မသိလျှင်တွယ် သိလျှင်ပြယ်
တဏှာကိုယ်စီ ရှိကြသည်
တို့တစ်တွေ တဏှာရှိနေလို့ ဒီ ခန္ဓာဝန်ကြီး
ဆောင်နေရတာ၊ တဏှာသာ မရှိရင် ဒီခန္ဓာ ဝန်ကြီး မဆောင်ရတော့ဘူး၊ တဏှာက ငါ့ကိုယ်ငါလဲ နှစ်သက်တယ်၊
အရုပ်ဆိုးကလေးကလဲ သူ့ကိုယ်သူ နှစ်သက်တယ်၊ အနူကလဲ အနူပေမယ့် သူ့ကိုယ်သူ နှစ်သက်တယ်၊
အဘိုးကြီး အဘွားကြီးတွေကလဲ သူတို့ကိုယ် သူတို့ နှစ်သက်နေကြတယ်၊ လူတိုင်း လူတိုင်း တဏှာကိုယ်စီ
ရှိနေကြတယ်၊ ခန္ဓာဝန်ကြီး ဘယ်သူ ဆောင်နေတာလဲ၊ တဏှာက ဆောင် နေတာ၊ ကဲ ... ဆိုစမ်း ...
"ပဉ္စက္ခန္ဓာ-ငါဟုခေါ်တွင်, ငါ့ကိုယ်ပင်ဟု,
ထင်မြင်ရငြား ခန္ဓာငါးပါးတို့သည်"
ဒါ, ဒါ ဘုန်းကြီး
ခုထမ်းနေရတာဟာ သက်သာရဲ့လား၊ မသက်သာပါဘူး၊ လူတွေကို ကြည့်လိုက်၊ တစ်အိမ်သားလုံး ရောဂါမရှိဘူးလား၊
ရောဂါ မရှိပြန်တော့ စားဖို့, သောက်ဖို့, နေဖို့, ထိုင်ဖို့, ဝတ်ဖို့ရာ ရှာရတယ်၊ ဒါဟာ
တဏှာကြောင့်၊ တဏှာသာ မရှိရင် ဒီ ခန္ဓာဝန်ကြီး ဆောင်မနေရတော့ဘူး၊ ရှိလဲ မရှိတော့ဘူး၊
အပြစ်မမြင်တာက အဝိဇ္ဇာ၊ ဘာပြုလို့လဲ၊ အဝိဇ္ဇာက ဖုံးအုပ်ထားလို့၊ တရားကိုယ်ကတော့ မောဟပါပဲ။
ပျိုရွယ်ချိန်မှာ တရားရှာ
ဒီတရားတွေကို ပျိုမျစ်နုနယ် ငယ်ရွယ်စဉ်က
လိုက်စားထားရင် မမှားပါဘူး၊ ဒီကျောင်း ဦးအဂ္ဂကြီးရဲ့ တပည့်လေးတွေ ထွက်သွား လိုက်တာ
ခန္ဓာဝန် နှစ်ဝန် သုံးဝန်ပေါ့သွားတာပေါ့၊ တချို့ ဆိုရင် ခန္ဓာဝန်ကို တစ်ဝန်က နှစ်ဝန်၊
နှစ်ဝန်က သုံးဝန်၊ သုံးဝန်က လေးဝန် ထမ်းနေကြရတယ်၊ ဒါတွေကို အဝိဇ္ဇာက ဖုံးအုပ်ထားတော့
တဏှာက သာယာတယ်၊ ကောင်းတဲ့ လက္ခဏာတွေ မဟုတ်ဘူး၊ ဒါကြောင့် တရားကို ငယ်ငယ် ရွယ်ရွယ်က လိုက်စားထားကြ၊ လိုက်စားထားရင် ကောင်းတယ်။
ဘုန်းကြီးသီလက္ခန်ရိုက်ပြီးသေသွားရင်လဲ အကောင်းသားပဲ၊ သေတော့လဲ
ဒီ ခန္ဓာ ဝန်က ပေါ့မသွားပါဘူးလေ၊ အပါယ် လေးပါး ကျပြန်ရင်လဲ ဒီခန္ဓာဝန် ထမ်းရမှာ
သေချာတယ်၊ ဒီဝန်က ပေါ့မှာ မဟုတ်သေးဘူး၊ ကိုရင်တို့ ကောင်းကောင်း နေကြ၊ သံသရာကြီး သွားနေရတာ
ဝန်ကြီးတယ်၊ ရှေးတုန်း ကလဲ ဒီဒုက္ခတွေကို ထမ်းလာကြရတယ်၊ ခုလဲ ထမ်းနေရဆဲ၊ နောင်လဲ တဏှာကြောင့်
ထမ်းရဦးမယ်။
တွယ်လျှင်ဘေး, ပြယ်လျှင်အေး
သာသနာ့ဝန် တကယ်ထမ်းလို့
ရှိရင် အပါယ် လေးပါးနဲ့ ဝေးပြီး, မဂ်
ဖိုလ် နိဗ္ဗာန်နဲ့ နီးပါတယ်၊ ခန္ဓာဝန်ကို တစ်ဘဝ တစ်ခါတော့ သင်္ဂြိုဟ်ကြရတာပဲ၊ အဝိဇ္ဇာက
ဖုံး, တဏှာ အရင်းခံ ဖြစ်တယ်၊ အဝိဇ္ဇာကတော့ တဏှာက စတယ်၊ "အာသဝါနံ-အာသဝေါတရားတို့၏၊
သမုပ္ပာဒါ-ဖြစ်ခြင်းကြောင့်၊ အဝိဇ္ဇာ စ-အဝိဇ္ဇာသည်လည်း၊ ပဝတ္တတိ-ဖြစ်ပြန်၏" လို့ စာက
ဆိုတယ် မဟုတ်လား၊
ဒါတွေကို တို့က မသိလို့ ခက်နေကြတယ်၊
မသိတော့ တွယ်ကြတာပ၊ သိတော့လဲ ပြယ်သွားတာပဲ၊
တွယ်တော့ ဘာဖြစ်သလဲ၊ ဘေး ဖြစ်တာပေါ့၊ ပြယ်တော့ အေးရစ်ရတာပေါ့၊ ဒါကြောင့် ဒီပဲရင်း ဆရာတော်ကြီးက
....
"မသိလျှင်တွယ်, သိလျှင်ပြယ်၊
တွယ်လျှင်ဘေး, ပြယ်လျှင်အေး"
လို့ ဆိုထားတော်မူခဲ့တယ်၊
စာထဲက တရားတွေကို မိမိခန္ဓာထဲ ရောက်အောင် လုပ်ကြ၊
အခြားသူတွေ အကုသိုလ်တွေ လုပ်သွားကြ၊
မိမိတို့က အကုသိုလ် မဖြစ်အောင် ကြိုးစားပြီး တော့ နေကြ၊ တစ်ခါ တစ်ခါ စဉ်းစားကြည့်၊
သံသရာထဲ ပြန်လည်ပြီး အမိဝမ်းထဲ အောင်းနေရတာ မသက်သာဘူး၊ "အမိဝမ်းခေါင်း" ဆိုစမ်း
....
" အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ,
အောင်းခဲ့ ရချေ, တည်သန္ဓေနှင့်, လူ့ပြည်လူ့ရွာ, ရောက်ပြန်ပါလည်း, အိုနာသေရေး, ဒုက္ခဘေးကြောင့်,
စိတ်အေးကိုယ်ခိုင်, မနေ နိုင်ခဲ့၊ ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်
ကြရှာ၏၊ အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုန်းမှာလည်း,
အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ
ရကြောင်း တည်း။ (စုပေါင်းရွတ်ဆိုကြသည်။)
အမိဝမ်းမှာ ဆယ်လကြာ
ဒါတွေကို နှုတ်က ရွတ်ရင်း စိတ်ကပါ ပွားနေ
ရတယ်၊ တို့ အမိဝမ်းတွင်းမှာ ကိုးလဆယ်လ ပဋိသန္ဓေ
နေရတာ ဘယ်လောက် ကြောက် စရာ ကောင်းသလဲ၊ ကာယ, ဘာဝ, ဝတ္ထုဆိုတဲ့ ရုပ်ကလာပ် ကလေး သုံးစည်းကနေ
စတင်ပြီး လာခဲ့ရတယ်၊
အမိရဲ့ အစာ အိမ်ကြီးကို ဖင်ခုထိုင်လာရတယ်၊
အမိရဲ့ ဝမ်းဗိုက်ကို ကျော ပြုပြီး ကျောဘက်ကို မျက်နှာပြုထားရတယ်၊ ဘာနဲ့ ဥပမာ တူသလဲဆိုတော့ မိုးက ခပ်စွေစွေ ရွာထားလို့ မိုးရေတွေ ရွှဲစိုနေတဲ့
မျောက်အိုလေး မေးလေးကုပ်ပြီး သစ်ခွကြားမှာ ချမ်းချမ်းစီးစီးနဲ့ ကုပ်နေသလို လွန်ဆင်းဆင်းရဲရဲ
ခံရတယ်။
ဒုက္ခမျိုးစုံ ဤလူ့ဘုံ
ဒီကြားထဲ မိခင်လုပ်တဲ့လူက နားမလည်ပါးမလည်နဲ့ အပူ အစပ်တွေများ စားလိုက်ရင် အထဲက သန္ဓေသားမှာ ဆတ်ဆတ်လူး ခံရတယ်၊
တော်တော်ကြောက်စရာ ကောင်းတယ်၊ ဒါဟာ အမိဝမ်းတွင်းမှာ အောင်းရတဲ့ ဇာတိဒုက္ခပဲ၊ လူ့လောက
လူ့ရွာ ရောက်ပြန်တော့လဲ မသက်သာဘူး၊ ဆံဖြူ သွားကြွေ အိုရတဲ့ ဇရာဒုက္ခ၊ မျက်စိမွဲ ခါးကိုင်း
နားထိုင်းရတဲ့ ဇရာဒုက္ခ၊ မကျန်းမမာ ဖျားနာရခြင်းဆိုတဲ့ ဗျာဓိ ဒုက္ခ၊ စုတေမနေ သေလွန်ရခြင်းဆိုတဲ့
မရဏဒုက္ခ၊
ဒီဒုက္ခတွေ ကြောင့် စိတ်ကို အေးအေးချမ်းချမ်း
မနေရဘူး၊ ဒီဇာတိ, ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒုက္ခတွေခံပြီး သေလွန်ပြန်တော့လဲ ဟိုဘက် ဘဝမှာ
မအေးရပြန်သေးဘူး။
စားçဝတ်, နေရေး အပါယ်လေးပါးရောက်ရဦးမယ်၊ အပါယ် ပြေးရ လွှားရ ဒုက္ခ၊
အတိတ်ဘဝတွေကလဲ ဒီ ဒုက္ခတွေများစွာ ခံခဲ့ကြရပြီး၊
လာမယ့် အနာဂတ် မှာလဲ နိဗ္ဗာန် မရမချင်း ခံရပေဦးမယ်၊ ဒါဟာ "အတီတေ ဝဋ္ဋမူလဒုက္ခ"
နဲ့ "အနာဂတေ ဝဋ္ဋမူလဒုက္ခ" တွေပဲ၊
ပစ္စုပ္ပန်ကာလ မှာလဲ သက်သာသလားဆိုတော့ အို
... ဘယ်သက်သာပါ လိမ့်မလဲ၊ အစာရှာရတဲ့ "ပစ္စုပ္ပန္နေ အာဟာရပရိယေသနဒုက္ခ" ဟာ ဘယ်လောက်ကြီးကျယ်သလဲ၊
လူတွေ အစာ အာဟာရ အတွက် ပြေးကြရ လွှားကြရ၊ တကတည်း ဖတ်ဖတ်မောနေ တာပဲ၊ မသက်သာဘူး၊ တို့က
ဒီသံဝေဂတွေကို ပွားပေးရမယ်၊ မပွားလို့ မဖြစ်ဘူး၊ သာသနာမှာ အချောင်နေ အချောင်စား လုပ်နေရင်
ဒီဘဝ နောက်ဘဝ မသက်သာဘူး၊ ဒါကြောင့် ကိုရင်တို့ ဦးပဉ္စင်းတို့ ကောင်းကောင်းနေကြ၊ ဘုရားအာရုံနဲ့
နေကြ၊ ကဲ ... တော်ပြီ၊ သွားကြတော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၂)
(၁၉၇၉၊ ဧပြီလ)
အရှင်မဟောသဓပဏ္ဍိတ၏
(မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်း သြဝါဒ) စာအုပ်မှ ပူဇော်တင်ပြပါသည်။
