၁။ လူ့ဘဝ=လူ့ခန္ဓာ
ဥုးဓမ္မဂုတ္တ။ ။ ဥုးဇနကရေ…တပည့်တော် သိပြီးဖြစ်သော်လဲ အများသိအောင် မေးပါရစေ၊
…ဘဝဆိုတာ ဘာာကို ခေါ်တာပါလဲ။
တပည့်တော်။ ။
(၁) ရှေးရှေးဘဝတုန်းက ပြုအပ်ခဲ့သော ကံကြောင့် ဖြစ်ရသော ရုပ်,နာမ် (ခန္ဓာ)ကို
“ဘဝ”လို့ ခေါ်ပါတယ်။ [ခန္ဓ=အစု၊ ရုပ် ခန္ဓာ-ရုပ်အစု၊ နာမ်ခန္ဓာ=စိတ် စေတသိတ်ဟူသော
နာမ်အစု။]
ဓမ္မဂုတ္တ။ ။ အဲဒီ “ဘဝ” ဆိုတာ အမျိုးအစားအားဖြင့် ဘယ်နှစ်မျိုးရှိသလဲ။
တပည့်တော်။ ။
(၂) အဲဒီဘဝကို ဂတိနှင့်တွဲပြီး သုံးစွဲလေ့ရှိပါတယ်၊ အဲဒီ ဂတကိ
ငရဲ,တိရစ္ဆာန်,ပြိတ္တာ, လူ,နတ်ဗြဟ္မာလို့ ငါးမျိုး ပြတော်မူပါတယ်။ [ဂတိ-ကံကြောင့်
ရောက်ထိုက်သော ဘဝ၊ နဝက အင်္ဂုတ္တိုရ် ဒုတိယ ပဏ္ဏာသက၊ ဒုတိယဝဂ် (၆) သုတ်။]
ဓမ္မဂုတ္တ။ ။
လွန်ခဲ့တဲ့ဘဝတုန်းက စုတေခါနီးမှာ ကိုယ်တော်ရဲ့ ကံကကိုယ်တော်ကို “လိုရာ ဘဝတခု
ရွေးပါ” လို့ (မဆိုနိုင်သော်လဲ) တကယ်လို့ ဆိုခဲ့လျှင် ဘယ်ဘဝကို ရွေးမှာလဲ။
တပည့်တော်။ ။
ယခု အသိဉာဏ်မျိုးသာ ရှိရင်တော့ “လူ့ဘဝကို ရွေးမှာပေါ့ တုရား” ဒီလို
အရွေးတတ်ခဲ့ပေမဲ့ ကံက လူ့ဘဝကို ရွေးပေးလိုက်တဲ့အတွက် အလွန် ကျေနပ်ပါတယ်။
တပည့်တော်။ ။
ပုထုဇဉ်မို့ “မခံစားချင်ဘူး” လို့တော့ မကြွားလိုပါဘူး၊ ဒါပေမဲ့…
ဓမ္မဂုတ်။ ။
“ဘာဒါပေမဲ့”လဲ ကိုယ်တော်။
တပည့်တော်။ ။
(၁) နတ်ပြည်ဆိုတာ စားဝတ် နေရေးအတွက် ဘာပြဿနာမှ မရှိဘူး, ခံစားဘွယ်တွေကလဲ
အလွန်ကြီးကျယ်ပါတယ်၊ ဒါ့ကြောင့် ကုသိုလ်ကိစ္စ၌ သတိရမှု အလွန်နည်းတယ်လို့
ဘုရားဟောတော်မူပါတယ်၊
(၂) ထို့ပြင် ရဲရင်မှုသတ္တိလဲ အလွန်
နဲပါးသတဲ့၊ ဒီလူ့ပြည်မှာတော့…ဘုရားပွင့်တော်မူတဲ့ အခါမှာ အောက်တန်း အထက်တန်း
ကုသိုလ်ဖြစ်စရာတွေ အလွန်များပါတယ်၊ လူ့ပြည်မှာ ဒါနပြုဘို့ရာ အလှူခံပုဂ္ဂိုလ်
အဆင့်သင့်ရှိသော်လဲ နတ်ပြည်မှာ ဥပုသ်စောင့်ဘို့တောင် မဖြစ်ပါဘူးတဲ့။
ဓမ္မဂုတ်။ ။
ဘာပြုလို့လဲ ကိုယ်တော်။
တပည့်တော်။ ။
အရှင်ဘုရားဘဲ စဉ်းစားကြည့်ပါလား၊ နတ်သ္မီး နတ်သားတွေက အလွန်
လှနေတာဖြစ်တော့သူတို့မှာ အပျော်အပါးတွေကများပြီး ဥပုသ်စောင့်ရင်လဲ
ဥပုသ်ကျိုးမှာပေါ့။
ဓမ္မဂုတ်။ ။
အား-ဟုတ်ပြီ၊ ဝိဓူရဇာတ်မှာ နဂါးမင်းလဲ နဂါးပြည်မှာ ဥပုသ်စောင့်လို့ မရ၊
သကြားမင်းလဲ နတ်ပြည်မှာ ဥပုသ်စောင့်လို့ မရသောကြောင့် လူ့ပြည်
ဣန္ဒပတ္တမြို့ဥယျာဉ်မှာလာပြီး ဥပုသ်စောင့်ကြရ သတဲံ၊
(ဝိဓူရဇာတ် အဋ္ဌကထာ)။
တပည့်တော်။ ။
အရှင်ဘုရား…ဥပုသ်စောင့်လို့ ဥပုသ်ကျိုးတာ ဘာဟုတ်သေးတုန်း၊ တချို့ နတ်တွေမှာ
နတ်သ္မီးတွေနဲ့ အပျော်အလွန်နေလို့ အစာစားရမှာတောင် သတိ မရဘူတဲ့၊ နောက် သတိရလို့
စားမည်ကြံတော့ “အလွန်နုနယ်တဲ့ ခန္ဓာကိုယ်ကို အလွန်ထက်မြက်တဲ့ ဝမ်းမီးက လောင်လို့
တဖြေးဖြေး ညှိုးပြီး သေတာဘဲ”တဲ့၊ (သီလက္ခန်-ဗြဟ္မဇာလသုတ်)
ဓမ္မဂုတ်။ ။
ဟင်…နတ်သ္မီးတွေရဲ့ အတွေ့ဟာ အစာတောင် မေ့လောက်ပါလားနော်။
တပည့်တော်။ ။မှန်ပါတယ်…ဘုရားရှင်ရဲ့
ညီတော် နန္ဒမင်းသားဟာ လူ့ပြည်မှာတော့ အလှဆုံးလို့ ဆိုရတဲ့ ဇနပဒကလျာဏီကို
စွဲနေလိုက်တာ ရဟန်းဘဝမှာ မပျော်ဘူတဲ့၊ နောက်တော့-ဘုရားရှင်က နတ်ပြည်ကိုခေါ်သွားပါတယ်၊
နတ်ပြည်သွားခါနီးလမ်းမှာ လယ်ကွင်းထဲက မီးလောင်သစ်ငုတ် ပေါ်၌ ထိုင်နေတဲ့
မျောက်မကြီးကိုလဲ ပြတော်မူခဲ့ပါတယ်၊ နတ်ပြည်ရောက်လို့ သကြားမင်းဆီလာကြတဲ့
နတ်သ္မီးတွေကိုမြင်တော့ နန္ဒရဟန်းဟာ သိပ်ပြီး မျက်စိကျနေပါသတဲ့၊ ဘုရာရှင်က
“ဇနပဒကလျာဏီဟာစောစောက တွေ့ခဲ့တဲ့ မျောက်မကြီးရဲ့ အဆင့်အတန်းထဲ ရောက်သွားပါတယ်”
လို့လျှောက်ပါသတဲ့၊ …(ဓမ္မပဒ-နန္ဒတ္ထေရဝတ္ထု)။
ဓမ္မဂုတ်။ ။
ဒါလောက်ဘဲ လူ့သ္မီးနဲ့ နတ်သ္မီးတို့ ကွာခြားနိုင်ပါ့မလားကိုယ်တော်, “ဇနပဒကလျာဏီ”
ဆိုတာ လူထဲမှာ ဒိပ်ဘဲ ဥစ္စာ။
တပည့်တော်။ ။
မကွာခြားဘဲ နေမလာဘုရား၊ လူ့သ္မီးဆိုတဲ့ လူ့သ္မီးဟာ ရေမိုဃ်းချိုးပြီး ပြင်နိုင်
ဆင်နိုင်ဖီးနိုင် လိမ်းနိုင်မှ ကြည့်သာရုံကလေး လှတဲ့အလှပါ၊ ခေမာထေရီဝတ္ထုမှာ
အောက်ပါအတိုင်းရှိပါတယ်။
“ဥဂ္ဃရန္တံ-မျက်စိနားနှာ
အင်္ဂါရှိတိုင်း အထက်ပိုင်းဝယ် ရွံဘွယ် သိုးပုပ်အန်ထုတ်၍ လဲနေထသော၊
ပဂ္ဃရန္တံ-ကျင်ကြီးကျင်ငယ် အသွယ်သွယ်ဟု မဖွယ်မရာ အဖြာဖြာကို မှန်စွာ နေ့ည ယိုချ၍လဲနေယသော၊
သမုဿယံ-သုံးဆယ့်နှစ်ဝကောဋ္ဌာသတို့ လုံးဝခိုမှီး ဤကိုယ်ကြီးကို၊ ပဿ-စေ့စေ့ငုငု
ဉာဏ်စက္ခုဖြင့် (အရှင်ဘုရာကိုယ်တိုင်) ကြည့်ရှုစမ်းပါ ဘုရား”။
ဓမ္မဂုတ်။ ။
နတ်သ္မီးတွေကတေ့ကော ကိုယ်တော်။
တပည့်တော်။ ။ နတ်သ္မီးတွေဆိုတာ
လူ့သ္မီးထက် ကံချင်းလဲ သာတယ်၊ ဥတုချင်လဲကွာတယ်၊ အာဟာရဆိုတာက နတ်ဩဇာတဲ့၊
ထိုအစာဟာဖြူဖြူ ဖွေးဖွေး နုနုကလေးမို့ အလွန် လှတယ်လို့ သုဓာတောဇနဇာတ်မှာ ဆိုပါတယ်၊
အဲဒီနတ်ဩဇာကို စားလိုက်ရရင် အဆာလဲပြေ ရေမွတ်သိပ်လဲပြေရုံမက အပျင်းတောင် ပြေပါသတဲ့၊
သည်တော့-နတ်သ္မီးတွေဟာ အလွန်စိတ်ချမ်းမြေ့ကြပါတယ်၊ သို့အတွက် ကံကြောင့်ဖြစ်သောရုပ်
စိတ်ကြောင့်ဖြစ်သောရုပ် ဥတုကြောင့်ဖြစ်သောရုပ် အာဟာရ (အစာ) ကြောင့်ဖြစ်သောရုပ်တွေက
လူ့သ္မီးများ၏ ရုပ်ထက် သာချင်တိုင်း သာနေရုံသာ မကအောက်ပိုင်း အပေါက် ၂ ခုနှင့်
မျက်စိ နားနှာ အထက်ပိုင်းအင်္ဂါ တို့မှ ထွက်ဘို့ရာ အညစ်ကြေးလဲ မရှိပါဘူးတဲ့။
ဓမ္မဂုတ်။ ။
ဒီလိုဆိုတော့နတ်သ္မီးများက လူ့သ္မီးတွေထက် သာထိုက်ပေသပေါ့နော်၊ ဒါတောင် ကိုယ်တော်က
နတ်ပြည်ထက် လူ့ပြည်ကိုလိုချင်တာက ဘာအကျိုးမြင်လို့တုန်းကိုယ်တော်။
တပည့်တော်။ ။
ယခုအသိမျိုးနဲ့ ပြောရရင်တော့ နတ်ပြည်မှာ ဘုရားရှင်နှင့် တွေ့တုန်းက တရားရသူတွေ
များသော်လဲ ကိုယ်ဘာသာ ကြိုစာ၍ နိဗ္ဗှာန်ရောက်ကြောင်းကောင်းမှုပါရမီဖြစ်ဘို့ရန်
အလွန်ခဲယဉ်ပါတယ်၊ ဒါကြောင့် လူ့ပြည်မှာ ဖြစ်ချင်တာပါ။
ဓမ္မဂုတ်။ ။
ကောင်းမှုပါရမီဖြည့်ဘို့များပုံတွေ ပြောစမ်းပါ ကိုယ်တော်။
တပည့်တော်။ ။
ဒါနနဲ့ သီလအကြောင်းကိုပြောခဲ့ပါပြီ၊ နတ်ပြည်မှာတောထွက်၍ တရားကျင့်ရတဲ့ နေက္ခမ္မပါရမီ
မဖြစ်နိုင်ပါဘူး။
ဓမ္မဂုတ် ။ ။
သကြားမင်းတို့လို စာတုမဟာရဇ် နတ်မင်တို့လို နတ်ကြီးများမှာ အများကောင်းစာအောင်
ပြောရဟောရ စဉ်းစားရတဲ့ ပညာလောက်တော့ ဖြစ်နိုင်ပါလိမ့်မယ်၊ လူအများ သတွာအများ
ကောင်းစားအောင်သင်ကြားပေးရ ပြောဟောပေးရတဲ့ ပညာမျိုးတော့မရှိပါဘူး၊
ပညာပါရမီိတိုးပွားအောင် အားပေးရသော စာသင်တိုက်,စာသင်ကျောင်း လဲမရှိပါဘူး၊
ဘုရားပွင့်မှ ကျင့်ရတဲ့ ဝိပဿနာပညာ ဆိုတာတော့ နတ်ပြညမှာ သာ၍ပင်
ဖြစ်ဘို့ခဲယဉ်းပါသေးတယ်။
ဓမ္မဂုတ်။ ။
ဝီရိယပါရမီကော ဘယ်လိုနေမလဲ။
တပည့်တော်။ ။
ဝီရီယ ပါရမီဆိုတာလဲ နတ်ပြည်မှာဖြစ်ဘို့ ခဲယဉ်းပါတယ်၊ သကြားမင်း
စာတုမဟာရာဇ်နတ်မင်းတို့က အလွန်ဝီရိယ ကောင်းပုံရပါတယ်၊ အများစုအတွက်တော့
စားဝတ်နေရေး ပြည့်စုံပြီးလေတော့ ဝီရိယအားထုတ်၍ အလုပ်-လုပ်စရာ မရှိကြပါဘူး၊ ထိုသို့
လောကီဝီရိယ မရှိကြသလောက် လောကမှ လွတ်မြောက်ဘို့ရာ တရားနှင့်ဆိုင်သော ဝီရိယလဲ
အလွန်နည်းပါး ပါလိမ့်မယ်။
ဓမ္မဂုတ်။ ။ ခန္တီပါရမီကော ကိုယ်တော်။
တပည့်တော်။ ။
သည်းခံမှု ခန္တီပါရမီဆိုတာ အရာရာမပြည့်မစုံနေရတဲ့ နေရာနှင့် ဆန့်ကျင်ဘက်
ရန်သူရှိတဲ့နေရာ၌သာ ဖြစ်နိုင်ပါတယ်၊ အရာရာပြည့်စုံနေတဲ့သူ ဆန့်ကျင်ဘက်
ရန်သူမရှိတဲ့သူမှာ သည်းခံစရာ မရှိတော့တဲ့အတွက် ခန္တီပါရမီ မဖြစ်နိုင်ပါဘူး၊
နတ်ပြည်မှာ အရာရာ ပြည့်စုံနေပါတယ်၊ ဆန့်ကျင်ဘက်လဲ အများစုမှာ ရှိမယ်မထင်ပါဘူး၊
လူ့ပြည်မှာတော့အအေး အပူကြောင့် ဒုက္ခတွေ့လို့ သည်းခံရ,အဲဒီလို သည်းမခံချင်ပေမဲ့
သည်းခံစရာတွေက တွေ့, တွေ့နေတတ်တော့ ပါရမီဖြည့်လိုတဲ့ သူတော်ကောင်းမှာ
သည်းခံရတာကိုဘဲ ဝမ်းသာစရာတမျိုးဖြစ်၍ ခန္တီပါရမီဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။
သစ္စာပါရမီကော ကိုယ်တော်။
တပည့်တော်။ ။
သစ္စာဆိုတာ မုသားရဲ့ ပြောင်းပြန် ဖြစ်ပါတယ်၊ ယခုခေတ် လူများရဲ့ သစ္စာမရှိပုံကိုကြည့်လျှင်
“နတ်ပြည်မှာ သစ္စာဖြည့်စရာမလို” ဟု ယူဆနိုင်ပါတယ်၊ ယခုလူတွေ သစ္စာပျက်တာ
(မုသားပြောတာ) ကို စဉ်းစားပါ၊ ကာမဂုဏ် အာရုံကိစ္စမှာ တယောက်နှင့်တယောက်
ညာကြလိမ်ကြတယ်၊ စီးပွားရေး ရာထူးရေမှာလဲ လိမ်ကြတယ်၊ နတ်ပြည်မှာ ထိုအရေးတွေကြောင့်
လိမ်စရာ ညာစရာမလိုပါဘူး၊ ဒါ့ကြောင့် သစ္စာမရှိပေမဲ့ သူတော်ကောင်းလုပ်သူကတော့
သစ္စာရှိရှိနှင့် ပြောဆိုပြုလုပ်ရင်းသစ္စာပါရမီဖြည့်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။
ကုသိုလ်ဆိုင်ရာ၌ စွဲစွဲမြဲမြဲ ဆောက်တည်ထားမှုကို “အဓိဋ္ဌာန်” ဟု ခေါ်ပါတယ်၊ နတ်ပြည်မှာ
ထိုသို့ဆောက်တည်စရာ များများမရှိပါဘူး၊ လူ့ပြည်မှာတော့ သူတော်ကောင်းလူ ပီသလိုလျှင်
ဒါနမှန်မှန်ပြုမည်၊ သီလကို မကျိုးမပေါက်အောင်စောင့်ထိန်းမည် အချိန်မှန်မှန်
ဘာဝနာပွားမည်၊ အသိဉာဏ် တိုးပွားအောင် ပညာရှိထံ မေးမြန်းမည်၊ ဘယ်သူက ဘာပြောပြော
သည်းခံမည်၊ ဤသို့စသည်ဖြင့် အဓိဋ္ဌာန်စရာ ကောင်းမှုကိစ္စတွေ အများအပြားရှိပါတယ်။
ဓမ္မဂုတ်။ ။
မေတ္တာပါရမီကတော့ နတ်ပြည်မှာလဲ သကြားမင်း စာတုမဟာရာဇ်နတ်မင်း စသော နတ်တချို့မှာ
ဖြည့်နိုင်စရာရှိပါတယ်၊ သို့သော် လူ့ပြည်လောက်တော့ ကျယ်ကျယ်ပြန့်ပြန့်
မေတ္တာဖြန့်ဘို့ လွယ်မယ်မထင်ပါဘူး၊ လူ့ပြည်မှာတော့ စိတ်ဖြင့် မေတ္တာပို့ရတဲ့ မနောကံ
မေတ္တာလဲဖြစ်နိုင်,နှုတ်ဖြင့် မေတ္တာစကားပြောရတဲ့
ဝစီကံမေတ္တာလဲဖြစ်နိုင်,ကိုယ်ဖြင့်အများကောင်းစားအောင် လုပ်ရတဲ့ ကာယကံမေတ္တာလဲ
ဖြစ်နိုင်လို့ အလွန်ကျယ်ပြန့်ပါတယ်။
ဓမ္မဂုတ်။ ။
ဥပေက္ခာပါရမီဖြည့်နိုင်ပုံ ပြောပါဥုး။
တပည့်တော်။ ။
ပါရမီဆယ်ပါးမှာ ပါတဲ့ ဥပေက္ခာဆိုတာ သူတပါးကဒုက္ခဖြစ်အောင်လုပ်လဲ စိတ်မဆိုးဘဲ
သင့်တော်အောင် ရှုတတ်,သူတပါးကသာယာအောင် ယုယုယယပြုလဲ မသာယာဘဲ သင့်တော်အောင်
ရှုတတ်တဲ့စိတ်သဘော ဖြစ်ပါတယ်၊ ဥပေက္ခာမျိုးဆိုတာ နတ်ပြည်မှာ မဆိုထားနဲ့
လူ့ပြည်မှာတောင် အတော်ကောင်းတဲ့ သူတော်ကောင်းမှာသာ ဖြစ်နိုင်ပါတယ်။
ဓမ္မဂုတ်။ ။
ဒီလိုဆိုတော့ သူတော်ကောင်းလုပ်ပြီး ပါရမီ တိုးပွားအောင် ကြိုးစားသူတို့အတွက်
လူ့ပြည်မှာ ဖြစ်ဘို့ကောင်းတာ မှန်ပေတယ်နော်။
တပည့်တော်။ ။
လူ့ပြည်က နတ်ပြည်ထဲက သာတဲ့အချက်တွေများလို့ ဘုရားရှင်က ဇမ္ဗူဒိပ်ကျွန်းသည်
အခြားကျွန်းထက်လဲသာတယ်,နတ်ပြည်ထက်လဲသာတယ်လို့ ဟောတော်မူတာပေါ့ဘုရား။
ဓမ္မဂုတ်။ ။
နတ်ထက်သာတဲ့ အချက်က ပါရမီဖြည့်ဘို့သာတဲ့အပြင် ဘယ်ဟာရှိသေးသလဲ ကိုယ်တော်။
တပည့်တော်။ ။
ဤကျွန်းကလူတွေသည်…သူရာ-ရဲစွမ်းသတ္တိ လုလ္လဝီရိယ ရှိကြကုန်၏၊
သတိမန္တော-ကောင်းသောသတိလည်း ရှိကြကုန်၏၊ ဣဓဗြဟ္မစရိယဝါသော-ဤကျွန်း၌သာ မြတ်သော
(သူတော်ကောင်း) အကျင့်တွေကိုကျင့်၍ နေနိုင်၏၊ ဤသို့ သာတဲ့အချက် ၃ မျိုးကိုဟောတော်မူပါတယ်၊
လက်တွေ့လဲ ဟုတ်ပါတယ်၊…(နဝကအင်္ဂုတ္တိုရ် ပဌမပံ ၃-သတ္တာဝါသဝဂ်)
နိဂုံး။ `။
ငါတို့နေရာ, ဤလူ့ရွာ၏, ခြောက်ဖြာနတ်ပြည်, အလီလီထက်, ဂုဏ်ရည်ဂုဏ်သွေး, သာသည့်ရေးကို,
မြှော်တွေးစေ, ဟုရေးမှုကြောင့်, ယခုလပေါင်းလူ, ပြည်ကောင်း၌, စားကောင်းနေကောင်း,
စိတ်လဲကောင်းဘို့, အကြောင်းထွေထွေ, ကောင်းပါစေသတည်း၊ …ထွေထွေ ငါ့လူများသူလည်း,
ငါ့တူဓိဋ္ဌာန် ရည်စိတ်သန်သည်, နိဗ္ဗာန်တိုင်အောင် ကောင်းစေသော်။
မဟာဂန္ဓာရုံဆရာတော်၏ တစ်ဘဝသံသရာစာအုပ်မှ ပူဇော်သည်။