စဉ်းစားမှာက
‘သြော် . . . ငါလည်း တစ်နေ့ကျ အိုရဦးမှာပဲ၊
အိုခြင်း သဘောကို မလွန်မြောက်နိုင်သေးဘူး၊ မအိုခင် ငါ ကောင်းတာလေးတွေ လုပ်ဦးမှာပဲ’ ဆိုတဲ့ ကုသိုလ်လုပ်ဖို့ရာအတွက် စိတ်ကိုမလှည့်ဘူး၊ ကာမဂုဏ်အာရုံကိစ္စတွေနဲ့ပဲ
စားဝတ်နေရေးတွေနဲ့ နေ့စဉ်အချိန်ကုန်ပြီး ကုသိုလ်ကောင်းမှု လုံးဝမလုပ်ခဲ့ဘူး၊ ယမမင်းကြီးက
သနားညှာတာပြီးတော့ပြောတယ်၊ အေးလေ - မေ့မေ့လျောလျော့ လုပ်ခဲ့တာတာ့ မင်းအမေက လုပ်ခဲ့တာလည်း
မဟုတ်ဘူး၊ မင်းအဖေ လုပ်တာလည်းမဟုတ်ဘူး၊ ဆွေမျိုးတွေလုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူကမှ လုပ်တာလည်း
မဟုတ်ဘူး၊ မင်းကိုယ်တိုင်လုပ်တာ၊ အဲဒီတော့ မင်းကိုယ်တိုင်လုပ်တော့ မင်းကိုယ်တိုင်ပဲ
ခံစားရလိမ့်မယ်’ တဲ့၊ ဒီလိုပဲ ပြောတယ်။
အဲဒီ ပထမတန်အကြောင်းမေးတာ မရတဲ့အခါကျတော့
ဒုတိယတမန်အကြောင်းကို ‘ဒုတိယတန်တော်ကို မြင်ခဲ့လား’ လို့ မေးတယ်၊ ‘မမြင်ခဲ့ပါဘူး’တဲ့၊ ‘မင်း နေမကောင်း ထိုင်မသာဖြစ်လို့ ကိုယ်ရဲ့
မစင်အညစ်အကြေးတွေမှာ လူးလဲနေအောင်ဟစ်ပြီးတော့ အများက ဝိုင်းထူမှ ထနိုင်တဲ့ လူနာကြီးရော
မင်းမမြင်ခဲ့ဘူးလား’ ဆိုတော့ ‘မြင်ခဲ့ပါတယ်’၊ အဲဒီလို မြင်တဲ့အခါမှာ သိတက်ပြီးတော့
စဉ်းစားဖူးလား၊ ‘ငါလည်းပဲ တစ်နေ့ နာရဦးမှာ၊ နာခြင်းသဘောကို
မလွန်မြောက်နိုင်သေးဘူး၊ မနာခင်က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦးမှပဲဆိုတဲ့အတွေး မင်းမပေါက်ဘူးလား’ ‘မပေါက်ခဲ့မိပါဘူး’ တဲ့၊ စားဝတ်နေရေးတွေနဲ့ အချိန်ကုန်သွားပြီး ပျော်လို့ပါးလို့
ကာမဂုဏ်အာရုံတွေထဲမှာပဲ အချိန်ကုန်သွားခဲ့တယ်၊ လူ့ဘဝဘယ်လောက် ကြောက်စရာကောင်းတုန်းနော်၊
လုပ်ကိုင်စားသောက်ပြီးတော့ ဒီအတိုင်းပဲ အချိန်ကုန်သွားတယ်၊ ကုသိုလ်ကောင်းမှုအတွက် တစ်ခုမှမလုပ်ဘူး၊
ဒါနဲ့ ယမမင်းကြီးက ခုနက လိုပဲပြောတယ်၊ ‘အေး . . . မင်းအလုပ် မင်းလုပ်ခဲ့တာ၊
မင်းလုပ်ခဲ့တဲ့ အကုသိုလ်တွေက မင်းပဲလုပ်တာ၊ မင်းအဖေ အမေလုပ်တာ မဟုတ်ဘူးတဲ့၊ အဲဒီတော့
မင်းလုပ်တာ မင်းပဲ ခံရလိမ့်မယ်’ တဲ့။
နောက်တစ်ခါ ‘တတိယတမန်ရော မတွေ့ခဲ့ဘူးလား’ ဆိုတော့ ‘မတွေ့ခဲ့ပါဘူး’ တဲ့၊ ‘အေး . . . သေဆုံးသွားတဲ့ လူတွေကို မတွေ့ခဲ့ဘူးလား’ ဆိုတော့ ‘တွေ့ခဲ့ပါတယ်’ တဲ့၊ ‘အဲဒီလူတွေတွေ့တဲ့အခါကျတော့ ငါလည်းပဲ
တစ်နေ့ သေရဦးမှာပဲ လို့ မတွေးဘူးလား’ တဲ့၊ ‘တွေးပြီးတော့ မသေခင် ငါကောင်းတာလေးတွေ လုပ်ဦးမှပဲလို့
မစဉ်းစားခဲ့ဘူးလား၊ စဉ်းစားပြီးတော့ ကောင်းတာတွေ မလုပ်ခဲ့ဘူးလား’ ဆိုတော့ ‘မေ့လျော့ခဲ့ပါတယ် မလုပ်ခဲ့ပါဘူး’ တဲ့၊ ဟော . . . ဒီလိုဖြေတယ်။
ယမမင်းကြီးက တမန် ၃-ယောက် ‘သူအို၊
သူနာ၊ သူသေ’ ဆိုတဲ့ တမန် ၃-ယောက်အကြောင်း မေးစစ်ပြီးတဲ့အခါ
‘ကဲ - မင်းထိုက်နဲ့ မင်းကံ’ အကယ်၍ သူက ကုသိုလ်ကောင်းမှုများ ရှိလို့ရှိရင် သူက ဖော်ပြီးတော့ပေးတယ်၊
ဖော်ပေးရင်လည်း အဲဒီ ပုဂ္ဂိုလ်က ကုသိုလ်ကို သတိရပြီး သူ့ကံအရှိန်နဲ့ လွတ်သွားတာ၊ ယမမမင်းက
လွှတ်ပေးတာ မဟုတ်ဘူးနော်၊ သူက ကူညီရုံ သက်သက်ပဲ။ သူ ကူညီဖို့ လိုက်ရှာတာ ကူညီလို့ မရဘူး၊
သူက ကောင်းတာတွေက တစ်စက်မှမတွေ့ဘူး၊ မကောင်းတာတွေချည်းပဲ၊ ‘ကဲ -မင်းထိုက်နဲ့ မင်းကံ’ လို့ဆိုပြီး တစ်ခါတည်း ငရဲသားတွေက ဆွဲခေါ်သွားတယ်။
ဆွဲခေါ်သွားပြီးတော့ ဘယ်ဘက်လက်ထဲမှာ
သံချောင်းကြီးထိုးထည့်လိုက်တယ်၊ မီးရဲရဲနဲ့ သံချောင်းကြိး ထိုးထည့်လိုက်တယ်၊ ညာဘက်လက်ထဲမှာ
သံချောင်းကြိး ထိုးထည့်လိုက်တယ်၊ ဘယ်ဘက်ခြေထောက်မှာ သံချောင်းကြီး ထိုးရိုက်လိုက်တယ်၊
ညာဘက်ခြေထောက်မှာလည်း မီးရဲရဲတောက်နေတဲ့ သံချောင်းကြီး ထိုးရိုက်ပြီး ရင်ဝမှာလည်း သံချောင်းကြီး
ထိုးရိုက်လိုက်တယ်၊ သာမန်လူတစ်ယောက် ဆိုရင်တော့ သေမှာပေါ့၊ ငရဲသားက မသေဘူးတဲ့၊ ဘာဖြစ်လို့တုန်း
ကံမကုန်သေးရင် မသေးဘူးတဲ့၊ ခံရဖို့သက်သက်ပဲဟာ၊
ဒီလို မီးပူနေတဲ့ သံချောင်းကြီး၊ ရဲရဲတောက်နေတဲ့ သံချောင်းကြီး ရင်ဝထိုးထားတာတောင်မှ
မသေဘူးတဲ့၊ သူက အော်ဟစ်ပြီးတော့ အသက်ရှင်နေတုန်းပဲ၊ မောင်သက်ပြင်းဆိုတာ ငရဲပြည်မှာရှိတာနော်၊
ကံမကုန်မချင်း သူတို့ ဘယ်တော့မှမသေဘူးတဲ့။
အဲဒီ ငရဲဘုံမှာ ညှင်းဆဲလိုက်ပုံက
အမျိုးမျိုးပဲ၊ ဇောက်ထိုးဆွဲပြီးတော့ ဓားမတွေနဲ့ ခုတ်တယ်။ လှည်းမှာတပ်ပြီး နွားလိုမောင်းတယ်၊
မောင်တဲ့မြေကြီးကလည်း မီးရဲရဲတောက်နေတဲ့ သံပူမြေကြီးပေါ်မှာ၊ မီးတောက်ကြီးပေါ်တက်ခိုင်းတယ်၊
မတက်ရင် နောက်ကရိုက်တယ်၊ အဲဒီလိုတွေလုပ်ပြီး နောက်ဆုံးကျ ဘယ်ထဲပစ်ချတုန်းဆိုရင် ငရဲအိုးကြီးထဲ
ပစ်ချတယ်၊ ငရဲအိုးကြီးထဲ ပစ်ချ၊ ပွက်ပွက်ဆူနေတဲ့ ငရဲအိုးကြီးထဲက ပြန်ပေါ်လာပြီဆို ဆယ်၊
ဆယ်ပြီးတဲ့အခါကျတော့ အဝီစိငရဲကြီးထဲ ထည့်ပြီးတော့ ပို့လိုက်ပြန်တယ်၊ အဲဒီလိုနဲ့ ကံမကုန်မချင်း
အဲဒီပုဂ္ဂိုလ်ဟာ အဝီစိငရဲထဲမှာ ဒီလိုပဲ ခံနေရတယ်တဲ့။
အဝီစိဆိုတာ သတ္တဝါတွေ အကြားအလတ်မရှိဘူး၊
မီးတောက်တွေရဲ့ အကြားအလတ်လည်း မရှိဘူး။ ငရဲခံနေရတဲ့ သတ္တဝါတွေကလည်း ပြည့်နေတာ၊ အပ်ဗူးထဲမှာ
အပ်ကလေးတွေ ထည့်ထားသလိုပဲတဲ့ ပြည့်တော၊ ဒါကြောင့်မို့ အဝီစိလို့ခေါ်တာ၊ မီးတောက်တွေကလည်း
စဉ်ဆက်မပြတ် တဟုန်းဟုန်း တောက်နေတာ၊ ချမ်းသာသုခရတဲ့ အကွက်ကလေးဆိုတာလည်း တစ်ခုမှ မရှိဘူး။
အဲဒီငရဲက လေးထောင့်အဆောက်အအုံကြီးတဲ့၊
အကြီးကြီး၊ တစ်ယူဇနာရှိတဲ့ လေးထောင့်အဆောက်အအုံကြီး၊ သံမိုး သံကာ သံခင်းနဲ့ သံတံခါးကြီးတွေ
တပ်ထားတယ်၊ တစ်ခါတစ်ရံကျရင် အဲဒီတံခါးကြီးတွေက ‘ဂျောင်း’ ဆိုပြီး ပွင့်လာတယ်၊ ပွင့်လာတဲ့ အခါကျတော ငရဲသားတွေက အဲဒီကနေ
ထွက်ပြေးကြတာ၊ လွတ်မလားလို့၊ မလွတ်ဘူး၊ သက်သ်က အဲဒါ ဒုက္ခပေးတာ၊ တံခါးကို ဖွင့်ပေးပြီး
ထွက်ပြေးတဲ့လူတွေ ပိုပြီးတော့ အရိုက်ခံရတယ်၊ အဲသလိုနဲ့ ဒုက္ခတွေရောက်ပြီးတော့ လွတ်ထွက်သွားတဲ့ကောင်လည်း
ငရအိုးထဲ တစ်ခါပစ်ချခံရပြန်တယ်၊ အဲသလို ဒုက္ခတွေရောက်ပြီးတော့ ငရဲခံရတယ်ဆိုတာ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က
ဒေဝဒူတသုတ္တန်မှာ ဟောထားတာရှိပါတယ်။
ဒေဝဒူတသုတ်က ၂-သုတ်ရှိတယ်၊ အင်္ဂုတ္ထိုလ်ထဲမှာ ၁-သုတ်၊ မဇ္ဈိမနိကာယ်မှာ
၁-သုတ် ရှိတယ်၊ အဲဒီ ၂-သုတ်ကို ဖတ်ကြည့်လို့ရှိရင် ငရဲအကြောင်း သိကောင်းစရာတွေ အကုန်ပြည့်စုံအောင်
သိရပါလိမ့်မယ်။
တိရစ္ဆာန်ဘုံ
အဲသလို မကောင်းမှုအကုသိုလ်လုပ်တဲ့
ပုဂ္ဂိုလ်တွေ ခံရတဲ့ နေရာ ငရဲဆိုတာ အင်မတန်ဆင်းရတယ်။ အဲဒီထက် နည်းနည်း သက်သာတာကို ကြည့်လိုက်တော့
တိရစ္ဆာန်၊ ဟော - တိရစ္ဆာန်တွေ ခံနေရတာ အားလုံးမြင်ဖူးကြပါလိမ့်မယ်၊ လူတွေစားဖို့ အတွက်
နေ့စဉ် ကြက်တွေ ဝက်တွေ တိရစ္ဆာန်တွေ သတ်ဖြတ်နေတာ နည်းတာမှ မဟုတ်ဘဲနဲ့နော်၊ ကြက်တွေကို
ခြေထောက်မှာ ကြိုးနဲ့ချည်ပြီး စက်ဘီးနောက်က တင်ပြီးတော့ နင်းသွားတာ မမြင်ချင်အဆုံး၊
ဝက်တွေ ကြိုးတုပ်ပြီးတော့ မော်တော်ဆိုင်ကယ်မှာ ချိတ်ဆွဲသွားတာတွေ မမြင်ချင်အဆုံးနော်၊
ဘယ်သူကမှ ‘မလုပ်ပါနဲ့’ လို့ ကာကွယ်ပေးမယ့်သူ မရှိဘူးတဲ့၊ တိရစ္ဆာန်တွေရဲ့ ဘဝဟာ
ဘယ်လောက်သနားစရာကောင်းလဲ။
လူတွေနဲ့ နီးလို့ လူတွေရဲ့ ညှင်းဆဲခံရတဲ့
တိရစ္ဆာန်တွေသာ တွေ့ရတာ၊ တောထဲမှာ အာဖရိကတောင်ရိုင်းထဲမှာ ကြည့်လိုက်ဦး၊ တိရစ္ဆာန်တွေဟာ
သက်သာလားဆိုတော့ မသက်သာဘူး၊ ခြင်္သေ့စာ၊ ကျားစာ ဖြစ်ပြီးတော့ သေနေကြရတာပဲ၊ တစ်ကောင်မှ
လွတ်တယ်လို့ မရှိကြဘူး၊ ရေဆဲဆင်းရင် မိကောင်းစာဖြစ်တယ်၊ မိကျောင်းကရော သူက လွတ်သလားဆို
မလွတ်ဘူး၊ သူလဲ ရန်သူနဲ့ပဲ၊ သူက ရှေ့ကကောင်းစား၊ သူ့ကို နောက်ကလုပ်နဲ့၊ အဲဒီလို “အညမညခါဒိကာ ဒုဗ္ဗလခါဒိကာ” ၊ တိရစ္ဆာန်ဘဝ ကြည့်လိုက်မယ်ဆိုရင် တစ်ကောင်တစ်ကောင်စားပြီး
အားရှိတဲ့အကောင်က အားနည်းတဲ့အကောင်ကို သတ်ဖြတ်စားသောက်နေတဲ့ ဘုံဘဝကြီး၊ အလွန်ကြောက်စရာကောင်းတယ်၊
အကုသိုလ်က အဲဒီလို ဘုံဘဝတွေ။
ပြိတ္တာဘုံ
ပြိတ္တာဘဝ ကြည့်လိုက်မယ်ဆို စားရမဲ့မဲ့
သောက်ရမဲ့မဲ့ ဗိုက်ပူနံကား မျက်လုံးက ကျောပေါ်ရောက်လိုရောက်၊ နဖူးပေါ်ရောက်လိုရောက်၊
ကမောက်ကမတွေဖြစ်ပြီးနေရတဲ့ ဘဝမျိုးကြီး၊ ဒါကိုလူတွေက တစ္ဆေခြောက်တယ်ဆိုပြီး လန့်နေကြတာ၊
တကယ်ကတော့ သူတို့ဘုံဝကိုက ကြောက်စရာဘုံဘဝကြီး၊ အဲဒီလို ဘုံဘဝကနေ လွတ်လာတဲ့အခါ လူ့ဘဝရောက်လာတယ်၊
ကောင်းတဲ့ဘဝလေးရောက်လို့ ကောင်းတဲ့ အခြေအနေလေး ပေးတဲ့အချိန်မှာပဲ ကုသိုလ်ကောင်းမှုမလုပ်ဘဲနဲ့
အကုသိုလ်တွေဆက်လုပ်သွားရင် တစ်ခါသွားပြန်ရော၊ ငရဲဘုံဆိုတဲ့ အောက်ကို ပြန်ရောက်သွားပြန်တယ်။
အေး - ဒါကြောင့်မို့ မြတ်စွာဘုရားက
၃၁-ဘုံအကြောင်းကို ဟောထားတာ၊ ကိုယ်တော်မြတ် ကိုယ်တော်တိုင် ကံတရားတွေရဲ့ အကြောင်းကိုသိရှိပြီး
ထိုကံတရား လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ကံကိုလုပ်ရင် ဘယ်ကိုသွားတယ်ဆိုတာ ကိုယ်တိုင်သိတယ်။
သမထကျင့်စဉ်ဖြစ်တဲ့ မေတ္တာ ဂရုဏာ
မုဒိတာ ဥပေက္ခာ စတဲ့ ဘာဝနာ တရားတွေပွားလို့၊ ကသိုဏ်စတဲ့သမထကျင့်စဉ်တွေကိုကျင့်လို့ ဈာန်အဘိညာဏ်တွေ
ပေါက်ရောက်သွားတဲ့ ပုဂ္ဂိုလ်ကျတော့ ဗြဟ္မာ့ပြည်ရောက်ပြီး အသက်တွေ ရှည်ချင်တိုင်း ရှည်နေတယ်၊
ရုပ်တရားတွေကို စက်ဆုပ်ရွံ့မုန်းပြီး ပဉ္စမဈာန်ကို တိုးမြှင့်ပွားတဲ့ ပုဂ္ဂိုလ်တွေကျတော့
ရုပ်တရားမရှိတော့တဲ့ အရူပဘုံ ရောက်တယ်၊ ဒီလို သတ္တဝါမျိုးတွေကလည်း လောကမှာ ရှိသေးတယ်၊
ချမ်းသာသုခရနေတဲ့ သတ္တဝါတွေ။
ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်
၃၁-ဘုံဟာ သတ္တဝါမျိုးစုံတို့ရဲ့ ကျင်လည်ရာ ဖြစ်တယ်။ ကံ အားလျော်စွာသတ္တဝါတွေ သံသရာထဲမှာ
လှည့်ပတ်နေကြရတယ်။ အဘိဓမ္မာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ကံတရားက အဓိကပဲ၊ ကံတရားကနေ
ဖန်တီးထားတဲ့ ပဋိသန္ဓေအားလျော်စွာ ထိုထိုဘုံဘဝမှာ သတ္တဝါတွေ ဖြစ်ကြရတယ်၊ ဖြစ်လာတဲ့ ဘုံဘဝမှာ
ကုသိုလ်ကောင်းမှုကို မလုပ်နိုင်ဘဲ အကုသိုလ်တွေကို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သံသရာဝဋ်ထဲမှာ
တည်ငြိမ်မှုရမှာ မဟုတ်ပါဘူး၊ ဒါကြောင့်မို့ ဗမာစကားထဲမှာ အဆိုစကားတစ်ခုရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့”။
ဗြဟ္မာဘဝက ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့
မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ်တွေရဲ့ စွမ်းအားကုသိုလ်က အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်ကသေပြီး
ချက်ချင်း ဝက် မဖြစ်နိုင်ဘူးပေါ့၊ လူ့ဘုံဖြစ်ဖြစ် နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ ဖြစ်ပြီးတဲ့နောက်
တတိယဘဝကျတော့မှ ဝက်ဖြစ်ဖို့ အလားအလာရှိတယ်။ မလွတ်သေးဘူးတဲ့၊ ဘာဖြစ်လို့ မလွတ်သေးတာတုန်း
ဆိုရင် အတွင်းသန္တာန်မှာ မရှင်းသေးဘူးတဲ့။
ဘုန်းကြီးတို့တတွေ အတွင်းရှင်းအောင်
အရင်လုပ်ရမယ်၊ အတွင်းထဲမှာ ရှုပ်နေတယ်၊ အဲဒါ အဓိကပဲ၊ အတွင်းက အရှုပ်တွေဆိုတာ ဘာတွေတုန်းဆိုရင်
‘လောဘ ဒေါသ မောဟ’ စတဲ့ ကိလေသာပဲ၊ အဲဒီ လောဘ ဒေါသ မောဟစတဲ့ ကိလေသာတွေ ရှိနေသေးသမျှ
အမှားအယွင်းလို့ဆိုတဲ့ အကုသိုလ်ကံတွေကို လုပ်မနနေဦးမှာပဲ၊ လုပ်မိနေသမျှ ၃၁-ဘုံမှာ
လှည့်လည်ဖြစ်နေဦးမှာပဲ။ ကောင်းတာလုပ်မိတဲ့အလှည့် ကောင်းတဲ့ဘက် ရောက်သွားလိုက်၊ မကောင်းတာလုပ်မိတဲ့အလှည့်
မကောင်းတဲ့ဘက် ရောက်သွားလိုက်နဲ့ စုန်ချည်ဆန်ချည် မတည်မကျ ဘဝခရီးမှာ ဒီလိုလျှောက်လှမ်းနေကြရဦးမှာဆိုတာ
ဗုဒ္ဓမြတ်စွာရဲ့ ၃၁-ဘုံဝါဒ ကံကိုအခြေပြုတယ်၊ ကံပေါ်မှာ အခြေတည်နေသည့်အတွက်ကြောင့် မိမိသလျှင်
ပဓာနပဲ၊ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ ဆိုတာနော်။
ဆရာတော်ကြီးတစ်ပါးပြောတာ ခေါင်းမရွေ့ဘူး
ဆိုတာ ဘာပြောတာတုန်းလို့ဆို လူတွေကြည့်လိုက်တဲ့၊ ကိုယ်မကောင်းသည့်အတွက်ကြောင့် ခေါင်းက
ရွေ့ရွေ့သွားတယ်၊ ခွေးခေါင်းကြီးဖြစ်လိုက်၊ နွားခေါင်းကြီးဖြစ်လိုက်နဲ့ ခေါင်းတွေက
အမျိုးကို စုံနေတာပဲ၊ လူခေါင်းလေးတင် ဖြစ်တာမဟုတ်ဘူး၊ တခြားခေါင်းတွေပါ တပ်တပ်လာတယ်၊
ချိုပါတဲ့အခါ ပါလိုက်၊ ဒါကြောင့် ကိုယ်ကောင်းဖို့ရန် အင်မတန် အရေးကြီးတယ်၊ ကိုယ်ကောင်းဖို့
ဆိုတာ ကိုယ့်ရဲ့နှလုံးသား အဇ္ဈတ္တက အရေးကြီးတယ်၊ ကိုယ့်ရဲ့နှလုံးသားထဲမှာ အကုသိုလ်တရားတွေမဖြစ်ဖို့ဆိုတာ
အင်မတန်မှ အရေးကြီးတယ် တယ်ဆိုတာ ကိုယ်စီကိုယ်ငှ သဘောပေါက်ကြပြီး အကုသိုလ်တရားတွေ ဖယ်ရှားနိုင်အောင်
ကုသိုလ်တရားတွေ တိုးပွားနိုင်အောင် ကြိုးစားဖယ်ထုတ်နိုင်ကြပါစေသတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** အခန်း
- ၈ ဘဝနိဂုံးသေဆုံးခြင်း ဆက်လက်ပူဇော်ပါမည်။