၎။
ရွာရွှေရိုင်-ရွာရွှေရိုင်
ဓမ္မဂုတ်။ ။ ဥုးဇနကရေ…ရွှေဘိုနယ်မှာ တောင်လက်
မြောက်လက် ခွဲခြား၍ ရွာအများရှိပါတယ်၊ ကိုယ်တော်က ဘယ်နယ်ဘယ်ရွာမှာ ဖြစ်လိုသလဲ။
တပည့်တော်။ ။ တပည့်တော်ကတော့ ကိုယ်ငါးချ၌ ကိုယ်ချဉ်တယ်
ဆိုဆို,ရွှေဘိုတောင်လက် သရိုင်ရွာမှာဘဲ ဖြစ်ချင်ပါတယ်။
ဓမ္မဂုတ်။` ။ ကိုယ်တော်ရဲက သရိုင်ရွာမှာ
ရွှေကျင်ဂိုဏ်းရဲ့ ဒုတိယသာသနာပိုင်ဖြစ်တော်မူသော မဟာဝိသုဒ္ဓါရုံဆရာတော်,ထရံကာ
ဆရာတော်တို့ကို အကြောင်းပြုပြီး သံဃာတော်များဘက်က အသိများပါတယ်၊
နိုင်ငံရေးခေါင်းဆောင်မထွက်တော့ နောက်ပိုင်းမှာ လူသိမများပါဘူး။
တပည့်တော်။ ။ ရွာအနေနဲ့တော့ အိမ်ခြေမများလှလို့
ကကြီးကျယ်ပါဘူး၊ဒါပေမဲ့ လူများစုအနေနဲ့က မြန်မာမင်း လက်ထက်မှာရော
အင်္ဂလိပ်လက်ထက်မှာရော အဆင့်အတန်းမြင့်ပါတယ်။
ဓမ္မဂုတ်။ ။ ဘယ်လိုမြင်ပုံလဲ ကိုယ်တော်။
တပည့်တော်။ ။ ရွာဥုး ရွာထိပ်မှာ ရှေးမင်းတို့တည်ထားတဲ့
စေတီတော်များရှိပါတယ်၊ ထို့နောက် ပစ္စည်းရှိသူတို့ တည်ထာတဲ့ စေတီတော်
ဆင်းတုတော်များလဲ အများပင် ရှိပါတယ်၊ ထိုစေတီတော်များက ရွာ၏အဆင့် အတန်းကို
မှန်းနိုင်လောက်သော အမှတ်အသားအများ ဖြစ်ပါတယ်။
ဓမ္မဂုတ်။ ။ သည့်ပြင်ကော ကိုယ်တော်။
တပည့်တော်။ ။ မူလက ရွာ၏ အခြေအနေ ခိုင်မာလေတော့ အနီးအပါး
ဖြစ်တဲ့ ခင်မင်ရွာ စမွန်းရွာတို့မှ ပစ္စည်းရှိတဲ့လူ တော်တော်များများနှင့်သရိုင်သူ
သရိုင်သားတို့ အကြောင်းပါကြပါတယ်၊ နောက် (သူခိုး ဒါးမြဘေးကြောင့်)
ပစ္စည်းရှင်အများပင် သရိုင်ရွာသို့ ပေါင်းစုကြပါတယ်၊ ထိုသို့ ပေါင်းစုမိလို့
အတော်ကြာတဲ့အခါ သားရေး သ္မီးရေး ဆက်သွယ်မှုကြောင့် ထိုလူအများစုဟာ
ဆွေမျိုးတော်စပ်ကုန်ကြပါတယ်၊ အဲဒီ တမျိုးကြောင့် ထိုလူအများစုဟာ
ဆွေမျိုးတော်စပ်ကုန်ကြပါတယ်၊ အဲဒီ တမျိုးလုံးက အိမ်ခြေ တရာ့ငါးဆယ်ခန့်ရှိသော
ရွာကို သုံးပုံ နှစ်ပုံလောက် ဖုံးနေတာ ဖြစ်တော့ တရွာလုံး အဆင့်အတန်းမြင့်သလို
ဖြစ်သွားတာပေါ့။
ဓမ္မဂုတ်။ ။ အင်းဒီလိုတော့ ဖြစ်နိုင်စရာရှိပါတယ်၊
ဒါ့ကြောင့် ကိုယ်တော်တို့ အမျိုးဟာ မောင်နှမချင်း လက်ထပ်ကြတာ ထင်တယ်။
တပည့်တော်။ ။ တပည့်တော်တို့အမျိုး ဇာတိသွေး အင်မတန် ကြီးပါတယ်၊
သူတို့ရဲ့ စီးပွားတွေကို ဆွေမျိုးထဲက ဆက်၍ ခံစားစေချင်ပါတယ်၊ ဒါ့ကြောင့်
လက်ထပ်ချိန်ရောက်၍ သားသ္မီးများအတွက် စဉ်းစားတဲ့အခါမှာ တဝမ်းကွဲထဲက ပဌမ၊ တဝမ်းကွဲ
အရွယ်တူမရှိလျှင် ၂ ဝမ်းကွဲ၊ ၂ ဝမ်းကွဲ မရှိလျှင် သုံးဝမ်းကွဲထဲက ရွေးကြပါတယ်၊
ခုလို ရွေးစရာမရှိလျှင် အခြားတရွာဖြစ်ဖြစ် ရွေးကြပါတယ်၊ အမျိုးညံ့လျှင်
ပစ္စည်းရှိသော်လဲ မပေးစားလိုကြဘူး။
ဓမ္မဂုတ်။ ။ ဒီလိုဆိုတော့ ကိုယ်တော်တို့အမျိုးက
သာကီဝင်မင်းမျိုးကို အားကျတာပေါ့နော်။
တပည့်တော်။ ။ချီးမွမ်းချင်တဲ့သူက ဒီလိုမြင်ပေမဲ့
ရန်ဖြစ်ကြလို့ အမျိုးထိပြီး ဆဲတဲ့အခါ “ဟဲ့-ခွေးမျိုး…မောင်နှမချင်း အဝှါပြုတဲ့
ခွေးမျိုး” လို့လဲ အဆဲခံရပါတယ်။
ဓမ္မဂုတ်။ ။ ကိုယ်တော်မိဘများလဲ
မောင်နှမချင်းဘဲလား။
တပည့်တော်။ ။အမေ့ဘက်က မောင်နှမချင်းစပ်ထားပါတယ်၊
ဒါကိုအမေကသဘောမကျလို့ အဖေနဲ့ လိုက်ပြေးတာနဲ့ အတော်ကြာကြာ အမေ့ဘိုးဘွားဘက်က
မခေါ်ဘူး၊ နောက်မှ ခေါ်တယ်လို့ ကြားဖူးပါတယ်။
ဓမ္မဂုတ်။ ။ကိုယ်တော့်အဖေဘက်က ညံ့လို့လား။
တပည့်တော်။ ။မညံ့ပါဘူး…မောင်နှမချင်းစပ်ထားတာ မဖြစ်ရလို့ပါ၊
ဒီလိုသွေးမစပ်တဲ့မိဘနှစ်ဖက်ကြောင့် တပည့်တော်ရဲ့ အမျိုးဟာ ပိုပြီး ကျယ်ပြန့်
သွားတာပေါ့။
ဓမ္မဂုတ်။ ။ကိုယ်တော်တို့ အမျိုးဟာ
ဆွေကြီးမျိုးကြီးမို့ ပျော်စရာကောင်းမှာ ဘဲနော်။
တပည့်တော်။ ။အား…ဒီလိုလဲ အထင်မကြီးလိုက်နဲ့
အုံး,သိပ်ရွံစရာကောင်းတဲ့အချက်တွေကလဲ ဒီအမျိုးထဲမှာ အများကြီး ဖြစ်နေတယ်။
ဓမ္မဂုတ်။ ။ဘာများ မကောင်းဖြစ်စရာရှိလို့လဲ
ကိုယ်တော်၊ အားလုံး အမျိုးတွေချည်းဘဲဟာ။
တပည့်တော်။ ။လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ ဆိုတာ(ပုထုဇဉ်
မှန်သမျှ) အပြည့်ရှိနေတာဘဲဘုရား၊ ဒီတော့ လောဘဆိုင်ရာ စီးပွားရေးနှင့်စပ်ပြီး
မောင်နှမ အရင်းချင်းတောင် (အိမ်ထောင်ကွဲတဲ့အခါ) မေတ္တာအစေးမကပ်ချင်ကြဘူး၊ လောကကို
အကြောင်းပြုပြီးတော့ ဒေါသ မာနတွေ မနာလို ဝန်တိုဆိုတဲ့ ဣဿာ မစ္ဆရိယတွေဟာ အနဲနဲ့
အများ မကင်းကြတော့ဘူး၊ ဒီတော့-တပည့်တော်တို့ရဲ့ အမျိုးတွေလဲ လူထဲကလူတွေဘဲ ဖြစ်တော့
လူလိုနေကြတာပေါ့ဘုရား၊ ဒါ့ကြောင့် တပည့်တော်က နောက်လူတွေကို ပြောလေ့ရှိပါတယ်၊
“ဒို့အမျိုးဟာ ကျီးကန်းတွေလိုဘဲ,စီးပွားရေးနှင့် ဆိုင်လာလျှင် ကျီးကန်းတွေ
တကောင်နှင့်တကောင် မညှာသလို၊ တစ်ယောက်နှင့်တစ်ယောက်(အရင်းပေမယ့်) မညှာတတ်ဘူး၊ သူများက
တယောက်ယောက်ကို စော်ကားတယ်ဆိုရင် စီးပွားရေးတုန်းက မတဲ့ပေမဲ့ ဝိုင်းအာကြတယ်”လို့။
ဓမ္မဂုတ်။ ။ကိုယ်တော်တို့အမျိုးဟာ
မဟာဝိသူဒ္ဓါရုံဆရာတော်ကြီးတို့ ထရံကာ ဆရာတော်ကြီးတို့လို ပုဂ္ဂိုလ်ကြီးတွေ
ထွန်းကားတဲ့ အမျိုးဖြစ်တော့ လူ့ကျင့်ဝတ်
စာရိတ္တဘက်ကတော့ ကောင်းမှာဘဲနော်။
တပည့်တော်။ ။ထိုဆရာတော်ကြီးများက ရာဇဂုရုတံဆိပ်တော်
ရကြလို့နိုင်ငံမှာ ထင်ရှားတာပါ၊ ထိုဆရာတော်ကြီးများရဲ့ အထက်က
သရိုင်ဆရာတော်ကြီးလို့ ထင်ရှားတော်မူတဲ့ ရွှေတောင်ကျောင်း ဆရာတော်ကြီးဆိုတာ
ရှိပါတယ်၊ သရိုင်ရွာတွင် မကပါဘူး၊ တနယ်လုံးမှာ ဩဇာကောင်းပါတယ်၊ သတွာများရဲ့
အကျိုးကိုလဲ ဆောင်တော်မူဟန် တူပါတယ်၊ ရွာရဲ့ အနောက်အင်းကြီးကို ဘေးမဲ့ထားဘို့
ရှင်ဘုရင့်ထံ မေတ္တာရပ်လို့ ဘေးမဲ့ရဖူးပါတယ်၊ ထိုဆရာတော်ကြီးရဲ့ ဩဝါဒကို နာယူရလို့
တပည့်တော်တို့အမျိုးသာမက တရွာလုံး စာရိတ္တ
ကောင်းကြပါတယ်၊ ရှေးလူကြီးသူမ များရဲ့ ထုံးစံမှာ ရဟန်း သံဃာမြင်လျှင် ဥုးခေါင်းပေါ်မှာ
ပခုံးပေါ်မှာ ရှိတဲ့ ဝန်ထုပ်ကို ချပြီး ထိုင်၍ လက်အုပ်ချီလေ့ ရှိကြပါတယ်၊
ဒီအကျင့်ဟာ တပည့်တော်တို့ ငယ်စဉ်တိုင်အောင် ရှိသေးလို့ မန္တလေးမှ မဟာဝိသုဒ္ဓါရုံ
ဆရာတော်ကြီးနှင့် အတူပါလာတဲ့ မြို့နယ် အစုံက သံဃာတော် တွေကချီးမွမ်းတော်မူကြပါတယ်။
ဓမ္မဂုတ်။ ။သရိုင် ဆရာတော်ကြီးက ဩဝါဒကောင်းတော့
လူကြီးတွေက ဆက်ပြီး လူငယ်တွေပါ ကောင်းကြရမှာပေါ့နော်။
တပည့်တော်။ ။ဘာသာရေး၌
ယဉ်ကျေးရုံသာမကပါဘူး,မြန်မာမင်းလက်ထက်ကို မှီလိုက်တဲ့ လူကြီးသူမတို့က
ရိုးရာအားဖြင့်လဲ ယဉ်ကျေးကြဟန် တူပါတယ်၊ တပည့်တော် ငယ်ငယ်တုန်းက အဘိုးများနှင့်
အရွယ်တူ လူကြီးတွေစကားပြောတာကို ကြားလိုက်ရဘူးပါတယ်၊ နံနက်ဆွမ်းခံဝင်ချိန်လောက်မှာ
တပည့်တော်တို့အိမ်ကိုလာပြီး ဘိုးအရွယ်တွေ လဘက်ရည်သောက်ရင်း စကားပြောကြပါတယ်၊
အသက်ကြီးတဲ့လူကြီးက ပြောလိုက်ရင် အသက်ငယ်တဲ့လူကြီးက “အမိန့်တော်အတိုင်းပါခင်ဗျာ၊
ဦးထိပ်ရွက်ပါခင်ဗျား” လို့ ပြောကြပါတယ်၊ (ယခုခေတ် “ဟုတ်ကဲ့”လို့ အပြောမျိုးနှင့်
သဘောတူပါတယ်)။
ဓမ္မဂုတ်။ ။တယ် နားထောင်ကောင်းတဲ့
စကားအသုံးတွေဘဲနော်၊ ဒီအသုံးအနှုန်းမျိုး ယခုရှိသေးသလား။
တပည့်တော်။ ။ဝေးပါရဲ့ ဘုရား…တပည့်တော် မိဘတို့ လက်ထက်ကျတော့
မကြားရတော့ရပါဘူး၊ မိဘလက်ထက်မှာ အင်္ဂလိပ် အုပ်စိုးချိန်ဖြစ်လို့ မြန်မာယဉ်ကျေးမှုတွေ
တစတစ ကွယ်သွားပါတယ်၊ ဘိုးများရဲ့ လက်ထက်မှာ ဝတ်ထားတဲ့ အဝတ်ကလဲ များသောအားဖြင့်
အဖြူတွေဖြစ်တော့လူကြီးတွေကို ကြည့်ရတာ အသွားအလာ အနေအထိုင်မှစ၍
သိပ်ပြီးကြက်သရေရှိပါတယ်။
ဓမ္မဂုတ်။ ။ဒီယဉ်ကျေးမှုကတော့ အုပ်ချုပ်တဲ့
အစိုးရလိုက်ပြီး ပြောင်းလွှဲရမှာပေါ့ ကိုယ်တော်၊ ဒါ့ထက် စကားကို
ပြန်ဆက်ရဥးမယ်,ရွှေတောင်ကျောင်းဆရာတော်ကြီးကတော့ ဘယ်လို ဆက်လာသလဲ ကိုယ်တော်။
တပည့်တော်။ ။အဲဒီ အဆက်တော့ တပည့်တော် မကြားဖူးပါ၊
ဒါပေမဲ့-သရိုင်ရွာက ရှေးသူတော်ကောင်း ဆရားတော်ကြီးတွေ အတော်ကြာကြာ
ဆက်ခဲ့ကြဟန်တူပါတယ်၊ အရှင်သုမေဓာဆိုတာ “ရဟန္တာ”လို့ ကျော်စောခဲ့ပါတယ်၊ ယခုလဲ
စေတီလှဘုရားဝိုင်းရဲ့ အရှေ့တောင်ဒေါင့်မှာ “ရဟန္တာ သမုတ်တဲ့သိမ်”ဟု အသိအမှတ်ပြုအပ်သဲ့သိမ်တော်
ရှိပါသေးတယ်၊ အဲဒီသိမ်တော်မှာဘဲ ရွှေကျင်ဆရာတော်ကြီး ဥပဇ္ဈာယ်ပြု၍ မဟာဝိသုဒ္ဓါရုံ
ဆရာတော်ကြီး ရဟန်းဖြစ်တယ်လို့ ပြောစမှတ်ရှိပါတယ်။
ဓမ္မဂုတ်။ ။ဒီလိုဆိုတော့် ကိုယ်တော်တို့ရွာဟာ
ဆရာတော်ကြီးတွေရဲ့ ဩဝါဒကို အဆက်ဆက် နာယူခဲ့ရပါလိမ့်မယ်။
တပည့်တော်။ ။ဖြစ်လောက်ပါတယ် ဘုရား၊ အဲဒီ စေတီလှရဲ့ မဟာရာမ်
တံတိုင်းအတွင်းမှာဘဲ မောင်ရင်ဈာန်ရ တည်ထားသဲ့ “လေးကျွန်းမြေ စေတီတော်ကလေး”ဆိုတာ
တပည့်တော် ငယ်စဉ်က ဖူးလိုက်ရပါသေးတယ်၊ စေတီတော်က ငယ်ငယ်ဆိုတော့ လူမလေးစားလို့ ယခုတော့
မရှိတော့ပါဘူး။
ဓမ္မဂုတ်။ ။နှမြောစရာဘဲ ကိုယ်တော်,ရာဇဝင်တန်ဘိုးကို
မသိကြတော့ မစောင့်ရှောက်တတ်ကြပေဘူးပေါ့၊ ဒီလိုဆိုတော့ ကိုယ်တော်တို့ရွာရဲ့
ဘာသာရေးယဉ်ကျေးမှုဟာ ကြာလှပြီပေါ့နော်။
တပည့်တော်။ ။မှန်ပါတယ်ဘုရား……အရှင်အရဟံတို့ရဲ့
ရှေ့ပိုင်းခေတ်အဆက်နဲ့ ပြိုင်ဖြစ်စရာရှိပါတယ်။
ဓမ္မဂုတ်။ ။ဒီစေတီတော်ကြီး,စေတီတော်ငယ်များကို
ယခုတိုင်အောင် ပြုပြင်နေကြတာတော့ ချီမွမ်းစရာပါဘဲ ကိုယ်တော်။
တပည့်တော်။ ။မှန်ပါတယ်-တပည့်တော်တို့ရဲ့ အမျိုးမှာ
ရှေးထုံးစံတခု ရှိပါတယ်,အိမ်ထောင်ကျပြီးတဲ့နှစ်မှာ တတ်နိုင်လျှင် ကထိန်ခင်းရပါတယ်၊
သားကလေး ၅ နှစ်သားလောက်ရှိတဲ့ အခါရှင်ပြု အလှူပေးရပါတယ်,နောက်တကြိမ်ရှင်ပြုဘို့
သားရှိသေးလျှင် ဒုတိယ ရှင်ပြုအလှူပေးရပါတယ်,နောက်တော့ တတ်နိုင်လျင် မိဘ
ဘိုးဘွားတို့ရဲ့ ကျောင်း,ဘုရားစေတီ,တန်ဆောင်းပြာဿဒ်တို့ကို ပြုပြင်ရ
မွမ်းမံရပါတယ်။
ဓမ္မဂုတ်။ ။ပစ္စည်းက မပေါများရင်ကော ကိုယ်တော်။
တပည့်တော်။ ။ပစ္စည်းမရှိလို,မတတ်နိုင်လျှင်တော့ ဘာမှ
မလုပ်တော့ဘူးပေါ့ဘုရား၊ ဒီလိုလူအတွက်တော့ “အမျိုးတိမ်ကောသွားတယ်”လို့ ဆိုရတော့
တာပေါ့၊ အဲဒီလို တတ်နိုင်တဲ့လူကလဲ သဒ္ဓါတရားရှိဥုးမှ ပြုပြင်တာပါ၊ သဒ္ဓါ မရှိလျှင်
မပြုပြင်ကြလို့ တတ်နိုင်တဲ့ ဆွေနီးမျိုးစပ်က ပြုပြင်လေ့ရှိပါတယ်။
ဓမ္မဂုတ်။ ။ဒါ့ကြောင့် ကိုယ်တော်တို့ရွာ
စေတီဆင်းတုတော်များမှာ ယနေ့အထိ ထုံးသင်္ကန်းဖွေးဖွေးနှင့် တန်ဆောင်းကြီးငယ်များလဲ
တင့်တယ်နေတာဘဲနော်။
တပည့်တော်။ ။ မှန်ပါတယ်,တပည့်တော်ရဲ့ မိဘက်ဖဘက် နှစ်ဖက်လုံးမှာ
တဖက် တဖက်လျှင် အမိ အဘ အစုံဖြာလိုက်တော့ လေးဖက်ဖြစ်သွားပါတယ်၊ အဲဒီ လေးဖက်တွင်
အဖေ့ဖက် ဘိုးက စမွန်းအနွယ်ဖြစ်တော့ စမွန်းရွာမှာ သူ့မိဘဖက်က စေတီတော်ကို ထပ်မံ၍
ပြင်ပါတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်မှာ ရွာကထပ်မံ ပြင်မယ်လို့ တပည့်တော်ကို
အကြောင်းကြားတော့ တပည့်တော်ဆိုင်ရာက ဝတ္ထုတစ်ထောင်ထည့်လိုက်ရပါသေးတယ်၊ အဖေဖက်
အဖွားတို့ကတော့ အစိုးရပိုင်းမှာ ပါနေဟန်တူပါတယ်၊ အဖွားရဲ့ မောင်တယောက်က
ဆားတောင်အုပ်, ညီမတယောက် နန်းတော်သူတို့ ကြားဖူးပါတယ်၊ ရှေးမင်းများ တည်ထားခဲ့တဲ့
ရှေးအကျဆုံး “ရွှေမုဋ္ဌောစေတီ”ဆိုတာ အဖွားဘက်က အမွေဆိုင်ဘုရားပါ၊ နောက်ဆုံးမှာ
တပည့်တော်ရဲ့ အမတဝမ်းကွဲက ပြင်သွားပါတယ်၊ အမနောက်တော့ မပြင်ကြလို့ အမေ့ဖက်
ဒေါ်လေးတယောက်က ပြင်ပါတယ်၊ မကြာမီက မန္တလေးနေတဲ့ တူတယောက်ကို
မင်းတို့တတ်နိုင်တဲ့အခါ၊ “ရွှေမုဋ္ဌော စေတီတော်”ကို တာဝန်ယူကြလို့ ပြောလိုက်ပါသေးတယ်။
ဓမ္မဂုတ်။ ။ကိုယ်တော်ရဲ့ မယ်တော်ဖက်ကကော
ဘာကောင်းမှုများရှိသလဲ။
တပည့်တော်။ ။အမေဖက်က ယခုတိုင်အောင် တက်နိုင်တဲ့လူတွေ
အများပင် ရှိပါသေးတယ်, သို့သော် အရင်းထဲကတော့ အတော်အားရော့သွားပါပြီ,တဝမ်းကွဲတွေက
အားကောင်းပါတယ်၊ ရွှေမုဋ္ဌောဘုရားဝိုင်းထဲမှာ အမေ့ ဖက် အဖွားကြီးမှစ၍ ဆွေမျိုးတွေရဲ့
ကောင်းမှု တော်တော်များများ ရှိပါတယ်၊ ထိုကောင်းမှုများကို သရိုင်ချောင်က သီလရှင်ဆရာ
ဒေါ်လေး, ဝက်လက်ရွှ့ပြောင်းနေတဲ့ ဒေါ်လေးနှင့် မန္တလေးရွှေ့ပြောင်းနေတဲ့
ညီတဝမ်းကွဲတို့က ပြုပြင်ကြပါတယ်၊ အမေ့အဖွားရဲ့စေတီတော်, အမေ့ဥုးလေးရဲ့
စေတီတော်စတဲ့ ဆွေမျိုးစေတီ ပြာဿဒ် အားလုံးဘဲ တဝိုင်းလုံး သာယာနေပြီလို့
ပြောကြပါတယ်။
♣ ဆရာတော်ကြီး ကိုယ်တိုင်ရေးသာတော်မူသော တစ်ဘဝသံသရာ စာအုပ်မှ ♣
♣♣ ဆက်လက်ပူဇော်ပါမည်။