နောက်နံပါတ်(၂)က “ကိရိယ ပရိဟာနိ” လို့ ခေါ်တယ်၊ ကိုယ့်ရဲ့ လုပ်တောင်ရမယ့် ကိစ္စတစ်ခု မလုပ်တောင်မိရင်လည်း
အခြေခံကောင်းတွေ ဆုံးရှုံးသွားတယ်တဲ့၊ အဲဒါကျတော့ တရားဟောပြောသူနဲ့ ကာယကံရှင် နှစ်ဦး
သက်ဆိုင်မှုရှိတယ်တဲ့။
“ကိရိယ ပရိဟာနိ” တရားဟောတဲ့ပုဂ္ဂိုလ်က ပြည့်ပြည့်စုံစုံ ဟောမပြနိုင်ဘူး
ဆိုလျှင်လည်းပဲ - အဲဒီပုဂ္ဂိုလ်က ဆိုပါစို့ - နည်းကောင်း လမ်းကောင်း မပေးနိုင်ဘူးဆိုရင်
တရားထူး တရားမြတ် ရနိုင်လောက်တဲ့ အနေအထား ရှိလျက်သားနဲ့ အဲဒီ ပုဂ္ဂိုလ်က တရားထူး တရားမြတ်
မရဘူးတဲ့။ အဲဒါ ဟောပြောသူ ဘက်က ချို့ယွင်းခက်ပဲ။ လုပ်ဆောင်သူဘက်က ချို့ယွင်းချက်ကတော့
မကြိုးစားတာတို့၊ မလုပ်တာတို့၊ တရားအားမထုတ်တာတို့၊ ပျင်းတာတို့။ အဲဒါ လုပ်ဆောင်သူဘက်က
ချို့ယွင်းချက်တဲ့။
ကိရိယ ပရိဟာနိ နေရာမှာ မြတ်စွာဘုရားနဲ့ ပြောမယ်ဆိုရင် ဘုရားဘက်က ချို့ယွင်းချက်မရှိဘူး၊
ရဟန္တာတွေဘက်က ရှိနိုင်တယ်တဲ့။
ကြည့်လေ - ဓနဉ္စာရီပုဏ္ဏားကို ရှင်သာရိပုတ္တရာက
တရားဟောတယ်၊ အစွဲတွေ ချွတ်တယ်၊ ချွတ်ပြီး နောက်ဆုံးကျတော့ “ပုဏ္ဏားတွေဟာ ဗြဟ္မာ့ပြည်ကို သိပ်ရောက်ချင်တဲ့ကောင်တွေ” ဆိုပြီးတော့ ဗြဟ္မာ့ပြည်တွင် ပို့ထားပစ်ခဲ့တာ၊ တကယ်တော့
သူက ဗြဟ္မာ့ပြည်တွင် မကဘူး, တရားထူး တရားမြတ်ရနိုင်တဲ့ အဆင့်ရှိရဲ့သားနဲ့ သူက ဗြဟ္မာ့ပြည်အဆင့်လောက်တင်
ချန်ထားခဲ့ပြီးတော့ ဟိုက ရားထူး တရားမြတ် ရတဲ့အတင့် မရောက်သွားဘူးပေါ့။ အဲဒါကျတော့
ရှင်သာရိပုတ္တရာရဲ့ လုပ်ဆောင်မှု အားပျော့တယ်လို့ ဒီလိုပြောတယ်၊ ဟောပြောတဲ့ပုဂ္ဂိုလ်ရဲ့
အားပျော့မှုလို့ ဒီလိုပြောတယ်။
ခွဲလိုက်မယ် ဆိုလို့ရှိရင် ‘ကလျာဏမိတ္တ’ ကောင်းတဲ့ မိတ်ဆွေနဲ့ ပေါင်းမိဖို့လည်း
လိုသေးတယ်။ ‘ကိရိယာပရိဟာနိ’ မဖြစ်အောင် ဟောပြော နည်းပေးလမ်းပြတဲ့ဆရာက ပြည့်စုံဖို့
လိုသေးတယ်။ နောက်ထပ် ကိရိယာပရိဟာနိ မဖြစ်အောင် ကိုယ်တိုင်က ကြိုးစားဖို့ လိုသေးတယ်လို့
အကြောင်းသုံးမျိုး။ အဲဒါမှသာလျှင် တရားထူး တရားမြတ်ရဖို့ဆိုတာ ဖြစ်နိုင်တယ်။
မိမိကိုယ်တိုင်းကတော့ စွမ်းဆောင်မှုရှိပါရဲ့၊
နည်းပေးလမ်းပြ လုပ်မယ့် ပုဂ္ဂိုလ်မရှိဘူးဆိုလျှင် တရားထူးတရားမြတ် မရနိုင်ဘူး။ နည်းပေးလမ်းပြလုပ်မယ့်
ပုဂ္ဂိုလ်ရှိပါလျက် ကိုယ်က မလုပ်ဘူးဆိုရင်လည်း မရနိုင်ဘူး၊ အဲဒီလိုပေါ့၊ တိဟိတ်ပုဂ္ဂိုလ်ရဲ့
အနေအထားက အဲဒီလိုရှိတယ်။
တစ်ဖန် ပစ္ဆိမဘဝိကဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့
သူက ပိုပြီးတော့ စွမ်းဆောင်မှုရှိတယ်။ ပစ္ဆိမဘဝိက ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝဟာ နောက်ဆုံးဘဝ၊
သေလောက်တဲ့ အနေအထားတွေ ကြုံပေမယ့်လို့ ဘယ်လိုနည်းနဲ့မှ မသေဘူး။ သံကိစ္စသာမဏေတို့ ရှင်ဒဗ္ဗတို့ပဲ
ကြည့်ပေါ့နော်။ သေတွင်းကနေ ထွက်လာတာ၊ ရှင်ဗာကုလ တို့ - ငယ်ငယ်လေး၊ မြစ်ထဲမှာ ရေချိုး၊
ငါးဟပ်သွားလို့ ငါးဗိုက်ထဲရောက် သွားရော၊ ငါးဗိုက်ထဲကနေပြီးတော့မှ အသ်မသေဘဲ ပြန်ရှင်လာတာ။
အဲဒီ ပုဂ္ဂိုလ်မျိုးကျတော့ ပစ္ဆိမဘဝိကလို့ ခေါ်တယ်၊ ပစ္ဆိမဘဝိကဆိုတာ လွဲချော်မှုတွေ ဘယ်လောက်ရှိရှိ
သေချာပေါက် တရားထူး တရားမြတ်ရတဲ့ ပုဂ္ဂိုလ်မျိုး၊ ဒီလိုလည်း စာပေတွေမှာ ခွဲပြထားတာ ရှိတယ်ပေါ့နော်။
အဲဒီမှာ အားလုံးလူတွေကို ကြည့်မယ်ဆိုရင်
ဘဝတစ်ခု အစပြုလိုက်တဲ့အခါမှာ ဥပေက္ခာသန္တီရဏ ကုသလဝိပါက်စိတ်နဲ့ စ,ချင် စ,မယ်၊ ဉာဏဝိပ္ပယုတ်
မဟာဝိပါက်စိတ်နဲ့ စ,ချင် စ,မယ်၊ အဲဒီစိတ် ၉- မျိုး နဲ့ စ,လာတဲ့ ဘဝလေးတစ်ခုဟာ အတိတ်ဘဝနဲ့
အဆက်မပြတ်အောင် ကံအသစ်ကနေ ဖန်တီးပေးလိုက်လို့ ပြန်ပြီးတော့ စပ်မိသွားတယ်၊ စုတိနဲ့ ပြန်စပ်သွားတယ်ပေါ့
အတိတ်ဘဝက ‘သေ’
ဆိုတဲ့ စိတ်ကလေးနဲ့ ဒီဘဝ ‘ဖြစ်’ ဆိုတဲ့ စိတ်ကလေးနော်၊ လူက လူသားဖြစ်ပြီးတော့ မွေးတာကတော့
ကြာကောင်းကြာလိမ့်မယ်၊ စိတ်ကတော့ ပြတ်မသွားဘူး၊ စုတိစိတ်ဆိုတာ ဖြစ်တာနဲ့တစ်ပြိုင်နက်
ပဋိသေန္ဓစိတ်ဆိုတာ နောက်ကနေ ဆက်လိုက်လာတာ၊ အဲဒီပဋိသန္ဓေ စိတ်ကလေး တည်ပြီးတော့ လူရဲ့သန္တာန်မှာ
ထွားကြိုင်းမှုဆိုတာ ခုနက embryonic တို့ foetus တို့ လာဖို့ကတော့ အများကြီးပေါ့နော်။
အဲဒါတွေက နောက်မှလာမှာ၊ ၉-လတို့ ၁၀-တို့ ဒီလိုဖြစ်လာတာပေါ့၊ အဲဒါ ရုပ် တရားတွေရဲ့ တဖြည်းဖြည်း
ကြီးထွားလာမှု။
နာမ်တရားဖြစ်စဉ်ကတော့ စုတိဆိုတာနဲ့
တစ်ပြိုင်နက် ကံ အသက်ကနေ ပဋိသန္ဓေဆိုတာကို တစ်ခါတည်း ဖန်တီးလိုက်ပြီ။ ဖန်တီးလိုက်ပြီးတော့
ဖြည်းဖြည်းချင်း ကြီးထွားလာတာပါ၊ ဒါက ဇလာဗုဇ, အဏ္ဍဇ ဆိုတဲ့ ဂဗ္ဘသယျကသတ္တဝါတွေပေါ့။ အမိဝမ်းထဲမှာ
လူဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ သံသေဒဇ ဆိုတာကျတော့ လူကောင်းလုံးပီပီ သေးသေးလေး ဖြစ်လာတာ၊
သြပပါတိက ဆိုတာကတော့ ဘဝမှာရမယ့် အရွယ်အစားအတိုင်း ဖြစ်လာတာပေါ့။ ပဋိသန္ဓေနေပုံနေနည်း
လေးမျိုးရှိတယ်။
အဲဒီလို စလိုက်တာနဲ့ တစ်ပြိုင်နက်
ပထမဆုံးစိတ်ကလေးကို ပဋိသန္ဓေစိတ်လို့ ခေါ်တယ်။ ဖြစ်ပြီးရင် သူက ပျက်သွားပြီ၊ နောက်ထပ်
အလားတူစိတ်ကလေးတွေက ပြန်ပေါ်လာတယ်၊ ဖြစ်လာတယ်။ ဘာကြောင့် ဖြစ်တာတုန်းဆိုတော့ ကံရဲ့ အရှိန်ကြောင့်ပဲ။
တစ်သက်လုံး ဒီစိတ်ကလေးက စဉ်ဆက်မပြတ်ဘူး ဖြစ်နေမယ်၊ နောက်ဆုံး ဘဝတစ်ခု အဆုံးသတ်ပြီဆိုတော့
စုတိစိတ်ကလေး ဖြစ်လာမယ်။
အဲဒါကို နိုင်ငံခြားသားတွေ နားလည်အောင်
ဘုန်းကြီးက blue line လို့ ပြောတယ်၊ အပြာလိုင်း၊ အပြာလိုင်းဆိုတာ ငြိမ်သက်ပြီးတော့
နေတယ်၊ လှုပ်ရှားမှုမရှိဘူး၊ လက်ရှိဘဝနဲ့ ဘာမှ ဆက်စပ်ထားတာ မဟုတ်ဘူးနော်၊ ငြိမ်ပြီးတော့
နေတယ်၊ သေတော့ ငြိမ်သွားတာပဲ မဟုတ်ဘူးလား၊ အဲဒီ မသေခင် အိပ်နေတော့ရော ငြိမ်နေတာပဲ၊
အဲဒီစိတ်တွေဟာ ဝီထိမုတ်စိတ်တွေလို့ ခေါ်တယ်နော်။ ဝီထိမုတ်ဆိုတာ process free လို့ ပြန်တာ။
ဒါဖြင့် process ဆိုတဲ့ စိတ်တေကျတော့ ဘာဖြစ်လို့လဲ၊ စဉ်းစားစရာ ဖြစ်နေတယ်၊ ဒါဖြင့် ခုပြောခဲ့တဲ့
ပဋိသန္ဓေစိတ်တို့, ဘဝင်စိတ်တို့, စုတိစိတ်တို့က သူက ဖြစ်စဉ်ကြီးတစ်ခုနေနဲ့ တစ်သက်တာ
နှစ်ပေါင်းများစွာ run နေတာ၊ နှစ်ပေါင်းများစွာ ပြေးနေတာ၊ သွားနေတာ၊ နှစ်ပေါင်းများစွာ
ထပ်ထပ် ထပ်ထပ်ဖြစ်နေတာ၊ စဉ်ဆက်မပြတ် ဖြစ်နေတာ။
ဥပမာ - ဖယောင်းတိုင်မီးလေးကို စ,ထွန်းလိုက်တယ်၊
ပထမဆုံး လင်းလာတဲ့ မီးတောက်ကလေး ရှိသလို နောက်ဆုံး ဖယောင်းတိုင်ဆီနဲ့ မီးတောက်ကလေး
ရှိသလို နောက်ဆုံးတောက်တဲ့ မီးတောက်လေးရော မရှိဘူးလား၊ အဲဒီနှစ်ခုကြားမှာ လင်းနေတာလေးရော
မရှိဘူးလား၊ အဲဒီ မီးတောက်တွေ စဉ်ဆက်မပြတ် တောက်နေတာဟာ အကြောင်းတရားတွေက ဆက်ပြီး ဖန်တီးပေးနေတာ။
ထို့အတူပဲ လူ့ရဲ့ဘဝက ဖယောင်းတိုင်မီးလေး
ထွန်လိုက်သလိုပဲ၊ ငြိမ်းသည်ထိအောင် သူ့ရဲ့ ဖောင်တိုင်ရှည်ရင် ရှည်သလောက်, ဖယောင်းဆီရှိရင်
ရှိသလောက်, မီးစာရှိရင် ရှိသလောက် ညလုံးပေါက်လင်းတဲ့ ဖယောင်းတိုင်လည်း ရှိတာပေါ့နော်။
ခဏလေးနဲ့ ကုန်သွားတဲ့ ဖယောင်းတိုင်လည်း ရှိတာပဲ။ အဲဒီတော့ လူ့ဘဝမှာ ဖယောင်းတိုင်မီးလေး
ထွန်းလိုက်သလို စပြီးတော့ ပေါ်လာတဲ့ စိတ်လေးကို ပဋိသန္ဓေစိတ်လေးလို့ ခေါ်တယ်၊ နောက်ဆုံး
မီတောက်လေးကို စုတိစိတ်လို့ ခေါ်ပြီးတော့ အလယ်ပိုင်းက ဟာတွေကို ဘဝင်စိတ်လို့ ခေါ်ကြရအောင်၊
ဘဝမှာ အဲဒီလိုပဲ။
အဲဒါတွေက ဒီစိတ်တွေက ဘယ်သူ့ရဲ့စွမ်းအားနဲ့
ထပ်ထပ်ပြီးတော့ ဖြစ်နေရတာလဲ၊ ဘယ်သူရဲ့ စွမ်းအားကြောင့် နောက်ဆုံးမှာ ဒိလုံးပျက်စီးသွားတဲ့
အဆင့်ကို ရောက်သွားတာလဲဆိုတာ ကံရဲ့စွမ်းအားပဲ၊ ကံရဲ့ အရှိန်အဟုတ်ပဲ။
ဟိုတစ်နေ့တုန်းက ပြောခဲ့တယ်၊ မြားတစ်ချောင်းကို
ပစ်လိုက်တယ် ဆိုလို့ရှိရင် ပစ်အားရှိသလောက် သူက သွားနေတာ။ ဒုံးပျံပစ်လိုက်တယ်ဆိုရင်လည်း
ဒုံးပျံရဲ့ ပစ်အားရှိသလောက် သူသွားနေတယ်၊ အားကုန်သွားရင် ကျသွားမှာ။ အဲဒီလိုပဲ ကံရဲ့
အရှိန်နဲ့ သူက သွားနေတာ၊ အသက် - ၈၀ ရှည်မယ့်ကံနဲ့ သွားနေရင် နှစ်ပေါင်း ၈၀ ဖြစ်တယ်ပေါ့၊
ဒီစိတ်ကလေးကနော် - သွားနေမှာပေါ့၊ စဉ်ဆက်မပြတ် သွားနေတာ၊ အဲဒီဖြစ်စဉ်လေးတစ်ခုက။
ဒါဖြင့် သူက ဘာအာရုံနဲ့သွားနေတာတုန်းလို့
မေးလို့ရှိရင် သူ့မှာ ကိုယ်ပိုင်အာရုံလေးရှိတယ်၊ အဲဒီ ကိုယ်ပိုင်အာရုံလေးက အသစ်မဟုတ်ဘူး၊
အတိတ်ဘဝမှာယူထားတဲ့ ကိုင်ပိုင်အာရုံလေးရှိတယ်၊ လူတစ်ယောက်မှာ မသေခင် အတိတ်ရဲ့ အရိပ်က်
လာပြီးတော့ လွှမ်းမိုးနေတာ၊ သေခါနီးလူတွေမှာ စိတ်ကို လာပြီးတော့ လွှမ်းမိုးထားတဲ့အာရုံတွေ
ရှိတက်တယ်။ လူမှာ သေခါနီးပြီဆိုရင် တစ်ခုခုက လာပြီးတော့ လွှမ်းမိုးလေ့ရှိတက်တယ်၊ လွှမ်းမိုးတယ်ဆိုတာ
ကိုယ်လုပ်ခဲ့တာတွေကို ပြတ်သတိရနေတာလည်း လွှမ်းမိုးတာပဲနော်, အကြောင်းအရာတွေ ထင်ပေါ်နေတာလည်း
လွှမ်းမိုးတာပဲ, ခုမှ အသစ်အဆန်း ပေးနေတာလည်း လွှမ်းမိုးနေတာပဲ ကိုယ့်စိတ်ထဲမှာ လွှမ်းမိုးလာတာပဲ။
အဲဒါကို စာပေအရ ပြောလို့ရှိရင်
“ကံအာရုံ, ကမ္မနိမိတ်အာရုံ, ဂတိနိမိတ်အာရုံ” လို့ အာရုံသုံးမျိုးနာမည်ပေးထားတယ်။ အာရုံ ၃-မျိုးဆိုတာ
ဒီအာရုံ ၆-ပါးထဲကပဲ၊ သီးသန့်မဟုတ်ဘူနော်၊ အာရုံ ၆-ပါးထဲက ဟာကိုပဲပြေတာ၊ ရူပါရုံလည်း
ဖြစ်ချင်ဖြစ်မယ်၊ သဒ္ဒါရုံလည်း ဖြစ်ချင်ဖြစ်မယ်၊ ဂန္ဓာရုံလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်စိတ်ကိုလာပြီး
လွှမ်းမိုးနေတာ၊ အိမ်မက်မက်သလိုပဲ၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေက မမြင်ရပေမယ့် သူက မြင်နေရတယ်၊
လွှမ်းမိုးလာတာ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။