ဘုရားဖြစ်ဖို့
လေးသင်္ချနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတာမို့ ကံအားဖြင့် ပြိုင်မယ်ဆိုရင် ဘုရားတစ်ဆုနဲ့
တစ်ဆူ မထူးခြားဘူးလို့ပြောရမယ်၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ကြတယ်၊ သို့သော်
သက်တမ်းကျတော့ မကွာဘူးလား၊ ကဿပမြတ်စွာဘုရားက အသက်နှစ်သောင်းတမ်းမှာပွင့်လို့ အသက်နှစ်သောင်း
ရှည်တယ်၊ ဂေါတမ မြတ်စွာဘုရားက တစ်ရာတမ်း မို့လို့ သက်တော် ၈၀- ပဲနေရတယ်၊ ဒါဖြင့် ဂေါတမမြတ်စွာဘုရား
ကံက ညံ့တယ်လို့ ပြောလို့ရမလား၊ “မရပါဘူးဘုရား”၊ ဘာက ဆုံးဖြတ်ပေးသွားတုန်း ဆိုရင် ဥတုနဲ့ အာဟာရက ဆုံးဖြတ်ပေးသွားတယ်၊
ဒီခေတ် ဒီအခြေအနေရဲ့ ဥတုနဲ့ ဒီခေတ် ဒီအခြေအနေရဲ့ အာဟာရက လူ့ရဲ့ ခန္ဓာကိုယ်ကို ဒီလောက်ပဲ
maintain လုပ်နိုင်တယ်၊ ဒီထက်ကြာအောင် မလုပ်နိုင်ဘူး၊
အဲဒီတော့ ကံအပြင်တခြား အကြောင်းအရာတွေကိုလည်း ထည့်ပြီးတော့ စဉ်းစားရတယ်လို့ ဆိုလိုတာ။
သန္ဓေစိတ်ချင်း တူပေမယ့်လို့ အခြေအနေချင်း
မတူဘူး၊ လူ့ဘဝ လူတွေတောင်မှပဲ အမျိုးစုံပဲ၊ တူမှ မတူတာ၊ အာဖရိကမှာ မွေးတဲ့ လူတွေကျတော့
မည်းလို့၊ ဥရောပမှာမွေးတဲ့ လူတွေကျတော့ ဖြူတယ်၊ အာရှမှာ မွေးတဲ့လူတွေကျတော့ အဝါရောင်လေးတွေ
ဖြစ်နေတယ်၊ အရောင် မတူတာတွေ၊ ဘာဖြစ်လို့တုန်းဆိုရင် ခုနကပြောခဲ့တဲ့ ဒေသရဲ့ ဥပနိဿယပစ္စည်းလေးတွေလည်း
ပါတာပေါ့၊ လူ့ရဲ့ အမျိုးအနွယ်လည်း ပါတာပေါ့၊ အကြောင်းတွေအများကြီးပဲနော်၊ သို့သော်
လူသားတွေရဲ့ ပဋိသန္ဓေစိတ်သည် မဟာဝိပါတ်စိတ် ၈-ခုနဲ့ ဥပေက္ခာသန္တီရဏ၊ အဲဒီ ၉-ခုထဲက တစ်ခုခုပဲ၊
နတ်တွေရဲ့ ပဋိသန္ဓေစိတ်ကလည်း ထို့အတူပဲ။
အဲဒီတော့ လူ့ပြည်ရယ်၊ နတ်ပြည် ၆-ထပ်ရယ်၊
ကာမသုဂတိဘုံ ၇-ဘုံ၊ သာမန်ရိုးရာအားဖြင့် ဒါနကောင်းမှု ဒါနကောင်းမှု လုပ်သူတွေ၊ သီလ စောင့်တည်ခဲ့သူတွေ၊
ဥပုသ်စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်တွေရောက်တဲ့ ဘုံတွေချည်းပဲ၊ ဒီအဆင့်နဲ့ ရောက်တဲ့သူတွေလို့
ဒီလို ပြောရမှာ၊ ဒါနကောင်းမှု သီလကောင်းမှု ဥပုသ်စောင့်မှု အမေ အဖေပြုစုလုပ်ကျွေးမှု -
အဲဒါတွေက နတ်ပြည် ၆-ထပ်နဲပ လူ့ဘုံကို ရောက်ရှိစေနိုင်တယ်။
ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရစ္ဆာန်ဘုံဆိုတဲ့
ဘုံတွေ ရောက်တာကျတော့ ခုနက ဒုစရိုက်လုပ်တဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်ရပ်အတိုင်း ဒီလမ်းကြောင်းအတိုင်း
သူတို့ရဲ့စခန်းကို ရောက်ရှိသွားတာပဲ၊ အဲဒီတော့ ဒါတွေကို ဒီလိုပြောရုံနဲ့ ဘုံနဲ့မြှောက်တယ်လို့
ဒီလိုပြောလို့ ဘယ်ရမလဲ၊ မြှောက်တာမှ မဟုတ်ဘဲနော်၊ ဘုံနဲ့ မြှောက်တာတို့ ငရဲနဲ့ ခြောက်တာတို့
မရှိပါဘူး၊ မခြောက်ပါဘူး၊ သူ့ဟာသူ ကြောက်ချင်ကြောက်မှာပေါ့။
လူ့လောကဆိုတာက အကျိုးတရားဆိုတာပြောရရင်
“မင်းစာကြိုးစား၊ စာကြိုးစားရင် ပညာတက်ကြီးဖြစ်လိမ့်မယ်”၊ သို့မဟုတ် “ဆရာဝန်ကြီး ဖြစ်လိမ့်မယ်” - ဒါက မြှောက်တာမှ မဟုတ်ဘဲ၊ အကျိုးတရားကို ဖော်ပြတာပဲလေ၊
မြှောက်ပေးတာမှ မဟုတ်ဘဲ၊ ဒီလို အားပေးစကားပြောတာကို မြှောက်တာ မဟုတ်ဘူး၊ “ဘုံခန်းနဲ့ မြှောက်၊ ငရဲခန်းနဲ့ ခြောက်” တဲ့၊ ဘုံ လက်မခံတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုပြောလေ့ရှိကြတယ်၊
မြှောက်စရာလည်း မလိုဘူး၊ ခြောက်စရာလည်း မလိုဘူး၊ ကိုယ့်လမ်းကိုယ်ရွေးပြီး ကိုယ့်စခန်းကိုယ်ထွင်နေကြတာပဲ။
ကောင်းပြီ - ငရဲဘုံ တိရစ္ဆာန်ဘုံ
ပြိတ္တာဘုံ၊ ထိုပြိတ္တာ ထဲမှာ ထပ်ပြီးတော့ ခွဲလိုက်တော့ အသူရကာယ်ဆိုပြီးတော့ ပြိတ္တာထဲကနေ
တောက်ပြောင်မှုမရှိတဲ့ ပြိတ္တာအသူရကာယ်တွေ ရှိသေးတယ်၊ ဆင်းဆင်းရဲရဲနေရတဲ့ ပြိတ္တာမျိုးတွေ
ရှိသေးတယ်၊ ပြိတ္တာတွေကလည်း အမျိုးအား အများကြီးပေါ့၊ နောက်ပြီးတော့ လူ့ပြည် နတ်ပြည်၊
သက်တမ်းတွေကလည်း တစ်ခုနဲ့ တစ်ခု မတူဘူး၊ အဲဒီ သက်တမ်းမတူတာတွေကိုလည်းပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ထိုသုတ္တန်တွေမှာ
ဟောထားတာတွေရှိတယ်။
ဆိုပါစို့ - ငရဲဘုံရဲ့ သက်တမ်းကျတော့ ကံသာလျှင်
အဓိကပမာဏဖြစ်သည့် အတွက်ကြောင့် ကံရှိသလောက်ခံရမှာ ဖြစ်တယ်၊ ဒါကြောင့် ငရဲရဲ့သက်တမ်းကို
သတ်မှတ်လို့ မရဘူးတဲ့၊ ကံပေါ်မူတည်တယ်ပေါ့၊ ကံဆိုတာ ပုဂ္ဂိုလ်တစ်ဦးစီရဲ့ အခြေအနေ ကံပေါ်မှာ
မူတည်တယ်။
ကောသလမင်းကြီးရဲ့ မိဖုရားကြီး မိလ္လိကာ
မိဖုရားကြိးဟာ သေခါနီးမှာ စိတ်ဆင်းရဲပြီး ဒေါမနဿနဲ့ သေသွားရသည့်အတွက်ကြောင့် အဝီစိငရဲ
ကျသွားရှာတယ်၊ သို့သော် သူက အဝီစိငရဲမှာ ၇-ရက်ပဲ ကြာတယ်၊ ၇-ရက်က လူတွေရဲ့ အရေအတွက်နဲ့
၇-ရက်ပဲကြာတယ်၊ သူ့သက်တမ်းက အဲဒီလောက်ပဲ သူခံရတယ်၊ အဲဒီထက် ပိုမခံရဘူး၊ အဲဒါကြောင့်မို့
ငရဲဘုံမှာ ကံသာလျှင် အဓိကဖြစ်သည့်အတွက်ကြောင့် သက်တမ်းကို သတ်မှတ်ပြောလို့မရဘူး။
လူတွေရဲ့ သက်တမ်းကလည်း တည်မြဲမှုမရှိဘူးတဲ့၊
အခုခေတ် သက်တမ်းကတော့ ဂေါတမမြတ်စွာဘုရား မပွင့်ခင်, အခု ပွင့်ပြီးတဲ့နောက်အထိ ၁၀၀-တမ်းလို့ပဲ
ဒီလိုပြောကြတယ်၊ ၁၀၀-တမ်းထက် ပိုတော့မပိုဘူး၊ လျှော့ဖို့ပဲ ရှိတယ်၊ ၁၁-တမ်းလို့ပဲ ပြောရမှာပေါ့။
လူ့ထက် နည်းနည်း အထက်တန်းကျတဲ့
စတုမဟာရာဇ် နတ်ဘုံကို ကြည့်မယ်ဆိုရင် လူတွေရဲ့ အနှစ်-၅၀မှ စတုမဟာရာဇ် နတ်ပြည်မှာ ၁-ရက်ပဲ ရှိသေးတယ်၊ အဲဒီ ၁-ရက်နဲ့
တွက်လိုက်လို့ရှိရင် သူတို့အနေနဲ့ သူတို့သက်တမ်း အနှစ် ၅၀၀- အသက်ရှည်တယ်။
တာဝတိံသာ နတ်ပြည်ကျတော့ လူတွေ
အနှစ် ၁၀၀-မှာ သူတို့က ၁-ရက်၊ အဲဒီ အချိုးအစားနဲ့ ၂-နဲ့ မြှောက်ပြီး တက်သွားလိုက်၊
လူတွေရေတွက်တဲ့ သက်တမ်းနဲ့ ပြောမယ်ဆိုရင် လေးနဲ့မြှောက်သွားရမှာ၊ စတုမဟာရာဇ် နတ်ပြည်က
အနှစ် ၉-သန်း ဆိုလို့ရှိရင် အဲဒါကို ၄-နဲမြှောက်သွားလိုက်လို့ရှိရင် တာဝတိံသာ နတ်ပြည်က
လူတွေတွက်တဲ့ အသက်ကို သိမယ်၊ ၄-နဲ့ချည်းပဲ မြှောက်သွားလို့ရှိရင် အဖြေထွက်လာမှာပေါ့။
အဲဒါကို သင်္ဂြိုလ်ကျမ်းမှာ ‘တတော စတုဂ္ဂုဏံ တာဝတိ
ံသာနံ’ ၄-နဲ့ မြှောက်တာကိုပြောတာ၊ သို့သော်
ဋီကာကျမ်းမှာ လေးနှစ်ဆ လေးနှစ်ဆလို့ ထည့်ပြောတာ နည်းနည်း ရှုပ်ထွေးသွားတယ်၊ လူ့သက်တမ်းကို
၎-နဲ့မြှောက်လိုက်မယ်၊ လူတွေက ရေတွက်တဲ့ လူ့သက်တမ်းကို ၄-နဲ့ မြှောက်ရင် နတ်ဘုံတစ်ခု
သက်တမ်းရဲ့ အဖြေရမှာပေါ့၊ အဲဒီလို သက်တမ်းတွေက တစ်ခုနဲ့တစ်ခု ပိုပိုရှည်သွားတာ၊ ဒါ
ရိုးရိုးကုသိုလ်ကောင်းမှု ပြုလုပ်သူတွေရဲ့ ဖြစ်ရာ ဘုံဌာနတွေပဲ။
ငရဲဘုံ
အေး - ငရဲဘုံဆိုတာ အားလုံးကြားဖူးတယ်၊
ဒေဝဒူတသုတ္တန်မှာဆိုရင် ငရဲဘုံဟာ ငရဲကျသွားတဲ့ ပုဂ္ဂိုလ်တွေကို ငရဲသားတွေကို အုပ်ချုပ်နေတဲ့
ယမမင်းကြီးဆိုတာရှိတယ်၊ ယမင်းကြီးကို ဗုဒ္ဓစာပေမှာ သူတော်ကောင်းလို့ သတ်မှတ်တယ်၊ ဘာဖြစ်လို့တုန်းဆို
ယမမင်းကြီးက ငရဲကျလာတဲ့ ပုဂ္ဂိုလ်တွေထဲက ကယ်တင်လို့ရမယ့် ပုဂ္ဂိုလ်တွေကို ကယ်တင်ဖို့ဆိုတဲ့
အနေအထားမျိုးနဲ့ သူနေတာ၊ ဆွဲချဖို့ သူနေတာမဟုတ်ဘူး၊ တွန်းပို့နေတာ မဟုတ်ဘူး၊ အချွန်နဲ့
မ,ဖို့မဟုတ်ဘူး၊ အဆင်းကို ဘီးတပ်ဖို့နေတာ မဟုတ်ဘူး၊ ဒုက္ခရောက်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဒုက္ခမရောက်အောင် ကယ်တင်ဖို့၊ ဖြေရှင်းဖို့ဆိုပြီး
သူက လာပြီးတော့နေတာ။ ယမမင်းက သူတော်ကောင်းကြီး။
ယမမင်းက အမြဲတမ်း တောင့်တတယ်တဲ့၊
ငါ လူ့ဘဝမှာဖြစ်ပါရစေ၊ ငါလူဖြစ်တဲ့အချိန်မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ၊ အဲဒီ ဘုရားကိုလည်း
ငါဆည်းကပ်ကိုးကွယ်နိုင်ပါတစေ၊ လူလည်း တာနော်၊ ဘုရားလည်းပွင့်တယ်၊ ဘုရားဆီ ရောက်ချင်မှ
ရောက်မယ်၊ လူလည်း ဖြစ်ရမယ်၊ ဘုရားလည်းပွင့်ရမယ်၊ ဘုရားဆီကိုလည်း အရောက်သွားဆည်းကပ်ရမယ်၊
ဘုရားကလည်း တရားဟောရမယ်တဲ့၊ ဘုရားဟောတဲ့ တရားကိုလည်း သိပါရစေ၊ အဲဒါမှ ပြည့်စုံတယ်နော်၊
ဆုတောင်းလို့ရှိရင် အဲသလို ဆုတောင်းရမယ်၊ အဲသလို သူက အမြဲတမ်း တောင့်တနေတာ၊ လူဖြစ်ပါရစေ၊
လူဖြစ်နေတဲ့အချိန်မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ၊ ဘုရားကိုလည်း ဆည်းကပ်ပါရစေ၊ ဘုရားကလည်း
သူ့ကို တရားဟောပါစေ၊ ဟောတဲ့တရားကိုလည်း သူနာပါရစေ၊ နာပြီးတော့လည်း သိပါရစေ၊ ယမမင်းကြီးက
အမြဲတမ်း ဆုတောင်းနေတယ်။
ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့
ငရဲရောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုရင် ငရဲသားတွေက အဲဒီ ငရဲကျလာတဲ့, ငရဲကို မယောင်မလည်နဲ့
ရောက်လာတဲ့ လူသစ်၊ သတ္တဝါအသစ်ကို ယမင်းကြီးဆီခေါ်လာလေ့ရှိတယ်၊ ခေါ်လာတဲ့အခါကျတော့ သူတို့က
ဘာလုပ်တုန်းဆိုရင် ‘အရှင်မင်းကြီး ဟောဒီလူက အမေကိုလည်း
မပြုစုဘူး၊ အဖေကိုလည်း မပြုစုဘူး၊ ဆွေတွေမျိုးတွေထဲက အသက်အရွယ်ကြီးတဲ့ သူတွေကိုလည်း
ဂရုမစိုက်ဘူး၊ သာမဏဗြဟ္မဏ ဆိုတဲ့ ဘာသာရေးလေးစားသူတွေကိုလည်း အလေးမမူဘူး၊ ကုသိုလ်ကောင်းမှုလည်း
မလုပ်ဘူး၊ ဥပုသ်လည်း မစောင့်ဘူး၊ ကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်၊ မကောင်းမှုဒုစရိုက်လုပ်တဲ့
ပုဂ္ဂိုလ် သူ့ကို အပြစ်ဒဏ်ခတ်ပါ’ လို့ ဆိုပြီး သူ့ဆီ လာပို့လိုက်တယ်။
ပို့ပြီဆိုတဲ့အတိုင်း ယမမင်းကြီးက
မေးတယ်၊ သူ့ကို “မင်း လူ့ပြည်မှာ ပထမဆုံး နတ်တမန်ကို
မင်းတွေ့ခဲ့သလား” လို့ အဲဒီမေးခွန်းကို စ,မေးတယ်၊ ထိုသူက “မတွေ့ခဲ့ဘူးတဲ့”၊ “မင်း
ငါဆိုလိုတာကို သေချာနားထောင်” “မင်းလူ့ပြည်မှာတဲ့
အသက်အရွယ်ကြီးတဲ့ ၈၀-၉၀အရွယ်၊ ခါးတွေကိုင်းလို့၊ ဆံပင်တွေဖြူလို့၊ သွားတွေကျိုး၊ အဲသလို
အဘိုးအိုကြိး အဘွာအိုကြီးတွေ မင်းမမြင်ဖူးဘူးလား”
ဆိုတော့ “မြင်ဖူးပါတယ်”၊ အဲဒီ မြင်ဖူးတဲ့ အချိန်အခါတုန်းက မင်းအစဉ်းစားဘူးလား၊
ငါလည်း တစ်နေ့ကျ အိုရဦးမှာ၊ “မစဉ်းစားဖူးပါဘူး” တဲ့၊ မေ့မေ့လျော့လျော့နေခဲ့ပါတယ်၊ မေ့မေ့လျော့လျော့ နေတယ်ဆိုတာ
ဘာမှမလုပ်ဘဲ နေတာကို ပြောတာမဟုတ်ဘူး၊ ကုသိုလ်ကောင်းမှု တစ်ခုခု မလုပ်တာ။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။