၃။
ပြည်ရွှေဘို-ပြည်ရွှေဘို
ဓမ္မဂုတ်။ ။ ဥုးဇနကရေ…ကိုယ်တော်က
ဒီမြန်မာနိုင်ငံကို အကောင်းလို့မြင်တာတော့ ဟုတ်ပါပြီ၊ အထက်နိုင်ငံနှင့်
အောက်နိုင်ငံတော့ ဘယ်မှာ ပို၍ သဘောကျသလဲ။
တပည့်တော်။ ။မွေးဖွားပြီး အတော်ကြာကြာ နေဘို့အတွက်
အထက်နိုင်ငံသဘောကျပါတယ်။လူ့ဘဝနဲ့ သတက်လုံးနေဘို့တော့ အောက်နိုင်ငံကိုသဘောကျပါတယ်။
ဓမ္မဂုတ်။ ။ ဘာ့ကြောင့်လဲ ကိုယ်တော်။
တပည့်တော်။ ။ အထက်နိုင်ငံက များသောအားဖြင့် ဘာသာရေးဘက်မှာ
ကျွမ်းကျင်တဲ့ ဆရားတော်များရဲ့ အဆုံးအမကို ရနိုင်ပါတယ်၊ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်က
ဘာသာရေးအသားကျဘို့ လိုပါတယ်၊ အောက်နိုင်ငံမှာ ဘာသာရေးဘက်က ဆုံးမမဲ့ဆရာတော်များ
ရှိတန်သလောက်ရှိပါတယ်၊ ဒါပေမဲ့ အထက်နိုင်ငံလောက်မများတော့ ကံကောင်းသူတို့သာ
တွေ့နိုင်ကြပါတယ်၊ ဥတုရေမြေနှင့် အစာအာဟာရကျတော့ အောက်နိုင်ငံက အများအားဖြင့်
သာပါတယ်၊ နိုင်ငံရေးဗဟုဿုတလဲ အောက်နိုင်ငံက သာပါတယ်၊ ရန်ကုန်က မြို့တော်ဖြစ်တော့
ခေတ်ပညာလဲ အောက်နိုင်ငံက အထက်တန်းပညာအတွက် လွယ်ကူပါတယ်၊ ဒါကြောင့်လူ့ဘဝနဲ့
စဉ်းစားရင်တော့ အထက်နိုင်ငံမွေးပြီး အောက်နိုင်ငံကြီးရတာ ကောင်းပါတယ်။
တပည့်တော်။ ။ ရဟန်းဘဝဆိုတာ ပစ္စည်း ၄ ပါးမျှတရုံ
ကောင်းပါတယ်၊
အောက်နိုင်ငံက
ပေါများတော့ ပရိယတ် ပဋိပတ်ဘက်မှာ အတိုးတက်နဲပါတယ်၊ အထက်နိုင်ငံမှာတော့
(ကျောင်းမှတပါး) ကျန်ပစ္စည်းက မပေါများပါဘူး၊ သို့သော် မျှတရုံတော့ နေနိုင်ပါတယ်၊
ပညာရှိဆရာတော်များလဲ အောက်နိုင်ငံစာလျှင် အထက်နိုင်ငံကိုပင် သဘောကျပါတယ်။
ဓမ္မဂုတ်။ ။ အထက်နိုင်ငံမှာတော့ ဘယ်နယ်ကို
သဘောအကျဆုံးလဲ ဘုရား။
တပည့်တော်။ ။ ဟဲဟဲ………ဒါကတော့ ရွေဘိုနယ်ပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်ငါးချဉ်တော့
ကိုယ်ချဉ်ရမှာပေါ့နော်။
တပည့်တော်။ ။ အကြောင်းမဲ့ မဟုတ်ပါဘူး, အကြောင်းလဲရှိပါတယ်။
ဓမ္မဂုတ်။ ။ ဘာအကြောင်းလဲ ကိုယ်တော်။
တပည့်တော်။ ။ အရှင်ဘုရားဘဲ စဉ်းစားကြည့်ပါလား၊
တပည့်တော်တို့ရဲ့ ကျွန်ဘဝမရောက်ခင် (ရောက်သည့်အဆက်မှာ) ရာဇဝင်အထင်ရှားဆုံး မင်းဟာ
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ မဟုတ်ပါလား။
ဓမ္မဂုတ်။ ။ ရိုးရိုးအသံနဲ့ ပြောပြပါကိုယ်တော်၊
ကိုယ်တော်က ရွေဘိုအကြောင်းပြောမှ အသံကျယ်လာလိုက်တာ။
တပည့်တော်။ ။ ကျယ်မှာပေါ့ဘုရား ဇာတိသွေး ဇာတိမာန်ဆိုတာ
ထိမ်ချန်လို့ ရကောင်းတာ မဟုတ်ဘူး။
ဓမ္မဂုတ်။ ။ ဦးအောင်ဇေယျ ဘုန်းလက်ရုံးကြီးတာနဲ့
ကိုယ်တော်နဲ့ ဘာဆိုင်တုန်း။
တပည့်တော်။ ။ ဦးအောင်ဇေယျရဲ့ ထန်းတုံးတပ်မြို့ တည်တုန်းက
ဘယ်နယ်သားတွေ ပါမယ်ထင်တုန်း, ရွှေဘိုနယ်သားတွေချည်း မဟုတ်ပေဘူးလား။
ဓမ္မဂုတ်။ ။ ဒါတော့ဟုတ်မှာပေါ့ ကိုယ်တော်။
တပည့်တော်။ ။ရွှေဘိုနယ်သားမှန်လျှင် ဒီရာဇဝင်
မမေ့ကောင်းဘူးဘုရာ့။
ဓမ္မဂုတ်။ ။ အနို့………ကျွန်ဘဝ ရောက်တော့လဲ
အဲဒီရွှေဘိုမင်းဆက်ဘဲ မဟုတ်လား။
တပည့်တော်။ ။ မှန်ပါတယ်…မူလလူကြီးတွေရဲ့ အရှိန်ကိုယူပြီး
“ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူသလေး ဘာလေးလဲ” နဲ့ ရွှေဘိုသွေးပျောက်သွားလို့
သူတပါးလက်အောက် ရောက်ရတာပါ။
ဓမ္မဂုတ်။ ။ လက်နက်မှမရှိဘဲ, ရွှေဘိုသွေးကော
ဘာတတ်နိုင်မှာလဲကိုယ်တော်။
တပည့်တော်။ ။ ရွှေဘိုသွေးပီလျှင် အင်္ဂလိပ်နဲ့
ပဌမစစ်ကိုဘဲမဖြစ်ရအောင်ကြိုးစားမှာဘဲ, မရှောင်သာလို့ ပဌမစစ်ဖြစ်ရရင်လဲ
ရန္တပိုစာချုပ် ချုပ်ပြီးတဲ့ နောက်တော့ကိုယ်တော်… “ဘုန်းတော်အလွန်တရာ
ကြီးမြတ်တော်မူလှသော” ဆိုတဲ့ ဂုဏ်ပုဒ်တွေဖြုတ်ပြီး မင်းရော မိဖုရားတွေရော
တနိုင်ငံလုံး အလုပ် လုပ်မှာပေါ့ဘုရား။
ဓမ္မဂုတ်။ ။ ကိုယ်တော့မှာ ခုအထိ
ရွှေဘိုသွေးရှိသေးသလား။
တပည့်တော်။ ။ တပည့်တော်က ကျောင်းတိုက်မှာ သစ်ပင်က
သစ်ခက်တို့ ဘာတို့ ဖြတ်စရာရှို ရွှေဘိုနယ်က ကိုယ်ရင်ကို ခိုင်းတဲ့အခါ
“ငါ…ရွှေဘိုသားလို့ ကြုံးဝါးပြီး တစ်ချက်ထဲနဲ ပြတ်အောင်ဖြတ်”လို့ ခိုင်းတာဘဲ။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ယခုအထိ
ရွှေဘိုသွေးရှိသေးတာပေါ့နော်။
တပည့်တော်။ ။ သာသနာတော်ကို မြှင့်တင်လိုတဲ့စိတ်တွေ
ပြင်းပြနေတာလဲ မြန်မာသွေး ဘာသာသွေးနှင့် ရွှေဘိုသွေး မကင်းဘူး ဘုရား။
ဓမ္မဂုတ်။ ။ သာဓုပါ ကိုယ်တော် သာဓုပါ၊
ရွှေဘိုသားလဲပီ, မြန်မာတိုင်းဘွားလဲပီ, ဗုဒ္ဓဘာသာလဲ ပီပါပေတယ်။
တပည့်တော်။ ။ “ဗုဒ္ဓဘာသာပီ”ဆိုပေမဲ့ အခြားဘာသာကို
အထင်မသေးပါဘူး ဘုရား၊ အခြားဘာသာများလဲ လောကီကောင်းကျိုးကို ညွှန်ပြကြပါတယ်၊
လူအများစုဟာ ကိုယ့်ဆိုင်ရာ ဘာသာနဲ့ အဆုံးအမကို လိုက်နာကြမယ်ဆိုရင်တော့
ဘာသာတိုင်းမှာပင် လူတော် လူကောင်းတွေ ဖြစ်နိုင်ကြပါတယ် ဘုရား။
ဓမ္မဂုတ်။ ။ ကိုင်းကိုင်း……ရွှေဘိုမြို့အကြောင်း
ပြောရင်းတော့ ရာဇဝင်စာအုပ် ကြည့်တုန်းက မင်းကြီးဗန္ဓုလ ကျဆုံးတဲ့အခဏ်း တွေ့တဲ့အခါ
ဝမ်းနဲလို့မှ မဆုံးသေးဘူး စာရွတ်လေးငါးရွက်လောက် ကျော်တဲ့အခါမှာ အင်္ဂလိပ်တွေက
အဘက်ဘက်၌ အထက်စီးနဲ့ ချုပ်တဲ့
စာချုပ်တွေ့ရတော့ စိတ်တွေဘယ်လိုဖြစ်သွားမှန်း မသိအောင် လှုပ်ရှားပါတယ်ဘုရား။
ဓမ္မဂုတ်။ ။ နိုင်ငံသွေး ဘာသာသွေးတွေ ဆူလာလို့
ရှေ့ကို မတိုးတော့ဘဲ ရွှေဘိုဗုံကြီးသံနဲ့ နိဂုံးအုပ်ပါစို့ ကိုယ်တော်၊
ညီညီနော်…ညီညီ ညီညီ။
ရန်ကြီးအောင်-ကုန်းဘောင်ခပါလို့
ငါးမည်ရ ပြည်ရွှေဘို…ဘေး…ရန်ကပြို၊ မုဆိုးကို ရန်ပြိုတဲ့နာသိင်္ဃ ဘိုးတော်ဒေသ။
♣ ဆရာတော်ကြီး ကိုယ်တိုင်ရေးသာတော်မူသော တစ်ဘဝသံသရာ စာအုပ်မှ ♣
♣♣ ဆက်လက်ပူဇော်ပါမည်။