ဒါပေမယ့်လို့
ဣဋ္ဌာရုံ အနိဋ္ဌာရုံ လိုချင်စရာအာရုံနဲ့ မလိုချင်စရာအာရုံ ဆိုတာကျတော့ ဘာနဲ့ ခွဲတာတုန်းဆိုရင်
General consensus လူအများစု ယေဘုယျသတ်မှတ်ချက်နဲ့ပဲ ပြောရမယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့
ဒူးရင်းသီးပဲ ကြည့်ဦး၊ ကြိုက်တဲ့သူကျတော့ ဣဋ္ဌာရုံ၊ မကြိုက်တဲ့သူကျတော့ အနိဋ္ဌာရုံ၊ ဟုတ်ရဲ့လား၊
မကြိုက်သူက နံတယ်ပြောတာပဲ၊ ကြိုက်တဲ့သူက မွှေးတယ်လို့ ပြောတာပဲ၊ မွှေးတဲ့သူအဖို့ ဣဋ္ဌာရုံဖြစ်ပြီးတော့
နံတဲ့သူအဖို့ အနိဋ္ဌာရုံ ဖြစ်နေတယ်၊ ငပိလည်း ထို့တူပဲ၊ ငပိကြိုက်တဲ့သူက မွှေးတယ်၊ ငပိမကြိုက်တဲ့သူက
နံတယ်၊ ဣဋ္ဌာရုံနဲ့ အနိဋ္ဌာရုံကို ပြောတာ။
ဣဋ္ဌာရုံမှာ သဘာဝဣဋ္ဌာရုံ၊ ၂-မျိုးရှိတယ်။
လူဆိုတာ ကိုယ်ထင် ခုတင်ရွှေနန်းပဲလေ။ သို့သော် ဣဋ္ဌာရုံဆိုတာ ကိုယ်ကြိုက်လို့ ဣဋ္ဌာရုံလို့ပြောတာမဟုတ်ဘူး၊
ကိုယ်မကြိုက်တဲ့ အနိဋ္ဌာရုံလို့ ပြောတာမဟုတ်ဘူး၊ အဲဒါဆိုရင် လွဲချော်ကုန်မှာပေါ့။ အဲဒီတော့
ဆိုလိုတာက General consensus ယေဘုယျ သတ်မှတ်ချက်၊ အများကြိုက်တဲ့အကြိုက်နဲ့ သတ်မှတ်ရမယ်၊
တစ်ဦးချင်း အနေနဲ့ ပြောလို့မရဘူး။
ဒွါရ ပြောင်းရင်လည်း ဣဋ္ဌ အနိဋ္ဌ ဆိုတာ
ပြောင်းသေးတယ်၊ ဆိုပါစို့ - ရွှေက တန်ဖိုးရှိတဲ့ အရာမို့လား၊ အဲဒီ ရွှေချောင်းနဲ့ ခေါင်းချလိုက်လို့ရှိရင်
ချမ်းသာမလား၊ ဆင်းရဲမလား၊ “ဆင်းရဲပါမယ် ဘုရား”၊ ဟော ကာယဒွါရ ရောက်တဲ့အခါကျတော့ ဒုက္ခဖြစ်ပြန်ရောနော်၊
မျက်စိထဲမှာ လှပေမယ့်လို့ ထိလိုက်လို့ရှိရင် မာကျောတယ် ဆိုတော့ ဒုက္ခဖြစ်သေးတာပဲ၊ ဒွါရပြောင်းရင်
ပြောင်းတယ်ဆိုတဲ့ သဘောကို ပြောတာနော်။
ဆိုပါစို့ - မစင်အညစ်အကြေးက မျက်စိက
ကြည်တယ်၊ နှာခေါင်းက ဆိုရင်တော့ အင်မတန်နံတယ်၊ လက်နဲ့စမ်းကြည့်ရင်တော့ အိစက်စက်ကလေးနေမှာပဲ၊
အဲဒီတော့ ဖောဋ္ဌဗ္ဗာ အတွေ့ကျတော့ မကောင်းဘူးလား၊ ကောင်းတယ်၊ သို့သော် ဒီပြင် ဒွါရနဲ့ ကျတော့
မကောင်းဘူး၊ အဲဒီလို ဒွါရပြောင်းသွားရင် ကောင်းမကောင်းဆိုတာကလည်း ပြောင်းတယ်လို့ မှတ်တာပေါ့။
ပုံမှန်ယူလို့ မရဘူးလို့ ပြောတာ၊ အဲဒီတော့ ဣဋ္ဌ အနိဋ္ဌ ခွဲတာ ယေဘုယျအားဖြင့် ခွဲခြားတဲ့သဘောလို့
ဒီလိုမှတ်ရမယ်။
သဘာဝဣဋ္ဌာရုံဆိုတာ ပင်ကိုယ်က နှစ်သက်စရာကောင်းတဲ့
အာရုံ၊ ဥပမာ - ပန်းကလေးတွေ အလွန်ပဲ နှစ်သက်စရာကောင်းတယ်၊ ပရိကပ္ပဣဋ္ဌာရုံ ကျတော့ အဲဒီလို
မဟုတ်ဘဲနဲ့ ကိုယ်ကြိုက်လို့ ကောင်းနေကြတာ၊ ဆိုပါစို့ - ခွေးသေကောင်ပုပ်ဟာ လူတွေအတွက် နှာခေါင်းပိတ်လောက်အောင်
စက်ဆုပ်စရာ ဖြစ်ပေမယ့်လို့ လင်းတတွေ အတွက်တော့ ဝမ်းသာစရာ ဖြစ်မနေဘူးလား၊ ဒါ ကြိုက်တာကိုး
သူတို့ကနော်၊ အဲဒါလိုပေါ့ ပရိကပ္ပဣဋ္ဌာရုံဆိုတာ “ကိုယ်ထင်
ခုတင်ရွှေနန်း” ဆိုတာမျိုး ပြောတာ။
အေး ကောင်းပြီ - သမ္ပဋိစ္ဆိုင်း ဆိုတဲ့စိတ်သည်
အဲဒီလို ကောင်းတဲ့အာရုံနဲ့ တွေ့ကြုံပြီးလို့ လက်ခံရရင် ကုသိုလ်ရဲ့ကျိုး ကုသလဝိပါတ်၊
မကောင်းတဲ့အနိဋ္ဌာရုံဆိုရင် အကုသိုလ်ရဲ့ အကျိုး အကုသလဝိပါတ် ပေါ်တယ်လို့မှတ်ရမယ်။ သို့သော်
သူပေါ်လာရခြင်းက အာရုံဝတ္ထု ဆုံစည်းမှုတွေရဲ့ စွမ်းအားကြောင့် ပေါ်လာတာ။
အဲဒီတော့ သမ္ပဋိစ္ဆိုင်းပေါ်လို့ရတာ
ဘယ်သူကနေ ပေါ်ခွင့်ပေးလိုက်တာတုန်းဆို စက္ခုဝိညာဏ်စိတ်ကပဲ၊ စက္ခုဝိညာဏ်စိတ်ချုပ်ပေးခြင်းသည်
သမ္ပဋိစ္ဆိုင်းပေါ်ဖို့အတွက် အကြောင်းပဲ၊ အဲဒါကြောင့် ပဋ္ဌာန်မှာ “အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊
နတ္တိပစ္စယော၊ ဝိဂတိပစ္စယော” လို့ ဟောတာ၊ တစ်ခုချုပ်ပေးလိုက်တာဟာ
နောက်တစ်ခုဖြစ်ဖို့အတွက် chance ပေးလိုက်တာ၊ ဒါလည်း condition ပဲ။
နောက်ပြီးတော့ သန္တီရစိတ် - စူးစမ်းတဲ့စိတ်ကလေး၊
စူးစမ်းတဲ့စိတ်ကလေးကလည်း ကုသလဝိပါတ် အကုသလဝိပါတ် ၂-မျိုးရှိတယ်၊ ဣဋ္ဌာရုံနဲ့ ဣဋ္ဌမဇ္ဈတ္တရုံ
ဆိုရင် သေမနဿဥပေက္ခာသန္တီရဏ ဖြစ်မယ်၊ ကုသလဝိပါတ်လည်း ဖြစ်မယ်၊ အနိဋ္ဌာရုံဆိုရင် အကုသလဝိပါတ်
ဥပေက္ခာသန္တီရဏ လာမယ်၊ ကုသလဝိပါတ် အကုသလဝိပါတ် အဲဒီ ၂-ခုကွဲနေတယ်။
အဲဒီ သန္တီရဏစိတ်လေးဖြစ်ပြီးတဲ့နောက်
ဝုဋ္ဌောစိတ် တစ်ခါလာပြန်တယ်။ ဝုဋ္ဌော ဆိုတာ မနောဒွါရာဝဇ္ဇန်းပဲ။ အဲဒီတော့ မနောဒွါရာဝဇ္ဇန်းနဲ့
ကင်းပြီးတော့ ဘယ်ဇောမှ မဖြစ်ဘူးလို့ မှတ်ထားရမယ်၊ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ ငါးဒွါရမှာ သာပါတာ၊ မနောဒွါရာဝဇ္ဇန်းကျတော့ ငါးဒွါရမှာလည်းပါတယ်၊ မနောဒွါရမှာလည်းပါတယ်၊
ပဉ္စဒွါရမှာ ‘ဝုဋ္ဌော’ ဆိုတဲ့ နာမည်နဲ့လာတယ်။ သူဆောင်ရွက်တဲ့ကိစ္စက တစ်မျိုး၊ ဝုဋ္ဌော ဆိုတာ ‘ဝေါဋ္ဌပန’၊ ‘ဝိ+အာဝ ဌပန’ အာရုံတွေကို ခွဲခြမ်းစိတ်ဖြာပြီးပြတာ။ အဲဒီ ဝုဋ္ဌောဆိုတဲ့
အာဝဇ္ဇန်းဟာ အင်မတန်မှ အရေးပါတယ်။
အဲဒီ အရေးပါတဲ့ ဝုဋ္ဌော ဖြစ်ပြီးတဲ့နော်ကမျာ
“ဇော”
လာတယ်၊ ဇောစိတ်ဆိုတာ အရှိန်အဟုန်ရှိတဲ့ စိတ်မျိုး၊ အာရုံနဲ့ အလုပ်လုပ်တဲ့အခါမှာ အရှိန်အဟုန်ရှိတဲ့
စိတ်တွေ၊ ကျန်တဲ့စိတ်တွေက သာမန် ရှေ့ပြေးစိတ်တွေလောက်သာဖြစ်တယ်၊ အရှိန်အဟုန် မရှိဘူး။
ထမင်းစားတဲ့အခါ ကြည့်ပေါ့ - လက်ကလေးနဲ့
ထမင်းကို နှိုက်တယ်၊ လက်ကစားတာ မဟုတ်သေဘူး၊ နှိုက်ပြီးတော့ လက်ကနေ ယူလာတယ်၊ ယူလာပြီးတော့
ပါးစပ်ပေါက်နား တေ့တယ်၊ ပါးစပ်တံခါး ဖွင့်ပေးလိုက်တယ်၊ အတွင်းထဲ ရောက်တယ်၊ သွားက ဝါးတယ်၊
သွားကလည်း သူသိသေးတာ မဟုတ်သေးဘူး၊ လျှာကျတော့မှ အရသာခံတာ မဟုတ်လား၊ အေး - အဲဒီလိုပဲ
ဇောစိတ်ရောက်တဲ့အခါကျတော့မှ အာရုံပေါ်မှာ သဲသဲကွဲကွဲ ဖြစ်သွားတာ၊ အဲဒါကြောင့်မို့ အရှိန်အဟုန်ရှိတဲ့
အခါကျတော့မှ အာရုံပေါ်မှာ သဲသဲကွဲကွဲ ဖြစ်သွားတာ၊ အဲဒါကြောင့်မို့ အရှိန်အဟုန်ရှိတဲ့
စိတ်ဓာတ်။
အဲဒီ အရှိန်အဟုန်ရှိတဲ့စိတ် ဆိုတာတောင်မှပဲ
ဒီ ပထမဖြစ်တဲ့ ဝီထိ၊ နောက်ဆက်ဖြစ်တဲ့ ဒုတိယဝီထိ၊ တတိယဆက်ဖြစ်တဲ့ ဝီထိတွေ ကြည့်ရဦးမယ်၊
ပထမဆုံးဖြစ်တဲ့ဟာက အရှိန်အဝါ ဒီလောက် မမြင့်သေးဘူး၊ Generator လေးတစ်ခုဟာ တစ်ပတ်နှစ်ပတ်နဲ့
မီးမထွက်ဘူး၊ အပတ်ပေါင်း ရာထောင်ပြည့်ရှိမှ မီးထွက်တာ၊ စိတ်တွေကလည်း အဲဒီလို မြောက်မြားစွာ
အာရုံနဲ့ ပွတ်တိုက်ပြီးတော့မှ ထိုအာရုံကိုသိတာ၊ ချက်ချင်းကြိး သိလာတာ မဟုတ်ဘူး၊ ဒါတေက
ရှေ့ပြေးစိတ်ကလေးတွေ၊ ဒီလိုပုံစံနဲ့ ဖြစ်တယ် ဆိုတာကို ရှင်းပြတာ။
အဲဒီ ဇောစိတ် အရှိန်အဟုန်နဲ့ဖြစ်လာပြီ၊
အာရုံက ဣဋ္ဌာရုံဖြစ်ရင် (ယေဘုယျအားဖြင့် ပြောရင် အာရုံက နှစ်သက်စရာအာရုံဆိုရင်) အဲဒီဇောလေးက
ဘာဖြစ်ရတုန်းဆိုရင် လောဘဇော ဖြစ်တယ်၊ အာရုံက နှစ်သက်စရာအာရုံ မဟုတ်ဘူး၊ မုန်းတီးစရာ
ကိုယ်မလိုချင်တဲ့ အာရုံဖြစ်လာရင် အနိဋ္ဌာရုံနဲ့တွေ့ရင် ဒေါသဇော ဖြစ်ရတယ်။
ဒါဖြင့် ဣဋ္ဌာရုံနဲ့တွေ့လျက်သားနဲ့
ကုသိုလ်ဇော ဘယ်လိုလုပ်စောတုန်း၊ အရပ်ပြော ပြောလို့ရှိရင် အတွေးနှစ်ခု မတူလို့ပဲ၊ ပန်းတစ်ပွင့်
တွေ့လိုက်တဲ့အခါ “ဒီပန်းလေး ပန်ဦးမှပဲ” လို့ စိတ်ကူးရတဲ့သူ ရှိသလို၊ “ဒီပန်းလေး ဘုရားလှူဦးမှပဲ” လို့ စိတ်ကူးရတဲ့ သူရော မရှိဘူးလား၊ “ပန်ဦးမှပဲ” လို့ စိတ်ကူးရတဲ့ ပုဂ္ဂိုလ်က အတွယ်တအာ
တဏှာနဲ့ လာတာမို့လို့ သူ့ကျတော့ လောဘဇော စောတယ်လို့ ပြောရမယ်၊ “ဘုရားလှူဦးမှပဲ” လို့ စိတ်ကူးရတဲ့ ပုဂ္ဂိုလ်ကျတော့ ကုသိုလ်ဇော
စောတယ်လို့ ဒီလိုပြောရမယ်၊ အဲဒီတော့ “ဣဋ္ဌာရုံတွေ့ပြီး ကုသိုလ်ဇော ဖြစ်ဖို့ရန်
အခြားအကြောင်းတရားတွေ ရှသေးသလားဆိုရင် အများကြီးရှိသေးတယ်”။
ဣဋ္ဌာရုံနဲ့တွေ့ပြီး လောဘမဖြစ်ဘဲနဲ့
ကုသိုလ်စိတ်ဖြစ်တယ် ဆိုတာ သာမန်မဟုတ်ဘူးတဲ့၊ အချက် ၄-ချက် ရှိတယ်၊ အဲဒီ အချက် ၄-ချက်က
ကိုယ်ကိုယ်တိုင် လေ့ကျင့်ရယူမယ့် အချက် ၄-ချက်။
နံပါတ်(၁)က Determination ကိုယ့်ရဲ့စိတ်ကိုဆောက်တည်ထားရမယ်၊
ကုသိုလ်ပဲ ဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ ဘယ်အာရုံတွေ့တွေ့ အကုသိုလ် မဖြစ်စေရဘူး၊
ကုသိုလ်ပဲ ဖြစ်စေရမယ်ဆိုတဲ့ စိတ်ရဲ့ resolution ပေါ့, ဆုံးဖြတ်ချက် ရှိရမယ်၊ ဒါကို
စာပေမှာ ‘နိယမိတ’ လို့ ခေါ်တယ်၊ ကိုယ့်စိတ်ထဲက သတ်မှတ်ဆုံးဖြတ်ထားတာ၊ ဆုံးဖြတ်ချက်ရှိမယ်၊
determination ‘နိယမိတ’။
နောက်တစ်ခုက “ပရိဏာမိတ”၊ ကိုယ့်စိတ်လေးက အမြဲတမ်းပဲ ကောင်းတဲ့ဘက်ကို ညွှတ်ကိုင်းအောင် လေ့ကျင့်ပေးထားရမယ်၊
Incination စိတ်ကလေးကို ကုသိုလ်ဘက်ကို ညွတ်ကိုင်းပေးထားရမယ်၊ အမြဲတမ်းစိတ်ကို ကုသိုလ်ဘက်ညွှတ်နေအောင်
လုပ်ပေးထားရမယ်၊ ဒါက လေ့ကျင့်ထားရမယ်၊ ဒုတိယက Inclination ပရိဏာမိတ။
တတိယက “အာဘုဇိတ” နှလုံးသွင်းခြင်း
Attention ကုသိုလ်ဘက်က လှည့်တွေးတယ်၊ ဘယ်တော့ဖြစ်ဖြစ် အပြစ်ကင်းတဲ့ဘက်က တွေးတယ်၊ ကောင်းတဲ့ဘက်က
နှလုံးသွင်းတယ်၊ ‘ယောနိသောမနသိကာရ’။
နောက်တစ်ခုက ဘာတုန်းဆိုရင် “သမုဒါစာရ” (Practice) အလေ့အကျင့်၊ ကုသိုလ်ဖြစ်ဖို့ အလေ့အကျင့်ရနေခြင်း၊ ဆိုပါစို့ - ဘုရားပန်းအမြဲတန်းတင်နေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ ပန်ဦးမယ်ဆိုတဲ့ စိတ်ကူး မရဘူး, ဘုရားပန်း လှူဦးမှပဲဆိုတဲ့ စိတ်ကူးရတယ်၊
ဘာဖြစ်လို့တုန်းဆိုတော့ သူ့အလေ့အကျင့်က ပန်းလှူတဲ့ အလေ့အကျင့် ရှိပြီးသား၊ ခေါင်းပေါ်မှာပန်တဲ့
အလေ့အကျင့်ရှိတဲ့ ပုဂ္ဂိုလ်က ပန်ဖို့ပဲ စိတ်ကူးမှာပဲလေ၊ အဲဒါ အလေ့အကျင့်လို့ ခေါ်တယ်၊
ကိုယ့်အလေ့အကျင့် တစ်ခုပဲ၊ အဲဒီ အလေ့အကျင့်လေးတွေ ကလည်း အင်မတန်မှ အရေးကြီးတယ်။
ပေါင်းလိုက်တော့ စိတ်ရဲ့ ဆုံးဖြတ်ချက်ဆိုတဲ့
determination ရှိရမယ်၊ နောက်ပြီးတော့ Inclination ဆိုတဲ့ စိတ်ညွှတ်ကိုင်းမှုရှိရမယ်၊
Attention လို့ခေါ်တဲ့ နှလုံးသွင်းမှုရှိရမယ်၊ Practive လို့ခေါ်တဲ့ အလေ့အကျင့်ရှိရမယ်၊
အဲဒီ အကြောင်းတွေကြောင့် လူတွေမှာ ကုသိုလ်ဖြစ်ခွင့်ရတာ၊ ဒါတွေ မရှိရင် ကုသိုလ်ဖြစ်မလာဘူး၊
အဒီထဲမှာ အရေးကြီးဆုံးကတော့ attention ပဲ၊ ‘ယောနိသောမနသိကာရ’ က အရေးကြီးဆုံးပဲ။ ကုသိုလ်ဖြစ်ဖို့ရာ အတွက် အာရုံကတော့
ဒါပဲ။
ကောင်းပြီ - အဲဒီ ဇောစိတ်တွေက ကုသိုလ်ဇောဖြစ်စေ၊
အကုသိုလ်ဇောဖြစ်စေ ဒီရူပါရုံမှာ အရှိန်အဟုန်နဲ့ ၇-ကြိမ် ဖြစ်ပြီးတဲ့အခါ ရပ်တန့်သွားတယ်၊
ရပ်တန့်သွားပြီးတော့က် ဘဝင်စိတ် တစ်ခုပေါ်လာတယ်၊ အဲဒီ ဘဝင်စိတ်ဟာ တကယ်တော့ ဘဝင်စိတ်ဆိုကတည်းက
ကံ ကမ္မနိမိတ်ဆိုတဲ့ အာရုံကို ယူရမှာမို့လား၊ ဇောစိတ်ကုန်သွားတဲ့အခါ လာတာတော့ ဘဝင်စိတ်ပဲ၊
သို့သော် အဲဒီ ဘဝင်စိတ်သည် ဇောစိတ်ရဲ့ အရှိန်ကလေးနဲ့ သူက ဇောရဲ့အာရုံကို ဆက်ခံလိုက်ရတာ၊
အဲဒါကြောင့် သူ့ကို နာမည်ပြောင်းလိုက်တယ်၊ ‘တဒါရမ္မဏ’ လို့၊ စာပေကျန်းဂန်မှာ ‘ပိဋ္ဌိဘဝင်္ဂ’ လို့လည်း သုံးတယ်၊ ပိဋ္ဌိဘဝင်္ဂ ဆိုတာလည်း
ဒါပဲ၊ ‘အာဂန္တုဘဝင်္ဂ’ ဆိုတာလည်း ဒါပဲ၊ ‘တဒါရမ္မဏ’ ဆိုတာလည်း ဒါပဲ၊ ဘဝင်စိတ်ကို ခေါ်တာပဲ၊ ဘဝင်စိတ်ကလေးဟာ
ဇောရဲ့ အရှိန်အဝါနောက်ကိုလိုက်ပြီး ဇောရဲ့ အာရုံကို ဆက်ခံလိုက်တယ်တဲ့။
အဲဒါကို တချို့ အဘိဓမ္မာ ဘာသာပြန်တဲ့
ဆရာတွေက တဒါရမ္မဏကို registration လို့ပြန်တယ်။ သူတို့အဓိပ္ပာယ်ကတော့ ဇောက အလုပ်လုပ်ထားတာတွေကို
သူ register လုပ်လိုက်တယ်ပေါ့လေ၊ ဒါကတော့ အဓိပ္ပာယ်မရှိဘူး၊ Register လုပ်တာမဟုတ်ဘူး၊
သူ့မှာ ဘာပါဝါမှ ရှိတာမဟုတ်ဘူး၊ လာလို့တုန်းဆို တဒါရုံက အကျိုးဝိပါတ်စိတ်မျှသာ စြဖ်တယ်၊
အားလုံးသိတဲ့အတိုင်းပဲ၊ ‘တဒါရုံ-၁၁’ ဆိုတာ ဝိပါတ်စိတ်တွေချည်းမို့လား။ (မဟာဝိပါတ်စိတ် ၈-ခုနဲ့
သန္တီရဏစိတ် ၃-ခု။)
အဲဒီတော့ အကျိုးဝိပါတ်စိတ်တွေဆိုတာ
ဘာမှ အားထုတ်မှုရှိတာ မဟုတ်ဘူး၊ ကံရဲ့စွမ်းအားကြောင့် ဖြစ်ပေါ်လာရတယ်၊ ကံရဲ့အကျိုးဆက်
သက်သက်သာ ဖြစ်တယ်၊ သူတို့ကိုယ်သူတို့ ဘာမှ ပြောင်းလဲလို့ရတာ မဟုတ်ဘူး၊ ဒါကြောင့်မို့
“နိရုဿာဟ
သန္တသဘာဝ” လို့ စာပေကျမ်းဂန်မှာ ဆိုတယ်၊ အားထုတ်မှုမရှိဘဲနဲ့
အေးစက်ငြိမ်သက်နေတဲ့ ဘာမှလှုပ်ရှားမှု သက်ဝင်လှုပ်ရှားမှုမရှိဘူး၊
မြင်းကလှုပ်မှ ခုံကလှုပ်ရတဲ့ဟာမျိုးပဲ။ သူက ဘာမှမဖြစ်ဘူး၊ ဟုတ်ရဲ့လား၊ အဲဒီလို အကြောင်းတစ်ခုခုကို
အမှီပြုပြီးတော့ ဖြစ်ရတဲ့ ဝိပါတ်စိတ်မျိုးသာ ဖြစ်တယ်တဲ့၊ “သန္တသဘာဝ ဝိပါက” ဆိုတာ အကျိုးသက်သက်ပဲ ဖြစ်တယ်၊ သူကနေ လှုပ်ရှားပြီးတော့
လုပ်ကိုင်နိုင်တာ ဘာတစ်ခုမှ မရှိဘူး၊ ကံရဲ့ အကျိုးဆက်ကြောင့် ဖြစ်တာ။
အဲဒီတော့ ဇောစိတ်ရဲ့ အရှိန်အဟုန်ကြောင့်
သူက ဇောစိတ်ရဲ့ အာရုံကို ဆက်ခံလိုက်ရတယ်၊ ၂-ကြိမ်ဖြစ်တယ်၊ တစ်ခါတည်း ၂-ကြိမ်၊ တဒါရုံနှစ်ကြိမ်လည်း
ဖြစ်လိုက်ရော ဒုတိယတဒါရုံ ချုပ်လိုက်တာနဲ့ တစ်ပြိုင်နက် မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့
ရူပါရုံ သက်တမ်းကလေးကလည်း ကုန်သွားတယ်။
ဘယ်အရာပဲဖြစ်ဖြစ် သက်တမ်းရှိတယ်နော်၊
ပြန်တွက်ကြည်မယ်ဆိုရင် အဲဒီ မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့ အဆင်း အာရုံလေး ဘယ်သူနဲ့ ပြိုင်ဖြစ်တုန်းဆိုရင်
အတီကဘဝင်နဲ့ ပြိုင်လာတယ်၊ သူ့ရှေ့က သူမထင်ခင် ဘဝင် ၃-ခု ရှိတယ်၊ အဲဒီ ပမဘဝင်စိတ်ကလေးနဲ့
သူက ပြိုင်တူဝင်လာတာ၊ သို့သော် ပထမဘဝင်စိတ်သည် သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊ တတိယ ဘဝင်စိတ်ကလည်း
သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊ သူနဲ့ စပြီးတော့ အဆက်အသွယ်လုပ်တာ ပဉ္စဒွါရာဝဇ္ဇန်းကျမှသာဖြစ်တယ်။
ဒါကြောင့်မို့ “အတီဘဝင်၊ ဘဝင်္ဂစလန၊ အဝင်္ဂပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊
သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ၇ကြိမ်၊ တဒါရုံ ၂-ကြိမ်” ဒီလိုပြောတာ၊ အဲဒီစိတ်တွေကို ပေါင်းပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင်
၁၇-ခုရှိတယ်၊ အဲဒီ စိတ် ၁၇-ခုသည် ဟောဒီရူပါရုံလေးနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်တဲ့စိတ်
၁၇-ခု ဖြစ်သည့်အတွက်ကြောင့် ရူပါရုံသက်တမ်းကလည်း ဒုတိယ တဒါရုံရဲ့ ချုပ်တဲ့ခဏနဲ့ သွားပြီးတော့
ဒီရူပါရုံလေးဟာ ချုပ်သွားတယ်၊ မျက်စိထဲမှာ ထင်ဟက်လာတဲ့ ရူပါရုံလေးရဲ့သက်တမ်းဟာ ကုန်ဆုံးသွားတယ်၊
သက်တမ်းစေ့သွားပြီလို့ ပြောတယ်၊ နောက်ထပ်မြင်တာက နောက်လေ၊ တစ်နေကုန် ထိုင်ကြည့်နေလည်း
ဒီလိုပဲ သွားနေမှာပဲ၊ သူ့သက်တမ်းလေးနဲ့ သူ သွားနေမှာပဲ။
သို့သော် အဲဒီခြားနားချက်ကို လူတွေက
မမြင်နိုင်ဘူး၊ မြင်နိုင်ပါ့မလား၊ ဖယောင်းတိုင်လေးတစ် တစ်တိုင်ပဲ ကြည့်ပါလား - ဖယောင်းတိုင်လေးတစ်တိုင်
ထွန်းထားလို့ရှိရင် ဒီဆီလေးနဲ့ ဒီမီးစာလေး ကုန်သွားရင် နောက်ဆီ နောက်မီးစာ ဖြစ်သွားပြီ၊
သို့သော် အဲဒီ ခြားနားချက်ကို မြင်ရရဲ့လားဆို မမြင်ရဘူး၊ အဲဒီသဘောမျိုးပဲ၊ ဒီ လူ့ရဲ့စိတ်တွေ
အာရုံတွေကလည်းပဲ အဲဒီလို အများကြီးဖြတ်သန်းပြီးတော့ သွားနေတယ်၊ ဒါ မျက်စိထဲမှာ ပေါ်လာတဲ့
အတိမန္တဆိုတဲ့ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ အခုလို စိတ်တွေဖြစ်တယ်။
သို့သော် အဲဒီလောက်လေး ဖြစ်ရုံနဲ့
ဒီပန်းပွင့် ဆိုတာကို သိသလားလို့ဆို - မသိသေးဘူး၊ ပန်းပွင့်လေးတစ်ခု မြင်လိုက်တယ်ဆိုပါစို့
- ကိုယ့်ရှေ့ အလင်းရောင်ကောင်းကောင်းထဲမှာ ပန်းလေးမြင်တယ်ဆို ထင်ထင်ရှားရှားကြီး မြင်လိုက်တယ်ဆိုရင်
ဘဝင်စိတ်ကလေး ၃-ခုအပြီးမှာ ပဉ္စဒွါရာဝဇ္ဇန်းဖြစ်လာတယ်။ ပန်းပွင့်နဲ့ ပတ်သက်ပြီး စက္ခုဝိညာဏ်စိတ်က
မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံပေးလိုက်တယ်၊ သန္တီရဏက စူးစမ်းတယ်၊ ဝုဋ္ဌောက ပိုင်းခြားသတ်မှတ်ပေးလိုက်တယ်၊
ကြိုက်ရင်ဇဝနက လောဘဖြစ်ပြီးတော့, ဘုရားတင်မယ်ဆိုရင် ကုသိုလ်စိတ်ဖြစ်ပြီးသွားတယ်၊ တဒါရုံက
ဆက်ခံပြီး နောက်ဆုံးမှာ ဒီမျက်စိထဲမှာ ထင်ဟပ်လာတဲ့ ပန်းပွင့်ဆိုတဲ့ အာရုံလေး ချုပ်ဆုံးသွားတယ်၊
ချုပ်ဆုံးသွားတော့ အဲဒီအချိန်မှာ ပန်းလို့ သိသလားဆို မသိသေးဘူးတဲ့။
ဘယ်ကျမှ သိတုန်းဆိုရင် အဲဒီနောက်မှ
mind door လိုပ ခေါ်တဲ့ မနောဒွါရမှာ အဲဒါကို ‘ငါမြင်တာလေးက ဘာလေးတုန်း’ ဆို ပြန်စဉ်းစားတယ်၊ ပြန်စဉ်းစားတဲ့ ဝီထိလေးကတော့ သူ့မှာလည်း
ပြန်စဉ်းစားလိုက်တာနဲ့ တစ်ပြိုက်နက် စဉ်းစားတာက နောက်ကျသွားပြီ၊ ခုနက ဘဝင်တွေကနေ ဆက်ပြီးတော့
ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဆိုပြီး အာရုံပြောင်းအလဲလေးမှာ ဘဝင်စိတ်က ပြန်စဉ်းစားတဲ့ အာရုံကို
ဒီပန်းအာရုံကို မယူနိုင်ဘူး၊ မယူနိုင်သည့် အတွက်ကြောင့် ဘဝင်လေးက လှုပ်ပြီးတော့ ပြတ်သွားပြီးမှ
မနောဒွါရာဝဇ္ဇန်း ဆိုပြီးတော့ ဒီအာရုံလေးကို ဖွင့်ပေးလိုက်တာ၊ အဲဒါကျတော့ အတိတ်ဖြစ်သွားပြီ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။