Wednesday, January 23, 2013

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃၃) အခန်း - ၇ သတ္တဝါတို့၏ ၃၁-ဘုံအကြောင်း { ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ အိမ်ထဲထည့်ထားလို့ရှိရင် ဘယ်ခုတ်လို့ရမလဲ}




သုဂတော

                   သုဂတော - ကိုယ်တိုင်ကျင့်ပြီးတော့ ပေါက်ရောက်သွားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ ကိုယ်တိုင်မကျင့်ဘဲနဲ့ ဟောနေတာ မဟုတ်ဘူး၊ သုဂတ ဆိုတာ အောင်မြင်ပေါက်ရောက်ပြီးသား ပုဂ္ဂိုလ် တစ်နည်အားဖြင့် အကျိုးရှိတဲ့စကား၊ မှန်တဲ့စကား၊ သူများမကြိုက်ချင် နေပါစေ၊ အကျိုးရှိပြီး မှန်ကန်တဲ့ စကားဆိုရင် အခါအားလျော်စွာ ပြောဆိုတယ်။

                   တစ်နည်းအားဖြင့်လည်းပဲ သုဂတ ဆိုတာ သုန္ဒရံနိဗ္ဗာနံ ဂစ္ဆာတိ ကိုယ်ကိုယ်တိုင် အောင်မြင်ပေါက်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်။  ကိုယ်ကိုယ်တိုင် ရောက်တဲ့နေရာကို လမ်းညွှန်မှုပြုတယ်ဆိုတာ ကိုယ်ကိုယ်တိုင်မှ မရောက်ဘူးတဲ့ သူများကို ပို့ပေးတယ်ဆိုတာ ဟုတ်မ မဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင် သွားပြီးတော့ ကိုယ်ကိုယ်တိုင် ရောက်တဲ့နေရာကို ပို့ပေးတာ၊ လမ်းညွှန်ပေးတာ၊ ဒါကြောင့်မို့ သုဂတအောင်မြင်ပေါက်ရောက်ပြီးတဲ့ ပုဂ္ဂိုလ်လို့ ဒီလိုအဓိပ္ပာယ်တစ်မျိုးနဲ့ ဖွင့်ဆိုတာ ရှိတယ်နော်။

လောကဝိဒူ

                   နောက်တစ်ခုက လောကဝိဒူ တဲ့၊ ကျေနပ်စရာ ကောင်းတာပဲ၊ ခုနကပြောတဲ့ သတ္တလောက သင်္ခါရလောက သြကာသလောက - လောကရဲ့ အကြောင်းကို ကုန်စင်အောင် သိထားတယ်၊ ကုန်စင်အောင်သိထားတဲ့ပုဂ္ဂိုလ် ဖြစ်သည့်အတွက်ကြောင့် လောကအကြောင်း ဟောနိုင်တယ်။ လူတွေအကြောင်း ကောင်းကောင်းသိတယ်၊ သတ္တလောကဆိုတဲ့ သတ္တဝါတွေအကြောင်း ကောင်းကောင်းသိတယ်။

                   အေး - ဘယ်စိတ်တွေမွေးရင် ဘယ်လိုအကျိုးတွေပေးမယ်၊ ဘယ်ကိုရောက်မယ်၊ ထိုသတ္တဝါတွေ ရောက်မယ့် ဘုံတွေရဲ့ အခြေအနေတွေကိုလည်း အကုန်သိနိုင်တယ် - သြကာသလောက။

                   သင်္ခါရလောကဆိုတာ အကြောင်းတရားတွေက စုပြီးတော့ ဖန်တီးထားတဲ့ သင်္ခါရလောကရဲ့ မမြဲတဲ့ပုံတွေကိုလည်း ပြည့်ပြည့်စုံစုံသိတယ်၊ မြတ်စွာဘုရား မကျန်မကြွင်းအောင် အကုန်လုံးသိတာ။

                   ကျေနပ်လောက်စရာ ကောင်းတာက သိစရာမှန်သမျှကို ဉာဏ်တော်ကြီးက အကုန်လုံးသိတယ်၊ အဲဒါကို စာပေမှာ ဘယ်လိုပြောတုန်းဆိုရင် ယာဝတကံ၊ ဉေယျံ၊ ယာဝတကံ ဉာဏံ တဲ့၊ သိစရာရှိသလောက် ဉာဏ်ကြီးကလည်း ကျယ်တယ်၊ ဉာဏ်ရဲ့ အတိုင်းအတာက ရှိတယ်၊  သိစရာတွေက အတိုင်းအတာအတိုင်း တစ်မိုင်ပတ်လည်ရှိရင် ဉာဏ်ကြီးကလည်း တစ်မိုင်ပတ်လည် ရှိတယ်ပေါ့၊ ဒါကိုပြောတာ၊ ဉာဏ်နဲ့သိစရာ မကြွင်းမကျန်၊ သိစရာတွေက  တစ်မိုင်ပတ်လည်ရှိတယ်၊ ဉာဏ်လေးက တစ်ထွာပတ်လည်လေးလောက်ဆို ဘယ်ရမတုန်းပေါ့၊ ဘယ်ကုန်မှလည်း အများကြီး ကျန်သေးတယ်၊ မြတ်စွာဘုရားကျတော့ အဲဒီလို မဟုတ်ဘူး၊ အကုန်သိလိုက်တယ်ဆိုတော့ ဘာမှ မကျန်ဘူးလို့ ပြောတယ်၊ ဘာမှ မကျန်ဘူး၊ အဲဒီလို မကျန်အောင်သိတာ လောကဝိဒူ။

                   မြန်မာပြည်မှာ တစ်ချိန်တုန်းက မြတ်စွာဘုရားနဲ့ ပတ်သက်ပြီးတော့ စောဒကတက်တယ်၊ ဘုရားရဲ့ဉာဏ်နဲ့ ပတ်သက်ပြီး သဗ္ဗညုတဉာဏ်  ဆိုတာ ရှိသလားလို့ မေးခွန်းထုတ်တယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးတွေကလည်း ပေါ်ထွက်လာသေးတယ်နော်၊ တချို့ကလည်း ရောယောင်ပြီးတော့ လျှောက်ပြီးတော့ စာတွေထဲမျာ ရေးကြတာတွေ ရှိတယ်၊ ဗုဒ္ဓနဲ့ ဗုဒ္ဓဝါဒ လို့ နာမည်တပ်ပြီး အဲဒီထဲမှာ ကိုယ့်ဝါဒတွေ ရေးတာတွေရှိသေးတယ်၊ အင်မတန်မှ သတိထားစရာကောင်းတယ်ပေါ့။

                   အဲဒီထဲမှာ ဘယ်လိုရေးထားတုန်းဆိုရင် မြတ်စွာဘုရားက သူ့ကိုယ်သူ သဗ္ဗညုတဉာဏ်  ရှိတယ်လို့ ဝန်မခံခဲ့ဘူးတဲ့၊ သူက refer လုပ်တဲ့ ညွှန်းတဲ့ သုတ်တွေဟာ ဘာသုတ်တွေတုန်း၊ အဲဒီ ညွှန်းတဲ့ သုတ်တွေထဲမှာ ဘယ်လိုအဓိပ္ပာယ်ရှိတုန်း သေချာဖတ်ပုံမရဘူး၊ အဲဒီထဲမှာ သတတံ သမိတံ ဉာဏဒဿနံ ပစ္စုပဋ္ဌိတံ ဟောတိ အဲဒီစကားလုံးလေးတွေ ပါတယ်။

                   တခြား ဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒရှိတဲ့ မာက္ခလိဂေါသာလ စတဲ့ပုဂ္ဂိုလ်တွေက သူတို့မှာလည်း သဗ္ဗညုတဉာဏ်ရှိတယ်လို့ ဝန်ခံကြတယ်၊ သူတို့ဝန်ခံတဲ့ သဗ္ဗညုတဉာဏ်က ဘယ်လို အမျိုးအစားတုန်းဆိုရင် အိပ်နေတုန်းဖြစ်စေ ရပ်နေတုန်းဖြစ်စေ သွားနေတုန်းဖြစ်စေ ဘယ်အချိန်မှာမဆို သူ့ဉာဏ်ကရှိနေတယ် အဲဒီစကားလုံးကို သတိထားရမယ်။ present ဆိုတာ ထာဝရ အမြဲရှိတယ်ဆိုတာ၊ အဲဒီလို ဉာဏ်မျိုးတော့ မြတ်စွာဘုရားမှာ မရှိဘူး၊ ကျိန်းစက်တော်မူနေတဲ့အချိန် ဘယ်ဉာဏ်ရှိမလဲ၊ ကျိန်းစက်နေရင်တော့ ဘဝင်စိတ်ပဲရှိမှာပေါ့၊ မီးကြီးထွန်းထားရင် လင်းနေသလို အချိန်မရွေး လင်းနေတယ်လို့ ဒီလိုဝန်ခံနိုင်မလား၊ ရယ်စရာကြီးပေါ့။

                   မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဝေဖန်ထားတယ်၊ အေး - တချို့ ဘုရားတွေဟာ သူတို့မှာ အိပ်နေတုန်းရော နိုးနေတုန်းရော သွားနေတုန်းရော ထိုင်နေတုန်းရော အမြဲတမ်း ဉာဏ်တော်ကြီးက လင်းနေတယ်လို့ ပြောတယ်၊ ဒါပေမယ့်လို့ လမ်းမှားလို့, လမ်းမသိလို့ လမ်းမေးရတာ ရှိတယ်တဲ့၊ နာမည်မသိလို့ မေးရတာရှိတယ်တဲ့၊ မဟုတ်တဲ့လမ်းရောက်သွားလို့ ဒုက္ခရောက်သွားရတာတွေ ရှိတယ်တဲ့၊ ကဲ ဘယ်လိုလုပ်မတုန်း၊ အမြဲတန်း ဉာဏ်ကြိးရှိနေရင် လမ်းမှားပါ့မလား၊ မှားနိုင်ဘူး လမ်မေးစရာရော လိုသေးသလား၊ မလိုဘူး။

                   မြတ်စွာဘုရားမှာ ရှိတဲ့ သဗ္ဗညုတဉာဏ် ဆိုတာ ဘယ်လိုဟာတုန်းဆိုတာ သိချင်လို့ကြည့်လိုက်လို့ရင် မချွင်းမချန် အကုန်သတယ် သိချင်ပြီ၊ ဉာဏ်ကိုအသုံးချပြီ၊ ဉာဏ်ဆိုတာ ဓားလိုပဲလေ၊ အိမ်ထဲထည့်ထားလို့ရှိရင် ဘယ်ခုတ်လို့ရမလဲ၊ ထုတ်ပြီးအသုံးပြုပြီဆိုလို့ရှိရင် ဖြစ်နိုင်စွမ်းရှိတယ်လို့ ဒါပြောတယ်။

                   အဲဒီတော့ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ် ဟာ ခုနကလို အိပ်နေတုန်း အမြဲတမ်းရှိတဲ့ဉာဏ်မျိုးတော့ ဘုရားက လက်မခံဘူး၊ အဲဒီလို လက်မခံတာကို ရောယောင်ပြီး ဘုရား သဗ္ဗညုတဉာဏ် လက်မခံဘူးလို့ ရေးတဲ့ပုဂ္ဂိုလ် မြန်မာပြည်မှာရှိတယ်၊ ပြီးတော့ အဲဒီလိုစာအုပ်ထဲမှာပဲ နိုင်ငံခြားက ရေးတာတွေကို အဟုတ်ထင်နေတယ်။ တချို့ မြန်မာပြည်က အင်္ဂလိပ်စာတက် ပုဂ္ဂိုလ်တွေကလည်း အင်္ဂလိပ်လို ရေးလိုက်လို့ရှိရင် မဟုတ်ထင်နေတာ၊ အဲဒါလည်း သတိထားစရာ လေးတစ်ခုပါပဲ။

                   အခုလို ပြောရတာဟာ သူများကို ပြစ်တင်ကဲ့ရဲ့ ရှုတ်ချချင်လို့ ပြောတာမဟုတ်ဘူး၊ သတိထားဖို့ ပြောတာ၊ နိုင်ငံခြားက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကို ကိုးကားပြီးတော့ နောက် ယောက်လိုက်ထားတဲ့ စာအုပ်တွေထဲမှာ ဘာတွေရေးထားတလဲ၊ မြတ်စွာဘုရားက ၃၁-ဘုံကို လက်မခံဘူးတဲ့၊ ဗြဟ္မာ့ပြည်ရှိတယ် ဆိုတာ မြတ်စွာဘုရားက လက်မခံဘူးတဲ့၊ အဲဒါကို ထည့်ထားတယ်၊ ထည့်ထားပြီးတော့ ဘာကို အကိုးအကားပြတုန်းဆိုတဲ့အခါ တေဝိဇ္ဇသုတ်မှာ မြတ်စွာဘုရားက ဝါသေဋ္ဌဆိုတဲ့ ပုဏ္ဏားကို မင်းတို့ဆရာတွေရော ဗြဟ္မကို မြင်ဖူးလား လို့ မေးတယ်၊ မမြင်ဘူးပါဘူးဒါဖြင့် ဆရာ့ ဆရာကြီးတွေရော မြင်ဖူးလား ဒါဖြင့် မင်းတို့ဟာ မမြင်ဖူးဘဲနဲ့ ပြောနေကြတာ၊ ရှေ့လူတွေကလည်း မမြင်ဖူး၊ နောက်က လူကလည်း မမြင်ဖူးဘူးဆိုတဲ့ မျက်မမြင်သူကန်းတွေရဲ့ အစဉ်အတန်းကြီး ဖြစ်နေတာပေါ့ လို့ မြတ်စွာဘုရားက မိန့်တယ်။

          ဒီအချက်ကို အထောက်အထားပြုပြီး မြတ်စွာဘုရားက ဗြဟ္မာမရှိဘူးလို့ ပြောတယ်လို့ မှတ်ချက်ချတယ်။ အဲဒီစာပုဒ်လေးရဲ့နောက်ကို ဆက်ဖတ်လိုက်လို့ရှိရင် ဘုရားက ဘယ်လိုပြောတာတုန်းဆိုတာ ရှိတယ်၊ အဲဒါကိုတော့ မြှုပ်ထားလိုက်တယ်၊ မြတ်စွာဘုရားက ဘယ်လိုဆက်ပြောတုန်းဆိုရင် ဝါသေဋ္ဌ - ငါက ဗြဟ္မာကိုလည်း မြင်ဖူးတယ်၊ ဗြဟ္မာပြည်ရောက်ကြောင်းတရားလည်းသိတယ် အဲဒါကျတော့ ထည့်မရေးဘူး။

                   ဒါကြောင့်မို့လို့ Buddhism ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ရမယ်၊ မြတ်စွာဘုရားတရားတော်ကို လေ့လာမယ်ဆိုရင် မူရင်းကျမ်းကို ဖတ်ဖြစ်အောင် ဖတ်ပါ၊ ကိုးကားထားတာလေးနဲ့ မကျေနပ်နဲ့၊ ဗုဒ္ဓရဲ့အယူဝါဒကို မိမိရဲ့ အယူအဆတွေနဲ့ polluted မလုပ်နဲ့၊ polluted ဆိုတာ ညစ်နွမ်းစေတာ၊ လေကို ညစ်နွမ်းစေတာ air pollution၊ ရေကို ညစ်နွမ်းစေတာ water pollution၊ အသံတွေဆူညံနေပြီဆိုရင် noice pollution၊ အလင်းရောင်တွေ သိပ်များနေလို့ရှိရင် light pollution၊ ဒါမျိုးကတော့ view pollution ပေါ့။ အဲဒါကြောင့် အင်မတန်သတိထားစရာကောင်းတယ်။

                   မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ဟောထားတဲ့ မူရင်းကျမ်းထဲက တစ်ပိုင်းတစ်စတော့ လက်ခံတယ်၊ တစ်ပိုင်းတစ်စတော့ လက်မခံဘူးဆိုရင် ဘာနဲ့တူတုန်းဆိုရင် ငါကြိုက်တာ အမှန်၊ ငါမကြိုက်တာအမှား ဒီပုံစံမျိုး ရောက်နေတယ်နော်၊ မကိုးကားဘူးဆိုရင် တစ်ခုမှ မကိုးကားနဲ့လေ၊ ကိုးပြီိဆိုလို့ရှိရင် ချန်မထားနဲ့ အကုန်ကိုးရမယ်။ ရှေ့စကား နောက်စကားက အကုန်လုံး ပြည့်ပြည့်စုံစုံ ထည့်ရမယ်၊ ကိုယ်လိုချင်တဲ့ အပိုဒ်ကလေးကို ဖြတ်ယူပြီးတော့ ကိုယ်လိုချင်တဲ့နိဂုံး conclusion ဆွဲတာကတော့ အင်မတန်မှ ဆိုးဝါးပါတယ်၊ ဒါမျိုးတွေရှိတယ်လို့ ပြောတာ။


***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
***  ဆက်လက်ပူဇော်ပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ