Sunday, January 13, 2013

တစ်ခါလာ မဲပြာပုဆိုး


အစားအစာတစ်မျိုးတည်း နေ့တိုင်းစားနေရတော့
စိတ်ပျက်လာတယ်၊ အခြားတစ်မျိုး ပြောင်းပေးရတယ်။
စားနေစဉ် တစ်ချိန်တည်းမှာလဲ အချို အချဉ် အငန် စသည်စသည်
အချိုးတည့်တည့် အစပ်မှန်မှနှ် ရောနှောပါဝင်နေဦးမှ။

မြင်စရာ ကြားစရာလေးတွေလဲ ဒီလိုပါပဲ။
ကြာလာရင် ဒါပဲ ဒါပဲဆိုတော့ ရိုးလာတယ်၊
အသစ်အဆန်းကို မျှော်လင့်လာတယ်။
အသစ်အဆန်းဆိုတာကလဲ
ကိုယ်မတွေ့ဖူးသေးလို့သာ
အသစ်အဆန်းဖြစ်နေတာ။
တကယ်တော့ အဟောင်းတွေပါပဲ။


ဘဝခန္ဓာတွေ အထပ်ထပ် ဖြစ်နေရတာကိုလဲ
ဒီသဘောလေးနဲ့ မြင်ကြည့်ရင် ကောင်းမယ်။
ဘဝတစ်ခုအဆုံးသတ်ပြီး ဘဝအသစ်နဲ့ ပြန်စတော့ကော
ဒါတွေပဲ ထပ်ပြန်လာနေတာ မဟုတ်ဘူးလား။
ဒီရုပ် ဒီနာမ် ဒီသဘောတွေပဲ ထပ်ဖြစ်နေတာ မဟုတ်ဘူးလား။
ဒီဒုက္ခတွေ၊ ဒီအိုနာသေတွေ၊ ဒီသောက ဒီပရိဒေဝတွေပဲလေ။

ဗုဒ္ဓသာသနာနဲ့ တွေ့ရချိန်မှာ
လှည့်စားမှု၊ အလှည့်စားခံရမှုတို့ကို
အမြင်ရှင်း အသိရှင်းနဲ့ မြင်သိလိုက်နိုင်ဖို့
အရေးကြီးလှပါတယ်။

ကြာတော့ ရိုး၊
ရိုးတော့ ငြီးငွေ့၊
ငြီးငွေ့တော့ အသစ်ရှာဆိုတဲ့
ဒီသဘာဝထဲမှာ
ရိုးအီနေတဲ့ ဒီရုပ်နာမ်
ရိုးအီနေတဲ့ ဒီဒုက္ခ
ရိုးအီးနေတဲ့ ဒီသောက
ရိုးအီနေတဲ့ ဒီပရိဒေဝတွေကိုကျမှ
ဘာဖြစ်လို့ ကျေနပ်စွာ လက်ခံနေရဦးမှာလဲ။
ဘာဖြစ်လို့ အသစ်ထင်မှတ်ပြီး မျှော်လင့်နေရဦးမှာလဲ။

အသစ်ရှာဆိုတဲ့နေရာမှာ
အလှည့်စားခံ အသစ်မျိုးမဟုတ်ဘဲ
ဒုက္ခရုပ်နာမ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်မှသာ၊
သောက ပရိဒေဝ အပူဘေးတို့ ကင်းဝေးခြင်းဖြစ်မှသာ
တကယ့်အစစ် အသစ်အမှန် ဖြစ်နိုင်မယ်လေ။

by Uga Rava on Sunday, January 13, 2013 at 1:19pm ·
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ