အဲဒီလို အာရုံတွေ ဒွါရမှာပေါ်လာပုံနဲ့
ပတ်သက်ပြီးတော့ ‘ဝိသယပ္ပဝတ္တိ’ ဆိုတဲ့ စကားလုံးလေး ရှိတယ်၊ ‘ဝိသယ’ ဆိုတာ ‘အာရမ္မဏ’ ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲ၊ စိတ်ရဲ့ဖြစ်ရာ၊ ‘ပဝတ္တိ’ ဆိုတာ ဖြစ်ပုံ၊ အာရုံတွေက ဖြစ်ပုံဖြစ်နည်းက ဒီဂရီးအားဖြင့်
မတူကြဘူးတဲ့၊ ရူပါရုံလို့ ဆိုတာချင်း တူပေမယ့်လို့ ရူပါရုံတွေ ဒီဂရီအားဖြင့် မတူဘူးတဲ့၊
ကွဲပြားခြားနားမှုတွေရှိတယ်၊ ဟုတ်တာပေါ့၊ ဆင်ကြီးနဲ့ ပုရွက်ဆိတ်ကလေး ကြည့်ရတာ ဘယ်တူလမလဲ၊ ကြီးတာသေးတာ ကွာမနေဘူးလား၊
အေး - မျက်စိက မြင်တဲ့
အာရုံမှာ အကြီးအာရုံနဲ့ အသေးအာရုံဆိုတာ ရှိတယ်။ အဲဒီ အကြီးကလည်း ထပ်ပြီးတော့ ခွဲလိုက်မယ်ဆိုရင်
“ကြီးတယ်,သိပ်ကြီးတယ်”၊ သေးတာကိုလည်း ထပ်ခွဲရင် “သေးတယ်, သိပ်သေးတယ်”၊
ကမြင်းနီ ဆိုတဲ့ အကောင်းလေးကျတော့ ပုရွက်ဆိပ်ထက် ပိုပြီးသေးတယ်ပေါ့၊ သိပ်သေးတယ်နော်၊
အဲဒီတော့ ကြီးတယ်,သိပ်ကြီးတယ်၊ သေးတယ်,သိပ်သေးတယ်၊ မျက်စိက မြင်ရတဲ့အာရုံကို ဒီဂရီနဲ့
ထပ်ပြီးတော့ ခွဲလိုက်တာ။
မျက်စိနဲ့ မြင်ရတဲ့အာရုံကို ခွဲရသလိုပဲတဲ့
နားနဲ့ ကြားရတဲ့ အသံကိုလည်း ခွဲလို့ရတယ်လေ။ “ကျယ်တယ်, သိပ်ကျယ်တယ်၊ တိုးတယ်,သိပ်
တိုးတယ်”၊ အသံကျတော့ ကြီးတယ် သေးတယ်လို့ မပြောဘူး၊
မြန်မာစကား ပြောင်းသွားတယ်နော်၊ ကျယ်တယ်, သိပ်ကျယ်တယ်၊ မင်းအသံကြီးက ကျယ်လွန်းအားကြီးတယ်၊
ဟော ကျယ်တယ်, သိပ်ကျယ်တယ်၊ တိုးတယ်, သိပ်တိုးတယ်။
ပါဠိစာပေကတော့ သိပ်ကျယ်တယ်ဆိုတာကို
‘အတိမဟန္တေ’ ‘အတိ’ ဆိုတာကို အလွန်အမင်း၊ ‘မဟန္တ’ - ကြီးတယ်လို့ ပြောတာ၊ ‘ပရိတ္တ’ ကျတော့ သေးတယ်၊ ‘အတိပရိတ္တ’ - အလွန်သေးတယ်တဲ့၊ အင်္ဂလိပ်လို ပြန်တဲ့အခါကျတော့ အတိမဟန္တ ကို very great၊ မဟန္တကို great၊ ပရိတ္တကျတော့ small၊ အဟိပရိတ္တ
ကျတော့ very small လို့ ဒီလိုပြန်လေ့ရှိကြတယ်၊ ဒါက အဆင်းအာရုံ တစ်ခုတည်းကို ကြည့်ပြီးပြောတဲ့
စကားမျိုးဖြစ်တယ်၊ အာရုံငါးပါးလုံးနဲ့ ပြောမယ်ဆိုရင် ပါဠိစာပေကတော့ “အတိမဟန္တ, မဟန္တ, ပရိတ္တ,
အတိပရိတ္တ” လို့ လာရောက်ပြီးတော့ ထင်တဲ့ အာရုံရဲ့
အနေအထားတွေ ဒီဂရီတွေကို ဒီလိုခွဲပြီးပြောတာ။
နားက ကြားရတဲ့ အသလေးလည်း လေးမျိုးထပ်ပြီးတော့
ခွဲလိုက်တယ်၊ “သဒ္ဒါရုံက ကျယ်တယ်, သိပ်ကျယ်တယ်, တိုးတယ်,
သိပ်တိုးတယ်”၊ နောက် နှာခေါင်းက အနံ့ကျတော့လည်း
ထို့အတူပဲ၊ “အနံ့က သိပ်ပြင်းတယ်, ပြင်းတယ်, မပြင်းဘူး,
သိပ်မပြင်းဘူး”၊ ဒီလိုခွဲလို့ရတယ်ပေါ့။ အရသာဆိုလည်း
ထို့အတူပဲ၊ လူတွေသုံးတဲ့ ဝေါဟာရတွေနဲ့ “ချိုတယ်ဆိုရင်လည်း သိပ်ချိုတယ်, ချိုတယ်၊
မချိုဘူး, အလွန်ကို မချိုဘူး”၊ ဒီလို လေးမျိုးလေးမျိုး ခွဲခွဲပြီးတော့
သွားတယ်၊ ထိခိုက်တာလည်း အတူတူပဲ၊ “သိပ်ပြင်းထန်တယ်, ပြင်းထန်တယ်, ညင်သာတယ်,
သိပ်ညင်သာတယ်”၊ ထိခိုက်တာချင်း မတူဘူး၊ ပူတာ အေးတာနဲ့ပြောရင်
“သိပ်ပူတယ်, ပူတယ်, မပူဘူး, အလွန်ကို
မပူဘူး”၊ “သိပ်အေးတယ်,
အေးတယ်, မအေးဘူး, အလွန်မအေးဘူးပေါ့”၊ လေးမျိုး လေးမျိုးခွဲသွားတာပဲ။
ဝိဘာဝနီ ဋီကာကျော်ကျမ်းမှာတော့
အာရုံတို့၌ စိတ်တို့၏ ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်တယ်။ အဲဒီအဖွင့်ကို လယ်တီဆရာတော်ကြီးက
သဘောမကျဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အတိပရိတ္တာရုံကျတော့
အာရုံပေါ်မှာ စိတ်မဖြစ်ဘူး၊ အဝင်စိတ်ပဲ ဖြစ်တယ်၊ ဝီထိစိတ်ဖြစ်မှ မဖြစ်ဘဲကိုး၊ အဲဒါကြောင့်မို့
‘အာရုံတို့၌ စိတ်တို့၏ဖြစ်ခြင်း’ ဆိုတဲ့ အဓိပ္ပာယ်က အမှန်ဘူး၊ မခြုံမိဘူး၊ မငုံမိဘူး လို့ပြောတာ။
ဒါကြောင့်မို့လို့ လယ်တီဆရာတော်ကြီးဆိုလိုတဲ့
အဓိပ္ပာယ်က ဝိသယပ္ပဝတ္တိဆိုတာ ‘စိတ်တံခါးတို့၌ အာရုံတို့နဲ့ဖြစ်ပုံ
၎-မျိုး၊ တံခါးဝကနေ အာရုံတွေရဲ့ ဆက်သွယ်လာမှုလေးမျိုး’ လို့ ဒီလို ပြောတယ်။ အရုံတွေရဲ့ အမျိုးအစားလေးမျိုး လို့၊
အဲဒါကို စာပေလို ရေးသားတဲ့ အခါကျတော အတိမဟန္တာရုံ, မဟန္တရုံ, ပရိတ္တရုံ, အတိပရိတ္တရုံလို့
သုံးတယ်။ (အဲဒီဟာကို ဖတ်ကြည့်လိုက်လို့ရှိရင် ဘုန်းကြီးကျောင်းရဲ့ နညမလို ဖြစ်နေတယ်နော်။)
အတိမဟန္တာရုံဆိုတာ အလွန်ကြီးတဲ့အာရုံကို
ပြောတာ၊ အဲဒီလို မျက်စိကမြင်ရတဲ့ အာရုံတွေထဲမှာ အလွန်ကြီးတဲ့ အာရုံရှိသလို အလွန်သေးတဲ့အာရုံလည်းရှိတယ်၊
ကြီးတဲ့အာရုံရှိတယ်၊ သေးတဲ့အာရုံလည်း ရှိတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ ငါးဒွါရမှာ
အာရုံတွေရဲ့ ဖြစ်မှုဟာ အခုလို လေးမျိုးကွဲသွားတယ်။ အဲဒီလို အာရုံဖြစ်မှု လေးမျိုးကွဲသွားတဲ့အခါမှာ
စိတ်တို့ရဲ့ ဖြစ်စဉ်ဟာလည်း ကွဲပြားခြားနားသွားတယ်၊ မတူနိုင်ဘူးပေါ့။
ဒီနေရာမှာ အတိမဟန္တ - အလွန်ကြီးတယ်ဆိုတာ ဘာပြောတာတုန်းဆိုလို့ရှိရင် . . ကြီးတယ်ဆိုတာ
အရာဝတ္ထုကြီးက ကြီးလို့လည်း ကြီးတယ်လို့ပြောယ်၊ အလင်းအားကောင်းလို့, အမြင်အားကောင်းလို့,
သိသာမြင်သာလို့ရှိရင်လည်း ကြီးတယ်လို့ ပြောရမှာပဲ၊ ကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်နော်၊ ဟိုလို
အကြီးစားကြီး ကြီးမှ ဒီလိုမဟုတ်ဘူး၊ အရာဝတ္ထုကြီးလို့ ကြီးတယ်လို့ပြောမယ်, အလင်းရောင်
အားကောင်းလို့ရှိရင်လည်း အဲဒီလောက် မကြီးပေမယ့်လို့ ခပ်သေးသေးလေး ဖြစ်ပေမယ့် ရှင်းရှင်းလင်းလင်းကြီး
သိသာမြင်သာလွန်းလို့ရှိရင်လည်း အတိမဟန္တ လို့ ဒီလိုပဲခေါ်တယ်၊ မြင်သာတယ်လို့ ဆိုတယ်။
Eye door မျက်စိတံခါးပေါက်ကို လာပြီးတော့
ဆက်သွယ်တဲ့ အာရုံတွေဟာ တောင်ကြီးလိုကြီးတဲ့ အာရုံတွေလည်းဖြစ်မယ်, သိပ်ပြီးတော့ ထင်ရှားတဲ့
အာရုံတွေလည်းဖြစ်နိုင်တယ်, အလင်းအားကောင်းလို့ ပေါ်လွင်လာတဲ့ အာရုံလည်း ဖြစ်နိုင်တယ်လို့
ဒီလို ဆိုလိုတာ၊ အဲဒီ အတိမဟန္တ ဆိုတဲ့ အလွန်အားကြီးတဲ့အာရုံ ဖြစ်လာလို့ရှိရင်၊ မျက်စိထဲမှာ
ပေါ်လာလို့ရှိရင် စဉ်းစားစရာ မလိုတော့ဘူး၊ ချက်ချင်းထင် ထင်မှန်းသိတယ်။
အေး၊ ကောင်းပြီ - ပဉ္စဒွါရနဲ့ ပတ်သက်လို့ရှိရင်
ဝိသယပ္ပဝတ္တိ က ၄-မျိုးရှိတယ်၊ (၁) အတိမဟန္တ, (၂) မဟန္တ, (၃) ပရိတ္တ, (၄) အတိပရိတ္တ ဆိုတဲ့
၎-မျိုး။
Mind door လို့ခေါ်တဲ့ မနောဒွါရနဲ့
ပတ်သက်လို့ရှိရင် စိတ်ထဲမှာ ပေါ်လာတာတော့ ကြီးတယ်, သေးတယ်လို့ ပြောလို့မရဘူး၊ စိတ်ထဲမှာ
ဖြစ်တာကို အကြီးအသေးလို့ ခွဲလို့မရဘူး၊ အဲဒီတော့ ဘယ်လိုခွဲရတုန်း ဆိုတော့ “ထင်ရှားတယ်၊ မထင်ရှားဘူး”။
အတိတ်က အကြောင်းအရာတွေ ပြန်တွေးတဲ့အခါကျတော့
“ငါ အကြီိးကြီးမြင်တယ်” လို့ ပြောလို့ မရဘူး၊ “ထင်ထင်ရှားရှား
ပေါ်လာတယ်” လို့ပဲ ပြောလို့ရတယ်တော်၊ ဟုတ်ရဲ့လား၊
စိတ်ထဲမှာ ဝိုးတိုးဝါးတားလား, ထင်ထင်ရှားရှားလား ဒါပဲပြောရမှာ၊ မျက်စိနဲ့ မြင်ရတာ မဟုတ်ဘူး၊
နားနဲ့ ကြားရတာ မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အာရုံတွေကို ပြန်စဉ်းစားတဲ့အခါမှာ စိတ်ထဲမှာ ပေါ်တာကျတော့
တချို့ အကြောင်းအရာလေးတွေက ရှင်းရှင်းကြီး ပေါ်နေတယ်၊ ဒီနှစ်ခုနဲ့ခွဲတာ၊ ပါဠိစာပေမှာ
ထင်ထင်ရှားရှားကို “ဝိဘူတ”
လို့ ခေါ်တယ်၊ မထင်မရှား ဝိုးတိုးဝါးတားကိုကျတော့ “အဝိဘူတ” လို့ခေါ်တယ်။ ထင်ရှားတာနဲ့ မထင်ရှားတာ။
ဒါ ကိုယ့်ဘဝလက်တွေ့နဲ့ ပြန်ကြည့်လည်း
သိတာပဲ၊ ညက အိမ်မက်မက်တယ်၊ မှတ်မိတယ်၊ ထင်ရှားတယ်၊ တစ်ခါတစ်ရံကျတော့ အိမ်မက်က ဝိုးတိုးဝါးတား
ဖြစ်နေတယ်၊ မထင်ရှားဘူး၊ အဲဒါမျိုးလိုပဲ စိတ်ထဲမှာပေါ်လာတဲ့ အာရုံက ထင်ရှားတာနဲ့ မထင်ရှားတာ
၂-မျိုး ခွဲရတယ်။
ယခုလို စိတ်တံခါးတွေမှာ အာရုံပေါ်လာပုံဟာ
ဒီဂရီအားဖြင့် ၆-မျိုး ရှိတယ်။ ပဉ္စဒွါရ ဆိုတဲ့ ငါးဒွါရမှာ ၄-မျိုး၊ မနောဒွါရ လို့ဆိုတဲ့
mind door မှာ ၂-မျိုး၊ အဲဒါကို ဝိသာပ္ပဝတ္တိ ၆-မျိုးလို့ စာပေက ဆိုတယ်။
အဲဒီ ဝိပသပ္ပဝတ္တိ ၆-မျိုးအလိုက်
စိတ်ဖြစ်စဉ်တွေကလည်း ကွဲပြားခြားနားမှု ရှိသွားတယ်။ အာရုံက ထင်ရှားရင် ထင်ရှားသလောက်,
ကြီးရင် ကြီးသလောက် စိတ်ဟာ လျင်လျင်မြန်မြန် ဖြစ်နိုင်တာပေါ့။ တံခါးက ဝင်လာတဲ့ အခါမှာ
လျင်လျင်မြန်မြန် ရောက်လာမှာ၊ အာရုံက မပြင်းထန်ဘူးဆိုရင် အာရုံဝင်ရောက်မှု က နှေးကွေးတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက “မြန်တယ်, သိပ်မြန်တယ်,နှေးကွေးတယ်,
သိပ်နှေးကွေးတယ်” အဲဒီလို သုံးတယ်။ နှေးကွေးတယ်ဆိုတာ
လူက ဝင်လာတဲ့အာရုံကို ရုတ်တရက် စိတ်နဲ့မတွေ့ဘူးပေါ့, စိတ်က မဖမ်းနိုင်ဘူး၊ ဒါကို ဆိုလိုတာ။
မျက်စိတံခါးနဲ့ ပတ်သက်ပြီး စိတ်တွေ
ဖြစ်ပေါ်လာပုံ ကို လေ့လာကြည့်ရအောင်၊ လူတိုင်းလူတိုင်းဟာ မျက်လုံးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်
မြင်စရာတွေ မြင်နေကြတာ မဟုတ်လား။ အဲဒီလို မြင်စရာတွေ မြင်နေတဲ့အခါမှာ မတူညီတဲ့ စိတ်ဖြစ်စဉ်တွေ
ဖြစ်တယ်တဲ့။ အခုပြောတဲ့ အလွန်ကြီးတဲ့၊ အလွန်မြင်သာထင်သာ ရှိတဲ့ အဆင်းအာရုံကြီးတစ်ခုကို
မြင်လိုက်လို့ရှိရင် ချက်ချင်းလက်ငင်းဆိုသလို မကြာခင်မှာပဲ စိတ္တက္ခဏ ၃-ချက်လောက် အလွန်မှာ
ဒီအာရုံဟာ စိတ်ထဲမှာ ပေါ်လာနိုင်ပြီ၊ ဖမ်းယူမိသွားပြီ လို့ဆိုလိုတယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်တွေက
ဖမ်းယူလိုက်ပြီ။
(လူတွေရဲ့
ဘဝမှာ ပကတိစိတ်ရဲ့ အစဉ်ဟာ ရှိနေတယ် ဆိုတာကို မမေ့နဲ့၊ ပင်ကိုယ်အားဖြင့် အဲဒီ ဘဝင်စိတ်အစဉ်လေး
ရှိနေတယ်) အဲဒီ ဘဝင်စိတ်အစဉ်လေး ရှိနေတဲ့ အချိန်မှာ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်လို့
ကြီးမားတဲ့ အာရုံကြီးတစ်ခုဟာ မျက်လုံးထဲမှာ ထင်ဟပ်လာပြီဆိုရင် ခုနက ပင်ကိုယ်စိတ်လို့
ခေါ်ရတဲ့ ဘဝင်စိတ်ကလေးက သူ့အရှိန်နဲ့သူ ပြေးနေတာ၊ သူ့အာရုံနဲ့သူ ပြေးနေတဲ့ ဘဝင်စိတ်ကလေးဟာ
အနည်းဆုံး ဘဝင်စိတ်ကလေး ၃-ကြိမ်လောက် ဆက်ဖြစ်ပြီးတော့မှ ဟောဒီအလွန်ကြီးတဲ့ အာရုံဟာ
မျက်စိတံခါးမှာ လာ ဆက်သွယ်မိသွားတယ်လို့ပြောတယ်၊ အဲဒီကျမှ စိတ်နဲ့ လာဆက်သွယ်မိတာ၊ ချက်ချင်းကြိး
ဖြစ်ဖြစ်ချင်း မဆက်သွယ်မိဘူးလို့ပြောတာ။
အဲဒါကို စာပေလိုပြောတော့ ‘ဥပါဒ်’ လို့ ပြောတယ်၊ ‘ရူပါရုံနဲ့ စက္ခုပသာဒတို့ ဥပါဒ်ကြသောအခါ’၊ တစ်ခါတစ်လေကျတော့ ဝေါဟာရက စာလို ရေးထားတဲ့အခါကျတော့ နားမလည်ဘူး
ဖြစ်တက်တယ်နော်၊ အာရုံလေးက စိတ်ထဲမှာ လာပေါ်ဖို့ရန် အတွက်မူလက ဖြစ်စဉ်ဖြစ်တဲ့ အဝင်စိတ်အရှိန်က
သွားနေတာ၊ အဲဒီထဲမှာ မျက်စိတံခါးပေါက်ကို ရူပါရုံဆိုတဲ့ အာရုံအသစ်ဟာ ထိုးဖောက်ပြီးတော့
ဝင်ရောက်လာတာ၊ အဲဒီလို ဝင်ရောက်လာတဲ အခါကျတော့ အတွင်းက ဖြစ်စဉ်ဖြစ်တဲ့ ဘဝင်စိတ်လေးဟာ
၃-ခါလောက် ဖြစ်ပြီးတော့မှ ရပ်တန့်သွားတယ်၊ ဒါ အနည်းဆုံးပဲ၊ ၃-ခါထက် လျော့ပြီးတော့ ရူပါရုံက
စိတ်အသစ်နဲ့ တွေ့တာမဟုတ်ဘူး၊ အဲဒါကို စာလို ပြောတဲ့အခါကျတော့ ရူပါရုံလေးမွေးဖွားလာတယ်၊
ဒီမျက်စိထဲမှာ ပေါ်လာပြီတဲ့နောက် ဖြတ်သန်းကျော်လွန်ခဲ့ရတဲ့ စိတ္တက္ခဏလေးကို ဒါကို အတီတ
ဘဝင်စိတ်လို့ခေါ်တယ်။
အဲဒီ အတီတဘဝင်စိတ်ကလေးကလည်း ခဏငယ်
၃-ခုရှိတယ်၊ ဥပါဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ခဏငယ် ၃-ခု ရှိတယ်၊ အဲဒီ စိတ္တက္ခဏလေး ၁-ခု ဆိုတာဟာ
ပြောမယ်ဆိုလို့ရှိရင် ကုဋေတစ်သိန်ရဲ့ အပုံတစ်ပုံလို့ ဒီလိုပြောရမှာ။ ဆိုပါစို့ - စိတ်ရဲ့
စိတ္တက္ခဏလေး ၂-ခုဟာ တစ်စက္ကန့် ဆိုလို့ရှိရင် စက္ကန့်ကလေး တစ်သိန်းရဲ့ အပုံတစ်ပုံပဲရှိတယ်၊
အဲဒီလောက်အောင် တိုတောင်းတယ်လို့ ပြောတာနော်။
အဲဒီဘဝင်စိတ်လေးဟာ သူ့အာရုံနဲ့သူ
ပြေးနေတာ၊ ရူပါရုံလေးနပြ လာဆုံးစည်းလိုက်တဲ့ အချိန်လေးမှာ သူက ရူပါရုံကို မဖမ်းနိုင်ဘူး၊
မဖမ်းနိုင်ဘဲနဲ့ အဲဒီဘဝင်စိတ်လေးဟာ သူ့အာရုံနဲ့သူပြေးနေတာ၊ တစ်စိတ် လွန်သွားပြီ၊ ဒပေမယ့်
ရူပါရုံလေးကို မမိလိုက်သေးဘူး၊ ဖမ်းတဲ့စိတ် မပေါ်သေးဘူး၊ ပြီးတဲ့အခါကျတော့ အင်နဲ့အားနဲ့
အသစ်ဝင်လာတဲ့ ရူပါရုံကြောင့် အဲဒီ ဘဝင်စိလေးဟာ အခြေအနေ ပြောင်းလဲဖို့ရာအတွက် လှုပ်ရှားတယ်၊
လှုပ်ရှားလာလို့ တည်ငြိမ်မှု ပျက်ပြားတယ်၊ အဲဒါကို ‘ဘဝင်္ဂစလန’ ဘဝင်လှုပ်တယ်လို့ ခေါ်တယ်၊ အဲဒါက ဒုတိယစိတ္တက္ခဏ။
လှုပ်ပြီးတဲ့တောက်ကျောတ့ ၄-ကြိမ်မြောက်
တတိယဘဝင်စိတ်ကလေး စြဖ်ပြီးတဲ့အချကျတော့ ဘဝင်အရှိန်ဟာ ပြတ်ထွက်သွားတယ်၊ ဘဝင်အရှိန်ပြတ်ထွက်သွားခြင်းသည်
အာရုံကလေးက စိတ်အသစ်နဲ့ တွေ့ဆုံခြင်းပဲ၊ အဲဒီကျမှတွေ့တာ၊ အဲဒီအာရုံလေးပေါ်မှာ အာရုံပြုတဲ့စိတ်သည်
ဘဝင်စိတ် ၃-ခါ ဖြစ်ပြီးတဲ့ အခါမှ တွေ့တယ်တဲ့၊ ဒါ အလွန်လျင်မြန်တာ၊ ဒါ အဘိဓမ္မာက ပြောလို့သိသာသိရတာ၊
သာမန်သိဖို့ရန် အင်မတန်မှ ခဲယဉ်းပါတယ်၊ မသိနိုင်လောက်ပါဘူးနော်၊ ဒါ ‘စိတ္တနိယာမ’ ပဲလေ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** The Law of Nature သဘာဝနိယာမတရားဆက်လက်ပူဇော်ပါမည်။