စောင့်ကြည့်တဲ့အခါ တချို့က သေခါနီးလေးမှာ
ဘာဖြစ်တာတုန်းဆိုတော့ မျက်နှာလေးက ပြုံးလာတယ်၊ ပြုံးပြီးတော့ သေသွားတာလည်း ရှိတယ်၊
တချို့ကျတော့ မျက်လုံးကြီးပြူး, ပါးစပ်ကြီး ပြဲလာပြီးတော့ ကြောက်လန့်ရုန်းကန်ပြီး သေသွားတဲ့
သူလည်းရှိတယ်။ သေပုံသေနည်း မတူညီတာတွေ အများကြီးရှိတယ်၊ ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်တာတုန်းလို့မေးတယ်။
ဗုဒ္ဓတရားတော်အရ သေခါနီးမှာ ကုသိုလ်ကောင်းမှု
အကျိုးပေး အလှည်ကျတဲ့သူတွေမျာ ဘာတွေဖြစ်တုန်းဆိုရင် ပျော်စရာအာရုံတွေ မြင်တယ်၊ မိတ်ဆွေသင်္ဂဟတွေက
သူ့ကို လာပြီးခေါ်ကြတယ်၊ ဖိတ်ကြတယ်၊ လှပတဲ့တိုက်ကြီးတွေ၊ ဥယျာဉ်ကြီးတွေထဲ ရောက်သွားတယ်၊
အဲဒီလိုမြင်ရတော့ ပြုံးနေမှာပေါ့၊ မဟုတ်ဘူးလား။
ဓမ္မိကဥပါသကာကြီးဆိုရင် သေခါနီး
နတ်ပြည်က ရထား ၆-စင်း ဆိုက်တယ်၊ ဒါ သူ့မျက်စိနဲ့တော့ မြင်နေတာပဲ၊ နားနဲ့လည်း ကြားနေတာပဲ၊
နတ်တွေစကားပြောနေတာ သူက ကြားတယ်၊ ကျန်တဲ့သူတွေက မကြားဘူး၊ တရားနာနေတဲ့အချိန်မှာ ကောင်းကင်က
နတ်ရထား ၆-စင်း၊ နတ်ပြည် ၆-ထပ်က နတ်ရထားတွေ မောင်းလာတာ၊ မောင်လာပြီး ရောက်လာတဲ့အချိန်က
စလို့ ပြောကြတာ၊ အလုအယက် သူ့ရထားနဲ့ လိုက်ခဲ့ပါ၊ သူ့ဆီလိုက်ခဲ့ပါနဲ့ ဝိုင်းခေါ်ကြတာပေါ့။
အခု ဘတ်စ်ကားမှာ စပယ်ယာတွေ ခေါ်နေသလိုပဲ၊ အဲဒီလိုခေါ်နေတဲ့အသံကို သူက တရားနာနေရင်းနဲ့က
အနှောင့်အယှက်ဖြစ်မှာစိုးလို့ “နေကြပါဦး၊ နေကြပါဦး” လို့ ပြောတယ်၊ အဲဒါက သူ့မျက်စိထဲမှာ မြင်နေတာ။ အခု ပြောတဲ့အာရုံတွေ
မြင်နေရတာ၊ သေခါနီးပြီလေ၊ အဲဒါတွေ မြင်နေတဲ့အခါကျတော့ “နေပါဦး၊ နေပါဦး”
လို့ပြောတော့ ဘုန်းကြီးတွေက သူတို့ပြောတာမှတ်လို့ ရပ်လိုက်ပြီး ကျောင်းပြန်သွားကြတယ်၊
နောက်ကျတော့မှ အဲဒါ သူက နတ်ရထားတွေ ခေါ်တဲ့အကြောင်း ရှင်းပြတယ်၊ အဲဒီတော့ ကောင်းရာ သုဂတိဆိုရင်
ကောင်းတဲ့ ရထားတွေက လာခေါ်သွားတယ်။
ကြောက်ကြောက်လန့်လန့်သမားတွေကျတော့
လူနက်ကြီးရောက်လာတယ်၊ ကြိုးနဲ့တုတ် ခေါ်သွားတယ်၊ ဓားမိုးပြီး ခေါ်သွားတယ်၊ အဲဒီလို ခေါ်သွားတဲ့အခါ
ကြောက်ပြီး မျက်လုံးကြီးပြူး၊ ပါးစပ်ကြီး ဟပြီးနေတယ်၊ ကြောက်လွန်းလို့၊ အဲဒီလိုဟာမျိုးပေါ့၊
ဒီလိုဖြစ်တက်တယ်၊ အဲဒီအာရုံတေ၊ွက အတုအယောင် အာရုံတွေမဟုတ်ဘူး၊ သူ့အဖို့မှာ အစစ်အမှန်တွေချည်းပဲ။
သူ့ကို ဝိုင်းပြီးတော့ စကြာမင်းဖြစ်အောင်
ဆုတောင်ခိုင်းကြတယ်၊ အဲဒါ သူက ကြားနေတာ၊ နတ်တွေရောက်လာတာလည်း သူမြင်တယ်၊ ကျန်တဲ့သူတွေက
မမြင်ဘူး။ စိတ္တသူကြွယ်က နတ်တွေကို ပြောတယ် “အဲဒါလည်း မြဲတဲ့အရာမှ မဟုတ်ဘဲ၊ ဒါလည်း
ခိုင်တဲ့အရာမှ မဟုတ်ဘဲ” လို့ ပါးစပ်က ပြန်ပြောတယ်၊ သူကတော့
နတ်တွေကို ပြောတာပဲ၊ ကျန်တဲ့သူတွေကတော့ ယောင်နေတယ်လို့ ထင်ကြတယ်၊ ယောင်ပြီးတော့ ပြောတယ်ထင်ကြတယ်။
အနီးနားက ဆွေမျိုးတွေက “သတိထားပါ၊ ဟိုယောင်ပြော ဒီယောင်ပြော မပြောနဲ့” ဆိုတော့ သူက “ငါယောင်ပြောတာ မဟုတ်ဘူး၊ ငါ့ကို လာပြောနေကြတာ” လို့ ပြန်ပြောတာ။ “ဒါတွေလည်း
မြဲတာမဟုတ်ဘူ၊ ခိုင်မာတာ တစ်ခုမှ မရှိဘူး” လို့ ပြောတာ။
သေခါနီးမှာ ဘယ်လူမျိုးပဲဖြစ်ဖြစ်
အကောင်းနဲ့အဆိုး တစ်မျိုးမျိုး တစ်ခုခုတော့ လာပြီးထင်နေမှာပဲ။ အဲ - ထင်နေတဲ့ အချိန်လေး
ဒီအာရုံရဲ့ လွှမ်းမိုးမှုအောက်မှာ စုတိစိတ်ဆိုတာ ကျသွားတာ။ ဒါပေမယ့် ဒီစုတိစိတ်လေးဟာ
အဲဒါကို အာရုံပြုနိုင်တာမဟုတ်ဘူး၊ ခုနက မျက်တောင်ခတ်လိုက်သလိုပဲ၊ သူကတော့ လက်ရှိအာရုံကိုပဲ
အာရုံပြုတာနော်၊ စုတိစိတ်လေးက ဒါကို အာရုံမပြုဘူး။
စုတိစိတ်လေးရဲ့ ရှေ့မှာဖြစ်တဲ့
အရှိန်အဟုန်ရှိတဲ့ ဇောစိတ်တွေက ဒါကို မှတ်သားနေတာ၊ အဲဒီစိတ်ရဲ့ လွှမ်းမိုးမှုလေးနဲ့ ကံအသစ်ရဲ့
အရှိန်အဟုန်နဲ့ လွှမ်းမိုးတာ၊ အဲဒီအာရုံလေးကို အမှီပြုပြီးတော့ နောက်ထပ် ပဋိသန္ဓေစိတ်ကလေးက
ပေါ်လာတာ၊ ကံကနေ ဖန်တီးပေးလိုက်တာ၊ အဲဒီတော့ စိတ်မှန်လျှင် အာရုံရှိတယ်၊ အာရုံမရှိတဲ့
စိတ်ရယ်လို့ မရှိဘူး၊ အဲဒီ ကံ ကမ္မနိမိတ် ဂတိနိမိတ်၊ မသေခင်က ထင်နေတဲ့ လွှမ်းမိုးတဲ့အာရုံပေါ်မှာ။
အဲဒီအချိန်မှာ ကံက အဓိကပဓာနဖြစ်သောကြောင့်
မြတ်စွာဘုရားက “ကမ္မံ
ခေတ္တံ” ကံဟာ လယ်မြေပဲတဲ့။ “ဝိညာဏံ ဗီဇံ” ဝိညာဏ်က မျိုးစေ့ပဲ။ ဟော - ကံကပေးထားတဲ့ အရိပ်ကြီးပေါ်မှာ
ဝိညာဏ်မျိုးစေ့လေး ကျသွားတယ်၊ သန္ဓေစိတ်လေးပေါ်လာတာ၊ “ကမ္မံ ခေတ္တံ” “ဝိညာဏံ
ဗီဇံ” “တဏှာသ္နေဟော” လို့ မြတ်စွာဘုရားက ဟောထားတယ်။ ကမ္မံ - ကံဆိုတာ၊ ခေတ္တံ - စိုက်ပျိုးကြဲချတဲ့
မြေကွက်ပဲတဲ့။ ဝိညာဏံ ဗီဇံ - သန္ဓေစိတ်လေးက
မျိုးစေ့ပဲ၊ တဏှာသ္နေဟော - တွယ်တာမှုလေးက
အဆီအစေးပဲ တဲ့။
နှာ - ၁၄၅
ကြည့်လေ ဘဝတစ်ခုမှာ အာရုံကိုကျထားတဲ့
အချိန်ကလေးမှာ တွယ်တာတဲ့ စိတ်ကလေးတွေ ပေါ်လာတာ၊ အဲဒီ တွယ်တာတဲ့ စိတ်ကလေးလည်း ပေါ်လာရော၊
ခုနက မျိုးစေ့လေးက အပင်ပေါက်သွားတာ၊ ဒါပဲ - ဘဝတစ်ခုရသွားတာ၊ အဲဒီအချိန်မှာ တွယ်တာမှုဆိုတာ
ပေါ်လာတက်တယ်တဲ့။
သေခါနီးမှာ အတွယ် မှားတက်သေးတယ်နော်။
လယ်တီဆရာတော်ဘုရားကြီးရေးတဲ့ စာအုပ်ထဲမှာ ရှိတယ်။ မီးပူဇော်တဲ့ ပုဏ္ဏားကြီးတစ်ယောက်၊
သူ့ဆရာ ပုဏ္ဏားကြီးတွေက လာပြီး အားပေးကြတယ်၊ သေခါနီးမှာ “မင်း ဘာတွေမြင်တုန်း”
ဆိုတော့ “မီးပုံကြီးမြင်နေတယ်”၊ “အေး - မင်း ဗြဟ္မာပြည်သွားတော့မှာ၊ မီးပုံကြီးပဲ၊ ဗြဟ္မာပြည့်ရောက်မှာ” လို့ ပြောတယ်၊ သေတော့ ငရဲကျသွားတယ်၊ အဲဒီမီးပုံကြီးပဲ၊
ငရဲမီး ဖြစ်နေတယ်၊ ဗြဟ္မာ့ပြည်ကမီး မဟုတ်ဘဲနဲ့ ငရဲမီး ဖြစ်နေတယ်နော်။
အဲဒီလို ဘဝတစ်ခု သေခါနီးမှာ ရ,ထားတဲ့ အာရုံပေါ်မှာ
စွဲပြီးတော့ ကံဆိုတဲ့ လယ်မြေပေါ်မှာ ဝိညာဏ်မျိုးစေ့လေး ကျသွားတာပဲ။ တဏှာက တွယ်တာလိုက်တယ်၊
ကံတရားကနေ ပစ်ချပေးလိုက်တယ်၊ ဘဝတစ်ခု စ,လိုက်တယ်။
ဒါကြောင့်မို့လို့ အခု ဘုန်းကြီးတို့တတွေ
အတိတ်ဘဝကနေ ပစ်ချပေးလိုက်တဲ့ သန္ဓေမျိုးစေ့လေးနဲ့ အခုဒီမှာ လူလာဖြစ်နေကြတော့ ပဋိသန္ဓေစိတ်,
ဘဝင်စိတ်, စုတိစိတ် ဆိုတဲ့ ဘုန်းကြီးတို့ ရရှိထားတဲ့ ဒီ ဝီထိမုတ်စိတ်လေးတွေဟာ ဘာကို
အာရုံပြုနေတုန်းဆိုရင် အတိတ်ဘဝကပေးခဲ့တဲ့ ကံအာရုံ သို့မဟုတ် ကမ္မနိမိတ် အာရုံ သို့မဟုတ်
ဂတိနိမိတ်အာရုံပြုပြီး တစ်သက်လုံးဒီအတိုင်း သွားနေတာ၊ ပြောင်းလို့ မရဘူး၊ ပြောင်းလိုက်ရင်
ဘဝပြောင်းသွားမှာပေါ့၊ ပြောင်းလို့မရဘူး၊ အဲဒါကို blue line လို့ ပြောတာနော်၊ အဲဒါက
လူကမသိဘူး၊ သိနိုင်စွမ်းလည်းမရှိဘူး၊ စိတ်ကပဲ သိတဲ့အာရုံတွေ ရနေတာ။
လူ့ဘဝ တစ်သက်တာ တစ်ခုလုံးမှာကြည့်
- ပဋိသန္ဓေစိတ်ကလေးက အစပျိုးလာတယ်၊ ထိုစိတ်ကလေးရဲ့ စဉ်ဆက်မပြတ်ဖြစ်လာဖို့ရာ ဖြစ်နေတဲ့
စိတ်ကလေးကို ဘဝင်စိတ်၊ ဘဝမပြတ်ခြင်း ၏ အကြောင်းကြောင့်ဖြစ်သောကြောင့် ဘဝင်လို့ခေါ်တယ်၊
နောက်ဆုံးဘဝတစ်ခုကနေ ရွေ့လျောပြောင်းရွှေ့သွားတာ ဖြစ်သောကြောင့် စုတိလို့ ခေါ်တယ်၊ ဒီ
စိတ် ၃-ခုရဲ့ အာရုံသည် ဘယ်တော့မှ ပြောင်းလဲချက်မရှိ၊ တစ်ဘဝမှာဆို လုံးဝတူတယ်လို့ ပြောတယ်။
“ဧကမေဝ တထေဝေက၊ ဝိသယဉ္စေ
ဇာတိယံ” ပဋိသန္ဓေဘဝင် စုတိဆိုတဲ့ ဒီစိတ် ၃-ခုဟာလည်း
ဘယ်တော့မှ တစ်ဘဝမှာ မပြောင်းဘူး၊ ပြောင်းသွားရင်လည်း တစ်ဘဝ မခေါ်တော့ဘူး။ အဲဒီတော့ တစ်ဘဝဆိုတဲ့
အနေအထားဟာ အပြောင်းအလဲမရှိဘူးပေါ့၊ ဒီစိတ်နဲ့ပဲ သွားနေတယ်လို့ ဒီလိုမှတ်၊ အဲဒါက ဝီထိမုတ်စိတ်တို့ရဲ့
ဖြစ်စဉ်ပဲ။
အဲဒီ ဝီထိမုတ်စိတ်တို့ရဲ့ ဖြစ်စဉ်ဟာ
အခုလက်ရှိဘဝမှာ မျက်စိကို အသုံးပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ စက္ခုဒွါရက ဝင်လာတဲ့ အာရုံကိုလည်း
မယူဘူးနော်၊ အတိတ်ဘဝက မှတ်ထားတဲ့ အာရုံနဲ့သွားနေတာနော်။
အေး - အခုဘဝ ရောက်လာပြီ ရောက်လာတဲ့အခါ
ဘုန်းကြီးတို့ ဘာဖြစ်တုန်းဆိုတော့ မျက်စိလည်းရှိလာပြီ၊ နားလည်းရှိတယ်၊ နှာခေါင်းလည်း
ရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ရှိတယ်၊ မနောရှိတယ်။ ဆိုပါစို့ - ဒွါရ ၆-ပါးရှိတယ်၊ အဲဒီဒွါရ
၆-ပါးမှာ ထင်လာတဲ့အာရုံနဲ့ အလုပ်လုပ်တဲ့စိတ်က ပေါက်ဖွားလာတဲ့စိတ်တွေ - ပင်ကိုယ်စိတ်က
ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိစိတ်၊ ဘဝမှာ အဲဒါက ဝီထိမုတ်စိတ်တဲ့။
ဝီထိစိတ်ဆိုတာ အခုလက်ရှိဘဝမှာ မျက်စိက
မြင်လိုက်တဲ့ အဆင်းအာရုံ၊ နားကကြားလိုက်ရတဲ့ အသံအာရုံ၊ နှာခေါင်းက နမ်းရှူလိုက်တဲ့
အနံ့အာရုံ၊ လျှာက လျက်သိလိုက်တဲ့ အရသာအာရုံ၊ ခန္ဓာကိုယ်က ထိတွေ့လိုက်ရတဲ့ အထိအတွေ့အာရုံနဲ့
စိတ်ထဲကနေ စိတ်ကူးကြံစည်ပြီးတော့ ယူရတဲ့ ဓမ္မာအာရုံဆိုတဲ့ ဓမ္မာရုံ၊ အဲဒီအာရုံတွေနဲ့
ဝင်လာတဲ့အခါကျတော့ ဒီစိတ်တွေမဟုတ်တော့ဘူး၊ ဘဝင်စိတ်၊ ဘဝင်စိတ်ဆိုတာဟာ ဒီအာရုံအသစ်တွေ
ဝင်မလာဘူ၊ ဒီအသစ်တွေ အနှောင့်အယှက် မရှိဘူးဆိုရင်
သူက ဆက်သွားနေမှာပဲ၊ သူ စဉ်ဆက်မပြတ် သွားနေမှာပဲ။
ဒွါရကနေပြီး အာရုံအသစ်တွေက ဝင်လိုက်ပြီဆိုလျှင်
အဲဒီဝင်လာတဲ့ အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့စိတ်တွေကျတော့ “ဝီထိစိတ်” လို့ ခေါ်တယ်တဲ့။ အဲဒါက mental
process ခုနက တုန်းက ပဋိသန္ဓေ, ဘဝင်, စုတိစိတ်ဆိုတဲ့စိတ်ကို process freee ဝီထိမုတ်စိတ်လို့
ခေါ်တယ်။ “ဝီထိမုတ်စိတ်က အတိတ်အာရုံနဲ့ run နေတယ်၊
ဝီထိစိတ်ကတော့ အာရုံအမျိုးမျိုးနဲ့ run တယ်” အာရုံအမျိုးမျိုးနဲ့ ခရီးသွားမယ်။
ကြည့် - ဘုန်းကြီးတို့တတွေ ပဋိသန္ဓေစိတ်ပြီးလို့ရှိရင်
ဘဝင်စိတ်လာတယ်၊ အမိဝမ်းထဲမှာ ဘဝင်စိတ်၊ ဘဝင်စိတ်တွေ ဘယ်လောက် ဆက်လာတုန်းဆိုလို့ရှိလျှင်
ပဋိသန္ဓေစိတ် ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ထိုပဋိသန္ဓေစိတ်တွေကက ထပ်ထပ်ပြီးတော့ ပေါ်လိုက်တာ၊
နောက်ပေါ်တာကျတော့ ပဋိသန္ဓေစိတ်လို့ မခေါ်တော့ဘူး၊ ဘဝင်စိတ်လို့ ခေါ်လိုက်တာ၊ ၁၆-ကြိမ်ထိအောင်ပေါ်လာတာ၊
စာပေအရ ပြောတာနော် ၁၆-ခု ပေါ်လာတယ်ဆိုတာ ပဋိသန္ဓေစိတ်က ၁-ခု၊ ဘဝင်စိတ်က ၁၆-ခု ဆို ၁၇-ခု
ဖြစ်လာတာ။
အဲဒီနောက် ဘာပေါ်လာတုန်းဆိုတော့
မနောဒွါရာဝဇ္ဇန်းတဲ့။ ဘဝတစ်ခု အသစ်တွေ့ရှိလာခဲ့ပြီလေ၊ ကံက ပေးလိုက်လို့ အဝတစ်ခု အသစ်တွေ့ရှိလာတဲ့အတွက်ကြောင့်
မနောဒွါရာဝဇ္ဇန်း ဆိုတဲ့ အာရုံအသစ်ကို ရယူတဲ့စိတ်၊ ဒါက အမိဝမ်းထဲမှာဖြစ်တာကို ပြောတာနော်၊
အာရုံအသစ်ကို ရယူလိုက်တဲ့ မနောဒွါရာဇ္ဇန်း၊
တံခါးဖွင့်ပေးတဲ့ မနောဒွါရာဇ္ဇန်းစိတ်ပေါ်လာတယ်၊ ပေါ်လာပြီးတဲ့နောက် ကြည့် - ခုနတုန်းကပြောတဲ့
“ဝိညာဏံ
ဗီဇံ၊ တဏှာသ္နေဟော” တွယ်တာမှုလေးက လာပြီ၊ တံခါးဖွင့်ပေးလိုက်တာနဲ့
တစ်ပြိုင်နက် ကိုယ်ရလာတဲ့ စိတ်ကလေးကို ကျေနပ်တဲ့ စိတ်ကလေး၊ ကျေနပ်တယ်၊ သူကလည်း သေပြီးရင်
ဖြစ်လာတဲ့ ဘဝလေးကို ကြိုက်သွားတာပဲ၊ သူကလည်း ဘယ်ဘဝရောက်ရောက် ကြိုက်တယ်၊ ခွေးလေးတွေ
ကြောင်လေးတွေ တိရစ္ဆာန်လေးတွေကို ကြည့်ပါလား၊ “မင်း
- လူဖြစ်ချင်လား”ဆို ဖြစ်ချင်မှာ မဟုတ်ဘူး၊ သူ့ဘဝသူ
ပျော်နေတာ - သွားကြည့်၊ ခွေးလေးတွေ ကစားနေတာ၊ ပျော်နေကြတာပေါ့နော်၊ တိရစ္ဆာန်တွေကလည်း
ပျော်နေကြတာပဲ။
အဲဒီတော့ ကြည့် .. ဘဝတစ်ခု စ,လာတာနဲ့
တစ်ပြိုင်နက် ပဋိသန္ဓေစိတ်တွေ၊ ပဋိသန္ဓေပြီးတဲ့နောက်
ဘဝင် ၁၆-ချက်ဖြစ်၊ ဖြစ်ပြီးတာနဲ့ အာရုံသ်စကို ရယူဖို့ရာအတွက် မနောဒွါရဝဇ္ဇန်း စိတ်က
ဦးလှည့်ပေးလိုက်တယ်။ ဦးလှည့်ပေးရင် ဘယ်စိတ် ပထမဆုံး ဝင်လာတုန်းဆိုတော့ တွယ်တာမှုဆိုတာ
ဘဝနိကန္တိ၊ ရလာတဲ့ ဘဝလေးပေါ်မှာ ကျေနပ်တယ်ဆိုတဲ့ ဘဝနိကန္တိ။
ဒါဖြင့် ငရဲရောက်တဲ့သူကော ဒီလို
ကျေနပ်မှုတွေ ရှိသလား လို့ဆိုရင် ငရဲရောက်တဲ့သူကလည်း “ထိပ်ချမှ ဓားပြမှန်းသိ”
ဆိုတာလို မထိသေးခင်လေးထိတော့ သူက သဘောကျနေတာ၊ ငရဲမီးတောင် ရွှေတောင်မှတ်နေသေးတာ။ ခုနက
ပုဏ္ဏားကြိး မီးမြင်တောင် ဗြဟ္မာ့ပြည် ရောက်ပဟ ဆိုပြီးတော့ ခုန်ဆင်းတာ မီးပုံကြီးဖြစ်နေတယ်။
ပိုးဖလံလေးတွေ တွေ့ဖူးတယ် မဟုတ်လား၊ ဖယောင်းတိုင်မီးလေး ထွန်လိုက်တာနဲ့ လာပြီ၊ ပူမှန်းသိရင်
ဘယ်ဆင်းမလဲ၊ သူတို့လည်း သေမှာကြောက်တာပေါ့။
သူတို့စိတ်ထဲ ရွှေတောင်ကြီးလို့ထင်နေတာ၊ အင်မတန်လှတယ်ထင်ပြီး
ခုန်းဆင်းတာပေါ့။ အဲဒါမျိုးလိုပဲ ငရဲဘဝကလည်း ပျော်စရာကြီးလို့ အောက်မေ့ပြီးတော့ ဒီနေရာ
လူစည်လှချည်းလားလို့ သွားရင် အဝီစိရောက်မယ်။ အဲဒီလိုပဲ အင်မတန် စည်ကားတဲ့ နေရာတွေက
အကုန်လုံး တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ ငရဲဘုံတို့က အလွန်စည်ကားတာ၊ အာရုံထဲမှာ စည်ကားလိုက်တာဆိုပြီး
ဝင်သွားလိုက်တာပဲလေ၊ ဟိုကျတော့မှ ဒုက္ခတွေတွေ့ပြီး အဲဒီကျတော့မှ မကြိုက်တော့ဘူးပေါ့။
အဲဒါကြောင့်မို့ ဘဝတစ်ခု ဘဝတစ်ခု
အစပြုတဲ့ အခါမှာ ဘဝနိကန္တိက - လောဘဇောတဲ့။ ဘဝကြိုက်တဲ့ လောဘဇောက အရင်စောတယ်တဲ့။ ဒါကြောင့်မို့
ဋီကာကျော် ဆရားကြီးက လောဘမူစိတ်ကို ဘာလို့ အရင်ပြတာတုန်းဆိုတော့ သတ္တဝါတွေ ဘဝကိုစတဲ့အချိန်မှာ
လောဘနဲ့အရင် စ,တာမို့ အဲဒီစိတ်လေးကို အရင်ရေးပြတာပါလို့ ပြောတယ်နော်။
မြတ်စွာဘုရားဟောတာ
အကုသိုလ်က စ,မဟောဘူး၊ အကုသိုလ်က စ,ဟောတာ။ ဓမ္မသင်္ဂဏီမှာ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊
အဗျာကတာဓမ္မာ” ကုသိုလ်က စ,ဟောတာ၊ ဒါပေမယ့် လူ့ဘဝ
စ,တာ လားဆိုတော့ မဟုတ်ဘူး၊ အကုသိုလ်က စ,ဖြစ်တာမို့လို့ လောဘမူစိတ် - အကုသိုလ်စိတ်ကို
အရင်ပြတယ်လို့ ဒီလိုဆိုထားတယ်၊ အကြောင်းရှာထားတာပေါ့။
အဲဒါက “ဘဝနိကန္တိ” ဘဝကိုတွယ်တာမှုဆိုတဲ့ လောဘဇောစောလိုက်တာ၊
အဲဒီလောဘဇော စောပြီးပြီဆိုရင် ဘဝတစ်ခုက ရသွားပြီ, အောင်အောင်မြင်မြင် ဖြစ်သွားပြီ။
ဘဝတစ်ခုရရင် ကောင်းတယ် ဆိုးတယ်ဆိုတာ အဲဒီနောက် သွားရောနော်၊ ဘဝတစ်ခု ရောက်သွားရင် ဘဝနိကန္တိလောဘဇော
အရင်ဖြစ်ပြီး ဟိုဘဝကျတော့ ဘဝရဲ့အတွေ့အကြုံက အမျိုးမျိုး၊ မျိုးစုံကြုံသွားပြီပေါ့။
အဲဒီမှာ ပဋိသန္ဓေတို့ ဘဝင်တို့ စုတိတို့ဆိုတာ thought free တဲ့၊ အဲဒါတွေက တစ်သက်တာလုံးထိအောင်
သွားနေမှာ၊ နောက်ဆုံး စုတိရောက်သည်ထိအောင် သွားနေမှာ။
သို့သော် အခုလက်ရှိဘဝ ရလာတဲ့ဘဝတစ်ခုမှာ
မျက်စိတံခါးက ဆက်သွယ်လာတဲ့အာရုံ, နားတံခါးက ဆက်သွယ်လာတဲ့ အာရုံ, နှာခေါင်းတံခါးက ဆက်သွယ်လာတဲ့
အာရုံ, လျှာတံခါး ဆက်သွယ်လာတဲ့အာရုံ, ခန္ဓာကိုယ်တံခါးက ဆက်သွယ်လာတဲ့ အာရုံ, စိတ်တံခါးက
ဆက်သွယ်လာတဲ့အာရုံ၊ အဲဒီ ဆက်သွယ်လာတဲ့ အာရုံတွေနဲ့ အလုပ်လုပ်တဲ့စိတ်ကျတော့ ဝီထိစိတ်လို့
ခေါ်ပါတယ်တဲ့။
အဲဒီအာရုံတံခါးကနေပြီးတော့ ဒီအာရုံတွေ
ဝင်လာပြီးတော့ စိတ်ကို ဖြစ်ပေါ်လာစေပြီဆိုရင် - ဆိုပါစို့ - အာရုံကနေ တစ်ခုခုက တံခါးလာခေါက်တယ်၊
တံခါးလာခေါက်လို့ နိုးထလာတဲ့စိတ်ကတော့ အာရုံအသစ်နဲ့ပဲ အလုပ်လုပ်နေတယ်၊ အာရုံအသစ်နဲ့
အလုပ်လုပ်လို့ရှိရင် ခုနက blue line လို့ခေါ်တဲ့ ဘဝင်စိတ်အစဉ်က ပြတ်ထွက်သွားတယ်။ ဘဝင်စိတ်အစဉ်က
ပြတ်ထွက်ပြီးတော့ Red lind ခေါ်တဲ့ ဒီ အပြာဖြစ်လိုက်, အနီဖြစ်လိုက်၊ အပြာဖြစ်လိုက်,
အနီဖြစ်လိုက်နဲ့ အဲဒီလို run နေမှာ။ ကဲ - ဒီကနေ့တော့ အဲဒီ ဝီထိမုတ်စိတ်တွေရဲ့ ဖြစ်စဉ်တစ်ခုကို
ရှင်းပြလို့ ပြီးသွားပြီ၊ နက်ဖြန်ကျတော့ ဝီထိစိတ်တွေပြမယ်။
အဲဒီလို ဖြစ်စဉ်တွေက မိမိရဲ့သန္တာန်မှာ
အမြဲတမ်း အာရုံကို အကြောင်းပြုပြီးတော့ စိတ်တံခါးက ဆက်သွယ်လာတဲ့အာရုံတွေကို အမှီပြုပြီးတော့
စိတ်ဓာတ်တွေက ဖြစ်ပေါ်လာရတယ်။ ဖြစ်ပေါ်လာတဲ့စိတ်သည် ထိုအာရုံနဲ့ဆက်သွယ်ပြီးတော့ စဉ်ဆက်မပြတ်ဖြစ်နေကြတယ်ဆိုတဲ့
သဘာဝတရားကို သိရှိနားလည်ခြင်းဖြင့် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အင်မတန်မှ အရေးပါလှတဲ့
နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတဲ့ ဝိပဿနာဉာဏ်ရဲ့ အခြေခံဉာဏ်တွေကို ရင့်သန်အောင်
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** အခန်း(၅) စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)ကို ဆက်လက်ပူဇော်ပါမည်။