာတွေက စက္ခုပသာဒနဲ့
ရူပါရုံ ဒီ ၂-ခု အကြောင်း ပြုပြီးတော့ စက္ခုဝိညာဏ်စိတ် ပေါ်တယ်၊ “စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ
စက္ခုဝိညာဏံ” ၊ မျက်စိရယ် အဆင်းရယ်၊ ဒီ၂-ခုကို အကြောင်းပြု
အမှီပြုပြီးတော့ မြင်သိစိတ် ပေါ်တယ်လို့ ထိုထို သုတ္တန်တွေမှာ ဟောသွားတယ်။
သို့သော် ဒီအကြောင်း ၂-ခုတည်းလားဆို
မဟုတ်ဘူးတဲ့၊ အထောက်အကူဖြစ်တဲ့ အကြောင်းတွေ လိုသေးတယ်၊ အထောက်အကူဖြစ်တဲ့အကြောင်းက ဘာလဲဆိုရင်
မျက်စိနဲ့ အာရုံကြား သို့မဟုတ် အဆင်းအာရုံလေးပေါ်မှာ လိုအပ်တဲ့ အလင်းရောင် ရှိရဦးမယ်၊
မှောင်နေရင် မြင်ရမှာ မဟုတ်ဘဲကိုး။ အဲဒါကြောင့် အလင်းရောင်ဆိုတဲ့ အကြာင်းတစ်ခုလည်း
လိုအပ်တယ်၊ နောက်တစ်ခု ဘာတုန်းဆိုတော့ နှလုံးသွင်းမှု မနသိကာရ တဲ့။
ဒါကြောင့် လယ်တီဆရာတော်ကြီးက “စက္ခာလောက ရူပထင်ပြီ မနသီ
လေးလီ စက္ခုဖို့” လို့ အဋ္ဌကထာတွေမှာပါတဲ့ စကားအတိုင်း
လင်္ကာစီထားတာ။ ‘စက္ခု’ ဆိုတာ စက္ခုပသာဒရုပ်ကိုပြောတာ၊ ‘အာလောက’ ဆိုတာ အလင်းကိုပြောတာ၊ ‘ရူပထင်ပြီ’ ဆိုတာ အဆင်းအာရုံလေး လာထင်တာ၊ ‘မနသီ’ ဆိုတာ နှလုံးသွင်းမှု၊ ပေါင်းလိုက်တဲ့အခါကျတော့
အကြောင်း ၄-မျိုး၊ အဲဒီအကြောင်း ၄-မျိုးထဲက ‘မနသီ’ ဆိုတဲ့အကြောင်းက ဘာပြောတာတုန်းဆို ဟောဒီ ပဉ္စဒွါရာဝဇ္ဇန်း
စိတ်ကလေးကို ပြောတာ၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်က အာဝဇ္ဇန်းပဲ၊အာဝဇ္ဇန်းဆိုတာ ‘မနသိကာရ’ပဲ၊ ဒီ အာဝဇ္ဇန်းစိတ်ကလေး မပါဘဲနဲ့ စက္ခုဝိညာဏ်စိတ်
မဖြစ်နိုင်ဘူး၊ ဟောဒီ အကြောင်းတရားတွေရှိတယ်၊ အကြောင်း ၄-မျိုး။
ကောင်းပြီ၊ မျက်စိတံခါးကို ပဉ္စဒွါရာဝဇ္ဇန်းစိတ်က
ဖွင့်ပေးလို်က်တဲ့ အခါ မြင်ခြင်းကိစ္စ ဆောင်ရွက်တာက စက္ခုဝိညာဏ်စိတ်တဲ့၊ စက္ခုဝိညာဏ်စိတ်ဖြစ်တယ်၊ စက္ခုဝိညာဏ်စိတ်က မြင်ရုံပဲ
မြင်တာ၊ အဲဒီမြင်တဲ့ စက္ခုဝိညာဏ်စိတ်ဟာ ‘ကမ္မဝိပါက’ ကံရဲ့အကျိုးတရားဖြစ်တယ်၊ ကံက ဖန်တီးထားတဲ့စိတ်၊
ဘယ်မှာဖန်တီးထားတာတုန်းလို့
သေချာလိုက်ရှာကြည့်ရင် ကံက ဖန်တီးထားတဲ့ စစက္ခုဝိညာဏ်စိတ်ကလေးဟာ စက္ခုပသာဒရုပ်နဲ့ အတူတကွာ
ရှိနေလားလို့ဆိုတော့ စိတ်ဆိုတာ မရှိမဟုတ်ဘူး,
အဖြစ်တရား၊ စက္ခုပသာဒဆိုတာလည်း အမှန်ကတော့ ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နေကြတာပဲ၊ အကြောင်းတွေကြောင့်
ဖြစ်နေကြတာ၊ ဖြစ်နေတဲ့ စက္ခုပသာဒထဲမှာ ဟောဒီ စက္ခုဝိညာဏ်စိတ် ဖြစ်လာနိုင်တဲ့ အနေအထား
possibility ရှိနေတာကို ပြောတာ။
ဥပမာ - ဂက်စ်မီးခြစ်ထဲမှာ မီးမရှိပေမယ့်လို့
မီးဖြစ်နိုင်တဲ့ အနေအထား မရှိဘူးလား၊ ရှိတယ်၊ အေး အဲဒါမျိုးလို လူတွေရဲ့ စက္ခုပသာဒမှာလည်းပဲ
စက္ခုဝိညာဏ်စိတ်ကလေးပေါ်ဖို့ အနေအထားရှိနေတယ်လို့ ပြောတာနော်၊ သူလည်း ကံကြောင့်ဖြစ်တဲ့
ဟာပဲ၊ ကံကြောင့် ဖြစ်ပေမယ့်လို့ ကံကနေ ဖန်တီးပေးထားတဲ့ စက္ခုပသာဒရုပ်ကို စိတ်တို့ ဥတုတို့
အာဟာရတို့က အထောက်အပံ့ပေးလို့ ဆက်လက်ရှင်သန်နေတာ။
ဟောဒီ စက္ခုဝိညာဏ်စိတ်လေးကျတော့
ဝတ္ထု အာရုံနဲ့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့ အကူအညီနဲ့မှ သူက ဖြစ်လို့ရတာ၊ ကံတစ်ခုတည်း မဟုတ်တော့ဘူး၊
ဟုတ်ရဲ့လား၊ အကြောင်းတွေ မြောက်များစွာရှိလာပုံကို စဉ်းစားကြည့်တာ၊ စက္ခုဝိညာဏ်ဆိုတဲ့
မြင်သိစိတ် ဖြစ်ပေါ်ဖို့ရန် အာရုံဝတ္ထု ဆုံစည်းမှု့ဟာ အကြောင်းတစ်ခုပဲ၊ အာရုံနဲ့ဝတ္ထု ဆုံစည်းလိုက်သည်နှင့်
တစ်ပြိုင်နက်တည်း ပဉ္စဒွါရာဝဇ္ဇန်းက တံခါးဖွင့်ပေးလိုက်လို့ သူက မြင်ရတယ်၊ အဲဒီ မြင်သိစိတ်ကလေးက
ဘွားကနဲပေါ်လာတယ်၊ ပေါ်လာပြီးတော့ သူက ပျောက်သွားပြန်တယ်။
အဲဒီ စက္ခုဝိညာဏ်စိတ်ဟာ အဘိဓမ္မာသင်တဲ့
ပုဂ္ဂိုလ်တွေက စက္ခုဝိညာဏ်ဒွေးလို့ ဒီလိုသုံးတယ်၊ စက္ခုဝိညာဏ်စိတ်က ၂-ခု ရှိတယ်ပေါ့၊ ကုသလဝိပါတ်
ကုသိုလ်ရဲ့ အကျိုး, အကုသလဝိပါတ် အကုသိုလ်ရဲ့ အကျိုးလို့ ၂-မျိုး ရှိတယ်။
စာပေကျမ်းဂန်မှာ ‘ဝိပါတ်အမှန် ဇောအပြန်’
ဆိုတဲ့ စကားရှိတယ်၊ အာရုံနဲ့ပတ်သက်ပြီးတော့ ဝိပါတ်စိတ်တွေဟာ ဆိုပါစို့ - ဣဋ္ဌာရုံနဲ့
တွေ့လာပြီ၊ ကောင်းတဲ့အာရုံနဲ့တွေ့ရင် ကုသိုလ်ရဲ့ အကျိုးလို့ မှတ်တယ်၊ အနိဋ္ဌာရုံနဲ့ ပတ်သက်လို့ရှိရင်
အကုသလဝိပါတ် အကုသိုလ်ရဲ့အကျိုးလို့မှတ်တယ်၊ အနိဋ္ဌာရုံနဲ့ ပတ်သက်လို့ ရှိရင် အကုသလဝိပါက်
စက္ခုဝိညာဏ်၊ ဒါက ပြောင်းလဲလို့မရဘူး။ အာရုံက ဣဋ္ဌာရုံဆိုလို့ရှိရင် ကုသလဝိပါက်, ကုသိုလ်ရဲ့
အကျိုး၊ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါက်, အကုသိုလ်ရဲ့အကျိုး၊ ဟော စက္ခုဝိညာဏ်စိတ် ၂-မျိုးထဲက
ရွေးချယ်ပုံ ရွေးချယ်နည်း၊ ဒါက စနစ်တကျ ရွေးချယ်တဲ့နည်းပေါ့၊ အဲဒါက ပြောင်းလဲလို့မရဘူး။
ဘာဖြစ်လို့ ပြောင်းလဲလို့ မရတာတုန်းဆိုတော့
ဝိပါက်စိတ်ဆိုတာ ကံရဲ့အကျိုးပဲ။ ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့
အရိပ်လိုပဲလေ၊ ကိုယ့်မျက်နှာ အရှိအတိုင်းပဲ မှန်ထဲမှာ ပေါ်မှာမို့လား၊ မှန်ထဲက ရုပ်ပုံလွှာကို
ပြင်လို့ရသလား၊ မရဘူး။ ရှိတဲ့ပုံအတိုင်း ပေါ်မှာပဲ။ အဲဒါလိုပဲ စက္ခုဝိညာဏ်စိတ်လေးက ဣဋ္ဌာရုံနဲ့တွေ့ရင်
ကုသလဝိပါက်စိတ် ပေါ်မှာပဲ, အနိဋ္ဌာရုံနဲ့တွေ့ရင် အကုသလဝိပါက်စိတ်ပေါ်မှာပဲ၊ ဒါက ပုံမှန်။
နောက် - ဝေဒနာနဲ့ ပတ်သက်လို့ရှိရင်လည်း
အဲဒီလို ပုံမှန်သက်မှတ်ချက်ကလေးတွေ ရှိတယ်၊ ဝိပါက်စိတ်ဟာ အမှန်ပဲ၊ ပြုပြင် ပြောင်းလဲလို့မရတဲ့
အနေအထားရှိတယ်၊ ကံကြောင့်ဖြစ်တယ် ဆိုပေမယ့်လို့ ပစ္စုပ္ပန် ဝတ္ထုတို့ အာရုံတို့ ပေါင်းဆုံတဲ့
စွမ်းအားကြောင့် ဖြစ်လာတာလို့ ဒီလိုပြောတယ်။
စက္ခုဝတ္ထုကိုမှီရင် မှီရာ စက္ခုဝတ္ထုလေးကလည်း
ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုလိုက်တာပဲ၊ နိဿယသတ္တိနဲ့ ကျေးဇူးပြုလိုက်တာပဲ၊ ရူပါရုံဆိုတဲ့
အာရုံလေးကလည်းပဲ အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုလိုက်တာပဲ၊ ကျေးဇူးပြုလိုက်သည့် အတွက်ကြောင့်
ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ကလေးက ပေါ်လာတယ်။
ပဉ္စဒွါရာဝဇ္ဇန်းစိတ်ရဲ့ မှီရာက ဟဒယဝတ္ထု၊
စက္ခုဝိညာဏ်စိတ်လေးရဲ့ မှီရာက စက္ခုဝတ္ထု၊ မှီရာချင်း မတူဘူး၊ ဆက်သွယ်မှုချင်းနီးစပ်တယ်၊
မှီရာချင်းတော့ မတူဘူး။
စက္ခုဝိညာဏ်စိတ်ကလေးဖြစ်ပြီး ချုပ်သွားတော့
ဘာပေါ်လာတုန်းဆိုတော့ အဲဒီအာရုံကလေးကို လက်ခံတဲ့ “သမ္ပဋိစ္ဆန” ဆိုတဲ့စိတ် ပေါ်လာတယ်။ အဲဒီမှာလည်းပဲ
အာရုံက အလိုရှိအပ်တဲ့ ဣဋ္ဌာရုံ ဆိုလို့ရှိရင် ကုသလဝိပါတ်၊ အလိုမရှိအပ်တဲ့ အာရုံဆိုရင်
အကုသလ ဝိပါက်တဲ့။ ဘာဖြစ်လို့တုန်းဆိုရင် ဒါက The Law of Nature သဘာဝတရားရဲ့ ဥပဒေကြီးပဲ၊
သဘာဝတရားရဲ့ ဥပဒေမှာ ကုသိုလ်က ဆိုးကျိုးပေတယ်ဆိုတာ မရှီဘူး, အကုသိုလ်က ကောင်းကျိုးပေးတယ်ဆုတာ
မရှိဘူး၊ ကောင်းတာမြင်တာ မှန်သမျှ ကုသိုလ်ရဲ့ အကျိုး, မကောင်းတာမှန်သမျှ အကုသိုလ်ရဲ့အကျိုး၊
ဒီလိုပဲ သတ်မှတ်တယ်နော်၊ ဒါက The Law of Nature သဘာဝနိယာမတရား ပဲ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ကုသိုလ်ဖြစ်ဖို့ ယောနိသော မနသိကာရက အရေးကြီးတယ်"ကို ဆက်လက်ပူဇော်ပါမည်။