Friday, January 11, 2013

မဟာဂန္ဓာရုံဆရာတော်၏ တစ်ဘဝသံသရာ အပိုင်း(၃) {မြန်မာပြည်ကို သဘောကျပါတယ်}

 ၂။ အမိမြန်မာပြည်

ဓမ္မဂုတ်။    ။ ဥုးဇနကရေ……ကိုယ်တော်ရဲ့ စိတ်ထဲမှာ လူ့ပြည်လောကကို သဘောကျတာတော့ ကျသင့်ပါပြီ၊ လူ့ပြည်လောကမှာ တိုင်းပြည်နိုင်ငံတွေ အများအပြားရှိပါတယ်၊ ဘယ်တိုင်းပြည်ကို သဘောအကျဆုံးပါလဲ။

တပည့်တော် ။     ။ ဒါကတော့ အရှင်းသားဘဲ ဘုရား၊ ကုသိုလ်ရရေး ပါရမီအရေးနှင့် စဉ်းစားလျှင်တော့ အမိမြန်မာနိုင်ငံကို သဘောအကျဆုံးဖြစ်နေမှာပေါ့။

ဓမ္မဂုတ်။    ။ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ တရားတော်များပြန့်နှံ့တဲ့ နိုင်ငံတွေအများသားဘဲ, ဘာ့ကြောင့် မြန်မာနိုင်ငံကို ပို၍ သဘောကျရသလဲ။

တပည့်တော်။    ။ ဗုဒ္ဓမြတ်စွာရဲ့ သုတ္တန် ဝိနည်း အဘိဓမ္မဆိုတဲ့ ပိဋက ၃ ပုံတွင် သုတ္တန်ကိုတော့ အခြားနိုင်ငံ၌ တော်တော် လိုက်စားကြ,တော်တော်လဲ ကျွမ်းကျင်ကြပုံ ရပါထယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံက ဆရာတော်များထက်မသာပါဘူး၊ အဘိဓမ္မာနှင့် ဝိနည်းအရာ၌ ကျွမ်းကျင်မှုမှာတော့မြန်မာ ဆရာတော်များကို အမှီပါဘူး။

ဓမ္မဂုတ်။    ။ ကိုယ်တော်က အခြားနိုင်ငံတွေကို ရောက်ဘူးလို့ ဒီလို ကောက်ချက်ချနိုင်တာလား။

တပည့်တော်။    ။ မရေက်ဘူးပါဘူး, ဒါပေမဲ့ “အသွေးမြင်တော့ အသွင်သိ,အပွေးမြင်တော့ အပင်သိ” ဆိုတာလိုပေါ့ဘုရား၊ ဆဋ္ဌသံဂါယနာ ကိစ္စတုန်းက “နိုင်ငံခြားမှ ကြွလာကြတဲ့ ဆရာတော် သံဃာတော်များနှင့် တွေ့ရလို့ စာပေရေးရာ ဝိနည်းသိက္ခာကို သိနိုင်ခွင့်ရပါတယ်၊ တပည့်တော် ကိုယ်တိုင် မရောက်ဘူးပေမဲ့ တပည့်တော်ရဲ့ ကျေးဇူးရှင်များ ဖြစ်တော်မူကြသော အဘယာရာမ ဆရာတော်နှင့် မြောင်းမြ ဆရာတော်တို့က ရောက်ရုံတွင် မက,အတော်ကြာကြာ သီတင်းသုံးတော်မူခဲ့ကြလို့ ထိုနိုင်ငံက အကြောင်းတချို့ကို ရောက်ဘူးသလောက်နီးနီး သိပြီးဖြစ်နေပါတယ်။

ဓမ္မဂုတ်။    ။ ဘာ့ကြောင့် ဒီနိုင်ငံက ဝိနည်းအရာမှာ သေချကျန ကျွမ်းကျင်ကြရသလဲ ကိုယ်တော်။

တပည့်တော်။    ။ အရှင် အရဟံ လက်ထက်မှစ၍ ဆရာတော် အဆက်ဆက်တို့ ဝိနည်းကို သင်ကြ ကျင့်ကြရုံသာမက, မင်း အဆက်ဆက်ကလဲ အားပေးခဲ့ ကြလို့ ဒီနိုင်ငံက ဆရာတော်အများပင် ဝိနည်းအရာ၌ ကျွမ်းကျင်တော်မူခြင်းဖြစ်ပါတယ်။

ဓမ္မဂုတ်။    ။ ယခုအချိန်မှာကော ဝိနည်းအကျင့်က ကောင်းတုန်းဘဲလား။

တပည့်တော်။    ။ ကိုယ်တော်က တချို့ ကိုယ်တော်များရဲ့ အနေကို ကြည့်ပြီးဝိနည်းအကျင့် ကျဆင်းနေတယ်လို့ ဆိုချင်ပါသလား၊ ထိုကိုယ်တော်မျိုးဟာ ရာခိုင်နှုန်းမများသေးပါဘူး၊ ဒါပေမဲ့…နိုင်ငံခြားလက်အောက်မှာ အတော်ကြာခဲ့တဲ့အပြင် အစိုးရများကလဲ မစောင့်ရှောက်အားသေးလို့ပါ၊ အစိုးရက စောင့်ရှောက်သည်နှင့် တပြိုင်နက် အကျင့်ဘက်ကလဲ တက်လာဘို့ အချက်တွေကို စဉ်းစားပြီးသား ရှိပါတယ်၊ မြန်မာလူမျိုးများဟာ လူရော ရှင်ပါ သဒ္ဓါတရား ကောင်းကြပါတယ်၊ ဝိနည်းကျင့်မှုဆိုတာလဲ သဒ္ဓါတရားနှင့် အများကြီး ဆိုင်ပါတယ်။

ဓမ္မဂုတ်။    ။ အဘိဓမ္မာဘက်မှာတော့ ဘာ့ကြောင့် အဆင့်အတန်း မြင့်ရသလဲ ကိုယ်တော်။

တပည့်တော်။     ။ ရှေးခေတ်က မြန်မာဆရာတော်ကြီးများဟာ ဘုရားကိုအလွန် ကြည်ညိုကြ, ယုံကြည်ကြပါတယ်၊ ဒါ့ကြောင့် မြတ်စွားဘုရားကို ပူဇော်သောအားဖြင့် အဘိဓမ္မာမှ ခက်ခဲသော တရားတော်များကို ညဥ့်အခါ၌ လေ့လာကြပါတယ်၊ ထိုသို့ ညဝါအဖြစ်ဖြင့် လေ့လာမှုကြောင့် အဘိဓမ္မာ တချို့၌ ပဋ္ဌာန်းကျမ်းကြီးတိုင်အောင် အလွန် ကျွမ်းကျင်တော်မူကြပါတယ်၊ ယခုခေတ်မှာ လဲ ထိုကျွမ်းကျင်မှုဟာ အလျော့သေးပါဘူး၊ ဒါ့ကြောင့် အဘိဓမ္မာဘက်၌ အဆင့်အတန်းမြင့်လျက်ပင် ရှိပါတယ်။
ဓမ္မဂုတ်။    ။ သရုပ်ခွဲ အရကျက် အနေအားဖြင့်တော့ ကိုယ်တော် ယူဆသလို ကျွမ်းကျင်ကြပါလိမ့်မယ်၊ သဘော သဘာဝအရာမှာတော့ ကျွမ်းကျင်ကြပါ့မလား ကိုယ်တော်။

တပည့်တော်။    ။ မှန်ပါတယ်……စိတ်ရဲ့ သဘော,ဖဿရဲ့ သဘော,ရုပ်ရဲ့ သဘော,စိတ်အစဉ် (ဝီထိ) ဖြစ်ပုံသဘော,ပဋ္ဌာန်းနည်းအားဖြင့် ကြောင်းကျိုးဆက်သွယ်ပုံကဘော,ပဋိစ္စပမုပ္ပါဒ်ဒေသနာတော်အရ ကြောင်းကျိုးဆက်သွယ်ပုံ စသော သဘောတိုင်အောင် နက်နက်နဲနဲ စဉ်းစားနိုင်သောပုဂ္ဂိုလ်ရဲ့ အရေအတွက်ကတော့ များလှမယ် မဟုတ်ပါဘူး၊ ဒါပေမဲ့-ထိုသရုပ်အသိကို အခြေခံပြီးမှ သဘောအသိကို ကျကျနန သိနိုင်သောကြောင့် အဘိဓမ္မာတရားတော်ဘက်၌ အဆင့်အတန်း မြင့်တယ်လို့ဘဲ ဆိုနိုင်ပါတယ်။

ဓမ္မဂုတ်။    ။ ကိုယ်တော်က တရားဘက်၌ အဆင့်အတန်းမြင့်လို့ မြန်မာနိုင်ငံကို သဘောကျတာပေါ့နော်၊ လောကီ အဆင့်အတန်းကိုတော့ ဘယ်လိုမြင်ပါသလဲ။

တပည့်တော်။    ။ မှန်ပါတယ်……လောကီဘက် အဆင့်အတန်းကို စဉ်းစားလျှင်တော့ အများကြီး ကြိုးစားရပါဥုးမယ်၊ ဒါလဲ လက်အောက်ခံဘဝမှာ သဘာဝ အခြေအနေကတော့ ကောင်းပါတယ်၊ တရားဘက် အဆင့်အတန်းမှာတော့ အခြားနိုင်ငံက လိုက်လို့ မမှီနိုင်ပါဘူး၊ တပည့်တော်ကလဲ သံသရာအရေး, ပါရမီအရေးကိုစဉ်းစားပြီး မြန်းမာနိုင်ငံကို သဘောကျတာပါ၊ တရားဘက်က မြင့်နေတာဖြစ်တော့ ဘယ်သူ မကျင့်-ကျင့်ကိုယ်ကျင့်လျှင် ကိုယ်ရတာဘဲ မဟုတ်လား ဘုရား၊ သည်တော့ ကျင့်လိုတဲ့သူများအတွက် ကျင့်စဉ်လမ်းမှန်ရှိနေလျှင် အဖိုးတန်းသော နိုင်ငံပင်ဖြစ်ပါတယ်။

ဓမ္မဂုတ်။    ။ ဟုတ်ပါရဲ့…ကိုယ်တော်ကတော့ လောကီဘက်က တိုးတက်နေတဲ့ တခြားနိုင်ငံများသာ မက, နတ်ပြည်ထက်တောင် ဤမြန်မာနိုင်ငံကို သဘောကျဥုးမှာပါဘဲ။

တပည့်တော်။    ။ ဤနိုင်ငံကို သဘောကကျတာပေါ့ဘုရား၊ လောကီဘက်က တိုးတက်နေကြတဲ့ ထိုနိုင်ငံသားအများစုရဲ့ စိတ်တွေဟာ လောဘ ဒေါသမာန်မာနနှင့် မနာလိုတဲ့ ဣဿာ ကိုယ်လို ကြီးပွားမှာစိုးတဲ့ မစ္ဆရိယတွေတိုးပွားနေတာမြင်တော့ လောကီဘက်ကမြင့်ပေမဲ့ ကိုယ်ကျင့်မမြင့်ပါဘူး။

ဓမ္မဂုတ်။    ။ ကိုယ်တော့ မြန်မာနိုင်ငံက ယခုလူတွေလဲ ဒီလိုဘဲ မဟုတ်လား, ဘာထူးသေးလဲ။

တပည့်တော်။    ။ ဒီနိုင်ငံမှာလဲ ယခု လူတွေကတော့ သိပ်မထူးပါဘူး၊ ဒါလဲ နိုင်ငံခြားသားတွေနဲ့ ပေါင်းပြီး သူတို့လုပ်သမျှ အကောင်းထင်ခဲ့တဲ့စိတ်ကြောင့်ပါ၊ သို့ပေမဲ့ လူကောင်း သူကောင်း လုပ်ချင်တဲ့ သူများအတွက် ကတော့ ဒီလိုလူတွေကြည့်ပြီး ကိုယ်ကိုယ်ကို သာ၍ကောင်းအောင် သတိထားဘို့ရာ တရားကောင်းတွေ ရှိသေးတဲ့အတွက် အကျိုးမယုတ်ပါဘူး၊တနည်းအားဖြင့် ပြောရလျှင် အဲဒီလူညံ့တွေကြောင့် ကိုယ်အတွက် သတိထားနိုင်သူမှာ သာ၍အကျိုးရှိပါသေးတယ်။

ဓမ္မဂုတ်။    ။ ဒီလိုဆိုတော့ ကိုယ်တော်က ဒီမြန်မာနိုင်ငံကို အဟုတ်သဘောကျတာပေါ့နော်။

တပည့်တော်။    ။ အဟုတ်သဘောကျတာပေါ့ ဘုရား။

ဓမ္မဂုတ်။    ။ ဒီလိုဆိုရင်………ကိုယ်တော်နဲ့ တပည့်တော် သံပြိုင်ရွတ်ရအောင် ကိုယ်တော်…… …ညီညီနော်။

တပည့်တော်။    ။ တရားနဲ့ ဆိုင်တဲ့ ဂါထာလင်္ကာကို ရွတ်ကောင်းပါရဲ့၊ ဒါပေမဲ့ အသံဆွဲပြီး ဂီတသံပေါက်အောင်တော့ မရွတ်ကောင်းဘူးနော်။

ဓမ္မဂုတ်။    ။ ဥပုသ်သည်များကိုတောင် နစ္စဂီတသိက္ခာပုဒ်က တားမြစ်ပြီးပါ၊ ကိုင်း…ကိုင်း…ရိုးရိုးကလေး ဥဒါန်းကြူးရင်း နိဂုံးချုပ်ကြစို့ ကိုယ်တော်။ ညီညီနော်……ညီညီ ညီညီ။

၁။    အရှင်အရဟံ နော်ရထာမင်းတို့, သန့်ရှင်းခဲ့တဲ့ သာသနာ,
အရည်းကြီးတွေ မူရင်းပျောက်ဘို့, လူတွင်းအရောက် နှိမ်ခဲ့တာ၊
ခုလဲ ဒို့မှာ သာသနာရှင်းဘို့, ဒါယကာမင်းတို့ ကူမည်သာ,
ကူသောအခါ ကောင်းစွာဖြေ့၍, ကျောင်းမှာမွေ့မွေ့ ပျော်ကြမှာ။

၂။     ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ,
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေး၍ ဖြည့်ခဲ့သည်၊
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်တော့, ငါပါအသက် ဆုံးစေမည်,
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။

*** မဟာဂန္ဓာရုံဆရာတော်၏ တစ်ဘဝသံသရာမှ ပူဇော်သည်။

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ