ဘုန်းကြီးတို့ ငယ်ရွယ်စဉ်ကတည်းက
အဲဒီစာအုပ်ကို ဖတ်ဖူးတယ်၊ စိတ်ဝင်စားလို့ ဖတ်ထားပြီးတော့ အဲဒီစာအုပ်ရဲ့ ရှေ့ပိုင်းစာရွက်အလွတ်မှာ
ရေးထားတယ်၊ ဤစာအုပ်သည် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ ဟု နာမည်တပ်ထားသော်လည်း သူ့ဝါဒတွေကိုသာ တင်ပြထားသည်ဖြစ်၍
ဖတ်တဲ့လူတိုင်း သတိထား၍ဖတ်ကြပါလို့ ရေးထားလိုက်တယ်။ တကယ်တန်းတော့ ဘုရားဝါဒအစစ် ဟုတ်မှ
မဟုတ်တာဘဲနော်၊ သူကိုးတဲ့စာအုပ်တွေကြည့်၊ ဟုတ်မှ မဟုတ်တာ၊ တချို့ကျတေ့ ဘာတုန်းဆိုရင်
interpretation problem ပေါ့ အဓိပ္ပာယ်ကောက်ယူမှုတွေ မမှန်ဘူး၊ သုတ္တန်တစ်ခုဆိုလို့ရှိရင်
စပ်မိလို့ ပြောရဦးမယ်၊ “အတ္ထိ
အတ္တာ၊ နတ္ထိ အတ္တာ” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့
ဘာသာပြန်ထားတာ တလွဲပြန်ပြီး “မြတ်စွာဘုရားက ‘အတ္တ’ ကို ရှိတယ်လို့လည်းမပြောဘူး၊ မရှိဘူးလို့လည်း
မပြောဘူး၊ ယောင်လည်လည် လုပ်ထားတယ်” ဆိုတဲ့ ပုံစံမျိုးရေးထားတယ်၊ တကယ်ကတော့
ယောင်လည်လည် ကသူလုပ်နေတာ၊ အဲဒါကို ဘုရားကို ယောင်လည်လည် လုပ်တယ်လို့ ရေးထားတယ်၊ ဘာသာပြန်တာက
မှားနေတာ။
‘အတ္ထိ အတ္တာ’ ဆိုတဲ့ နေရာမှာ ‘အတ္ထိ၊ နတ္ထိ’ ဆိုတ သာမန်ဆင့်ကို ပြောတာမဟုတ်ဘူး၊
‘အတ္ထိ’ ဆိုတဲ့ အရှိကို “ထာဝရအရှိ” လို့ ပြောတာ၊ ‘အတ္တ’
ဆိုတဲ့ ယူဆချက် သဘာဝဟာ တကယ်ရှိတယ်၊ ထာဝရရှိနေတာလားလို့ မေးရင် ဒါ ‘သဿတဝါဒ’ မေးခွန်းပဲ၊ အတ္တသည် အမြဲထာဝရ ရှိနေတာလား၊ အတ္တကို ကိုင်ပြီးတော့ မေးတဲ့မေးခွန်း၊ ‘အတ္တသည် ထာဝရရှိနေသလား”
လို့ ဒီလိုပြန်ရမှာ၊ အဲဒီလို မပြန်ဘဲနဲ့ “အတ္တ ရှိသလား” လို့ ပြန်လိုက်တာဆိုတော့ interpretation က မှန်မှ မမှန်တာ၊
ဘာသာပြန်တာ မှားသွားတာ၊ “အတ္ထိ” အတ္တာ ရဲ့ အဓိပ္ပာယ်က “အတ္တသည်
ထာဝရရှိနေတာလား” လို့ မေးတာ၊ “ထာဝရ မြဲနေသလား”လို့ မေးတဲ့သဘောပဲ၊ မြတ်စွာဘုရားက အတ္တကိုမှ
လက်မခံထားတဲ့အတွက်ကြောင့် “အတ္တိ နတ္ထိ” ရှိမရှိ ဆိုတာ ဘယ်လိုလုပ် ဖြေမှာတုန်း၊ မရှိတဲ့ အတ္တကို
မြဲသလား၊ မမြဲဘူးလား လို့မေးရင် ဘယ်လိုဖြေလို့ရမလဲနော်၊ ဖြေလို့မရတဲ့ မွေးခွန်းကြီး၊
ဒါကြောင့် မြတ်စွာဘုရားက မဖြေတာကိုပဲ ဘုရားကို ယောင်လယ်လယ်လုပ်တယ် လို့ ထင်အောင် ရေးကြသေးတယ်၊
ဒါလည်း သတိထားစရာ အချက်ပဲ။
အဲဒီတော့ ၃၁-ဘုံ ကို ဒီ အဘိဓမ္မတ္တသင်္ဂဟကျမ်းမှာတင်
ရေးတာမဟုတ်ဘူး၊ တခြားနေရာတွေမှာလည်း ဘုံတွေအကြောင်း ပါတာပဲ၊ ဒီ ၃၁-ဘုံဆိုတာ ရမ်းသန်းပြောတဲ့ ဘုံတွေမဟုတ်ဘူး၊ ဒီအလုပ်လုပ်လို့ရှိရင်
ဒီအကျိုးမျိုးရမယ်၊ ဒီလမ်းလျှောက်ရင် ဒီစခန်းရောက်မယ်လို့ပြောတဲ့ ဘုံတွေချည်းပဲ။
ဘယ်လိုသတ္တဝါတွေက ဘယ်ဘုံကို ရောက်တယ်၊
သူတို့တွေရဲ့ ပဋိသန္ဓေစိတ်တွေက ဘာတွေလဲ၊ ထိုဘုံမှာ ဘယ်လို နေရတယ်၊ ထိုင်ရတယ်ကအစ အသေးစိတ်ပြောထားတာ၊
တိတိကျကျပြောထားတာ၊ ရမ်းသန်းပြီးတော့ ပြောတဲ့ ဟောတဲ့တရား မဟုတ်ဘူးတဲ့၊ ဒါကြောင့်မို့
၃၁-ဘုံဝါဒက ဘုရားဟောမဟုတ်ဘူး၊ မျက်စိနဲ့ မမြင်ရလို့ မရှိဘူးလို့များ တချို့တလေ အယူအဆ
မှားယွင်းမှာ စိုးလို့ပြောပြတာနော်။
ရှိနိုင်တယ်ဆိုတာ သေချာတယ်။ ကိုယ်မမြင်ရပေမယ့်
ရှိနေတာတွေ လောကမှ အများကြီးပဲ၊ လူတွေ မြင်ရတာ လူအချင်းချင်းတော့ မြင်ရမှာပေါ့၊ တိစ္ဆာန်တွေကို
မြင်ရတယ်၊ အဲဒီတော့ ငရဲဆိုတာ မမြင်ရဘူး၊ ပြိတ္တာဆိုတာ မမြင်ရဘူး၊ နတ်တွေဆိုတာ မမြင်ရဘူး၊
မမြင်ရတာနဲပ မရှိဘူးလို့ ပြောလို့မရဘူး၊ ကံတရားတွေ ရှိနေတယ်၊ မတူညီတဲ့ ကံတရားတွေက မတူညီတဲ့
ဘုံဘဝကို ဖန်တီးမှာပဲလေ၊ မတူညီတဲ့ ဘုံဘဝကိုရပြီးတော့ မတူညီတဲ့ ဘဝမှာ နေကြရမှာဖြစ်တယ်။
ဒါကြောင့်မို့ ကိုယ်မသိပေမယ့်လို့ ဘုံဘဝတွေဟာ
မတူညီဘူးဆိုတာ ဥပမာနဲ့ပြောရရင် သမထကျင့်စဉ်တစ်ခုကို ကျင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သမထကျင့်စဉ်ကိုမကျင့်တဲ့
ပုဂ္ဂိုလ်တစ်ယောက်နဲ့ အတူတူဖြစ်ရမယ်ဆိုတာ ယုတ္တိရှိပါ့မလား၊ သမထကျင့်စဉ်တစ်ခုကို ကျင့်လို့
ဈာန်ရသွားတယ်၊ ပထမဈာန်ရတယ်၊ ဒုတိယဈာန်ရတယ်၊ တတိယဈာန်ရတယ်၊ စတုတ္ထဈာန်ရတယ်၊ ပဉ္စမဈာန်ရတယ်၊
ဟော - အင်မတန်ထူးခြားတဲ့ ဈာန်ရမယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေဟာ အတူတူပဲဖြစ်ရမယ်ဆိုရင် ဘာထူးမှာတုန်း။
အဲဒီတော့ ဒီဈာန်အဘိညာဏ်ရထားတဲ့
ပုဂ္ဂိုလ်တွေရဲ့ဖြစ်ရာ ဗြဟ္မာဘုံဆိုတာ ရှိကိုရှိရမှာပေါ့၊ ဘာပြုလို့တုန်းဆိုရင် မတူညီတဲ့လုပ်ရပ်တွေ
သူ့မှာရှိတယ်၊ ထူးခြားတဲ့လုပ်ရပ်တွေကို လုပ်ထားတယ်၊ ဒါ ‘အနုမာန’ လို့ ခေါ်တယ်၊ အဲဒီ မသိတဲ့ပုဂ္ဂိုလ်တွေ
တိုက်ရိုက်မြင်နိုင်တဲ့ နည်းလမ်းကတော့ ဒိဗ္ဗစက္ခုရအောင်ကျင့်ပြီးတော့ ဒိဗ္ဗစက္ခုရရင်တော့
သေချာပေါက်မြင်ရပြီပေါ့၊ ဒိဗ္ဗစက္ခုမရတဲ့ ပုဂ္ဂိုလ်ကတော့ “အနုမန” နဲ့ မှန်းပြောလို့ရပါတယ်။
‘အနုမာန’ ဆိုတာ အကျိုးကို မြင်လို့ရှိရင် အကြောင်းကိုဖော်ထုတ်နိုင်တယ်၊
အကြောင်းကို မြင်လို့ရှိရင်လည်း အကျိုးကို ဖော်ထုတ်လို့ရတယ်၊ ဒါကို ‘အနုမာန’
inference လို့ ခေါ်တယ်၊ မှန်းဆပြီးတော့ ပြောတာ၊
အဒီ မှန်းဆချက်ဟာလည်း အလွန်မှန်ကန်တဲ့ မှန်းဆချက်၊ ‘အနုမာန’ ဆိုတာ မှန်ကန်တဲ့ မှန်းဆချက်၊ ကြည့်လေ - မီးခိုးတလူလူ
ထွက်နေလို့ရှိရင် လူတိုင်းလူတိုင်းက ပြောနေကြတာပဲ၊ မီးခိုးထွက်နေတဲ့နေရာ သွားကြည့်
- မီးရှိနေတယ်ဆိုတာ သိနေတာပဲ ဒါကိုပြောတာ၊ မီးမမြင်ဘူး၊ မီးခိုးပဲ မြင်တာနော်၊ သို့သော်
ဒီမီးခိုးဆိုတာ မီးကထွက်တာဆိုတော့ မီးရှိတယ် ဆိုတာ ပြောလို့ရတာပေါ့၊ အောက်အရပ်မှာ မြစ်ရေတွေ
တိုးနေလို့ရှိရင် အထက်အညာမှာ မိုးတွေကြီးနေတယ်လို့ ပြောလို့မရဘူးလား၊ “ရပါတယ်ဘုရား”၊ ပြောတဲ့အတိုင်းရော မမှန်ဘူးလား၊ “မှန်ပါတယ်ဘုရား”၊ ဒါ အကျိုးတရားကို ကြည့်ပြီးတော့ အကြောင်းတရားကိုဖော်ထုတ်တဲ့နည်းတဲ့၊
အဲဒါ ‘အနုမာန’ နည်းလို့ခေါ်တယ်။
အကြောင်းတရားကို ကြည့်ပြီးတော့လည်း
အကျိုးတားကို ပြောနိုင်တာပဲ၊ ဒီလူုက မကောင်းတဲ့လမ်း လျှေက်နေတယ်၊ မဟုတ်တာတွေ လုပ်နေတယ်၊
ဒုက္ခရောက်လိမ့်မယ်၊ ဟော - ရောက်တာပဲ၊ အကြောင်းကို
ကြည့်ပြီးတော့ အကျိုးကို ဆုံးဖြတ်တဲ့နည်း၊ စာကြိုးစားနေတဲ့ ကလေးတစ်ယောက် ကျောင်းမှန်မှန်တက်တယ်၊
ဒီကလေးကတော့ ထူးထူးချွန်ချွန်ဖြစ်မှာပဲလို့ - တကယ်ပဲ ထူးချွန်တာပဲ၊ ကလေးတစ်ယောက်ကတော့
စာမကျက်ဘူး၊ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းတယ်၊ ဒီကလေးတော့ ပျက်စီးတော့မှာပဲလို့
ပြောတယ်၊ ဟော ပျက်စီးသွားတာပဲ၊ ဘာဖြစ်လို့တုန်းဆိုတော့ သူလုပ်နေတဲ့လုပ်ရပ် - ဒါတွေက
အကြောင်းတရားတွေပဲလေ၊ အဲဒီအကြောင်းတရားတွေနဲ့ အကျိုးတရားဟာ မျှော်မှန်းလို့ ရတာပေါ့။
မြတ်စွာဘုရားကျတော့ အဲဒီလို အနုမာန
တော် မဟုတ်ဘူး၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်သိပြီးတော့ ဟောတာတဲ့၊ ဒါကြောင့်မို့ ၃၁-ဘုံ
မြတ်စွာဘုရား ဟောထားခဲ့တာ၊ ဘုံတွေကတော့ ရေတွက်မပြတော့ပါဘူး၊ ဘုံတွေရှိကြောင်းကိုသာ
ပြောပြတာနော်၊ အကြမ်ဖျင်း ပြောမယ်ဆိုလို့ရှိရင် အပါယ် ၄-ဘုံ၊ လူ့ဘုံရယ်၊ နတ်ပြည့် ၆-ထပ်ရယ်၊
ဒါ ကာမ ၁၁-ဘုံလို့ခေါ်တယ်၊ ဗြဟ္မာဘုံ- ၂၀-ရှိတယ်၊ ၃၁-ဘုံဆိုတာ အဲဒါကိုပြောတာ၊ ဗုဒ္ဓက ၃၁-ဘုံထဲမှာ
သတ္တဝါတွေကလည်း မျိုးစုံအောင်ရှိတယ်။ အဲဒီ ၃၁-ဘုံဟာ ဘာနဲ့ အဆင့်အတန်းဟာ ကွဲပြားခြားနားနေသလဲဆိုရင်
ပဋိသန္ဓေစိတ်နဲ့ ကွဲပြားခြားနေတယ်။
ပဋိသန္ဓေစိတ်နဲ့ ကွဲပြားခြားနားတဲ့အထဲမှာလည်းပဲ
ထပ်ဆင့်ပြီးတော့ သူတို့ရဲ့ level degree တွေရှိသေးတယ်လို့ မှတ်ရမယ်၊ ဆိုပါစို့ - အပါယ်
၎-ဘုံရဲ့ ပဋိသန္ဓေစိတ်ဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်ပဲ၊ အကုသိုလ်ရဲ့
အကျိုးဆိုပေမယ့်လို့ သူတို့လုပ်ခဲ့တဲ့ အကုသိုလ်တွေက တစ်ဦးနဲ့တစ်ဥိး တူညီမှုမရှိကြဘူး၊
အဲဒီ အကုသိုလ်က ပြင်းထန်တဲ့ကုသိုလ်ဆိုရင် ငရဲ၊ အဲဒီထက် နည်းနည်းလျော့နည်းတဲ့ အကုသိုလ်ဆိုလို့ရှိရင်
တိရစ္ဆာန်၊ အဲဒီထက် နည်းနည်းလျော့နည်းရင် ပြိတ္တာလို့ အကုသိုလ်ရဲ့ degree ကိုကြည့်ပြီးတော့
ဆုံးဖြတ်ရမယ်၊ degree ပြင်းသွားရင် ပြင်းတဲ့ဆီ ရောက်မှာပဲလေ၊ မီးတောင်မှပဲ သူ့ဒီဂရီသူ
ရှိတယ်မို့လား၊ ပူတယ်,သိပ်ပူတယ်,မပူဘူး ဒီလို လာဦးမှကိုး၊ အဲဒါမျိုးလိုပဲ အကုသိုလ်မှာလည်း
အကိုသိုလ်ရဲ့ ဒီဂရီအတိုင်းအတအရ ဘုံတွေကလည်း ပဋိသန္ဓေစိတ်တွေကို စွမ်းအားပေးတဲ့ ကံက ထူးခြားသည့်အတွက်ကြောင့်
ထိုပဋိသန္ဓေစိတ်နဲ့ အစပြုရတဲ့ သတ္တဝါတွေရဲ့ အနေအထားကလည်း ထူးခြားမှုလေးတွေတော့ရှိတာပေါ့၊
သန္ဓေနဲ့ပြောမယ်ဆိုရင် ဥပေက္ခာသန္တီရဏ အကုသလဝိပါတ်နဲ့ ပဋိသန္ဓေနေတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်
၎-ဘုံတွေပဲ။
အဲဒီတော့ တိရစ္ဆာန်တစ်ကောင်ရဲ့ ပဋိသန္ဓေစိတ်နဲ့
ငရဲဘုံက ပြိတ္တာဘုံက သတ္တဝါတွေရဲ့ ပဋိသန္ဓေစိတ်ဟာ အတူတူပဲ၊ အတူတူပေမယ့် ခံစားရတာချင်း
တူသလိုဆိုရင် တူဘူး။ ဘာဖြစ်လို့ မတူတုန်းဆိုရင် လုပ်ခဲ့တဲ့ အကိုသိုလ်ရဲ့စွမ်းရည်သတ္တိချင်း
မတူကြဘူး၊ အတိုင်းအတာချင်း မတူကြဘူးလို့ပြောတာ။
လူတွေရဲ့ ပဋိသန္ဓေစိတ်က ၉-ခု ရှိတယ်၊
ကုသလဝိပါက် ဥပေက္ခာသန္တီရဏရယ်၊ မဟာဝိပါက်စိတ် ၈-ခုရယ်၊ သို့သော် ပဋိသန္ဓေအားဖြင့် လူသားတွေဟာ
ဒီ ၉-ခုထဲက ကံတစ်ခုခုတော့ တူညီနေကြတယ်၊ ဒါကြောင့်မို့
အဆင့်အတန်းချင်း တူသလား ဆိုတော့ မတူပြန်ဘူး၊ တချို့က ဆင်းရဲတယ်၊ တချို့က ချမ်းသာတယ်၊
တချို့က ဉာဏ်ကောင်းတယ်၊ တချို့က ဉာဏ်မကောင်းဘူး၊ တချို့က အသက်ရှည်တယ်၊ တချို့က အသက်မရှည်ဘူး၊
ဘာဖြစ်လို့တုန်း၊ သူတို့လုပ်ခဲ့တာတွေကမှ မတူတာ၊ အဲဒီတော့ သန္ဓေစိတ်ကလေးနဲ့ခွဲပြီး ဘုံကို
သတ်မှတ်ပြီး သတ္တဝါတွေကို နောက်ထပ် ထပ်ပြီးတော့ သတ်မှတ်တာကတော့ သူတို့ရဲ့လုပ်ခဲ့တဲ့
ကံတရားတွေရဲ့ အကျိုးပေးမှုဟာ မတူညီတဲ့ အကျိုးပေးလေးတွေ ရှိနေသေးတယ်၊ တခြားအကြောင်းတွေ
ရှိနေသေးတယ် ဆိုတာကို သိသာတယ်။
ကြည့် - နတ်တွေရဲ့ ပဋိသန္ဓေစိတ်ဟာ
မဟာဝိပါက်စိတ် ၈-ခုပဲ၊ သို့သော် တစ်ဦးနဲ့တစ်ဦး သက်တမ်းချင်းတူကြလား၊ သန္ဓေစိတ်ချင်းတော့
တူတယ်, သက်တမ်းချင်း တူကြလားဆိုရင် မတူဘူး၊ ဘယ်သူက အဆုံးအဖြတ်ပေးနေတုန်းဆိုရင် သူတို့လုပ်ခဲ့တဲ့ ကံတွေ၊ သူတို့ဖြစ်ရာဘုံတွေ အတိုင်းအတာနဲ့
ဆုံးဖြတ်ပေးတာ၊ လူဆိုလည်း ကြည့်လေ - လူတွေရဲ့ ဘဝအတိုင်းအတာ တသက်ဟာ ကံကတင် အဓိကမဟုတ်ဘူး၊
ဥတုနဲ့ အာဟာရကနေ လူ့ရဲ့သက်တမ်းကို ဆုံးဖြတ်ပေးတာ၊ ကံကတော့ အဓိကအခြေခံပေါ့၊ အခြေခံအကြောင်းတရားကတော့ ကံပဲ၊ သို့သော် ထိုကံက
ပေးလိုက်တဲ့ဘဝကို အစောင့်အရှောက်ပြုနေတာက ဥတုနဲ့ အာဟာရ၊ ဒါကြောင့်မို့လို့ “ဥတုနာ ဘောဇနေန အာယုဟာယတိပိဝဍ္ဎတိပိ” လူတွေရဲ့ သက်တမ်းဟာ ဥတုနဲ့ အာဟာရကြောင့် တိုးတဲ့အခါ တိုးတယ်၊
လျော့တဲ့အခါ လျော့တယ်၊ အင်မတန်မှ ထင်ရှားပါတယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။