Wednesday, December 5, 2012

မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြဝါဒ {၂} (ပါရမီဖြည့်ကြပါ.. )


         
          ပါရမီဖြည့်ကြပါ

          ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ,
          ဘာရဓာရော စ ပုဂ္ဂလော၊                                  
          ဘာရာဒါနံ ဒုကံ္ခ လောကေ,                       
          ဘာရနိက္ခေပနံ သုခံ။

          အနက်။   ။ ပဉ္စက္ခန္ဓာ-ငါဟုခေါ်တွင်, ငါ့ကိုယ်ပင်ဟု, ထင်မြင် ရငြား, ခန္ဓာငါးပါးတို့သည်၊ ဟဝေ-စင်စစ်ဧကန်, အမှန် အားဖြင့်၊ ဘာရာ-လေးလံလှစွာ, ဝန်ထုပ်ဝန်ပိုးကြီးတို့ပါ တကား၊ ပုဂ္ဂလော-သူငါကစ, ပုဂ္ဂိုလ်ဟူသမျှသည်၊ ဘာရ ဓာရော-ခန္ဓာဝန်ထမ်း, အမြဲနွမ်းလျက်, ပင်ပန်း၍သာ နေရပါ တကား၊ လောကေ-ငရဲ တိရစ္ဆာန်, မချန်ပြိတ္တာ, ဗြဟ္မာလူနတ်, အရပ်ရပ်သော လောက၌၊ ဘာရာဒါနံ-အဝိဇ္ဇာ တဏှာ, အရင်း ပါသဖြင့်, ခန္ဓာဝန်ကို ယူရခြင်းသည်၊ ဒုကံ္ခ-ဇာတိ ဇရာ, အစ ဖြာလျက်, များစွာ ထောင်သောင်း, ဆင်းရဲ အပေါင်း၏, အကြောင်းရင်းမှန်, အခြေခံပါတကား၊ ဘာရနိက္ဓေပနံ-မဂ် အရိယာ, ရသည့်အခါဝယ်, ခန္ဓာဝန်ညစ်ကို, ပစ်ချလိုက်ခြင်းသည်၊ သုခံ-ဒုက္ခများစွာ, ကင်းစင်ကွာသဖြင့်, သာယာငြိမ့် ညောင်း, ချမ်းသာကြောင်းပါတကား။

          ခန္ဓာဝန်ချဲ့နေကြ       

          ဒီ တရားတွေကို   ရွတ်ရင်း  စိတ်ကပါ လိုက်နေရတယ်၊ တစ်ဖက်က သုတ္တန် သဘောနဲ့  ကြည့်ရင် ရှေးသူတော်ကောင်းတွေရဲ့သဘောလဲ ကြည့်ရမယ်၊ ရှေးသူတော်ကောင်းတွေက ဒီခန္ဓာဝန်ကို ချုံးကြတယ်၊ ခုခေတ်လူတွေက ဒီခန္ဓာဝန်ကို ချဲ့နေကြတယ်၊ ဒီခန္ဓာဝန်ကို ဘယ်သူက ချဲ့တာလဲ၊ လက်သည် ရှာကြည့်တော့ အဝိဇ္ဇာ တဏှာကို တွေ့ရမယ်၊ အဝိဇ္ဇာ တဏှာနဲ့ ချဲ့နေတာပဲ၊ ခန္ဓာဝန် ကျယ်တာကို လူတွေက ချီးမွမ်းကြတယ်။

         
ဘုန်းကြီးရင် တာဝန်ကြီး                  

          တို့ ဒီတိုက်ကြီးမှာ ဒီလို သံဃာကြီးတွေနဲ့ သံဃာငယ်တွေနဲ့ နေတာကို ဘေးကနေပြီး "ဘုန်းကြီးတယ်"လို့ မပြောဘူးလား၊ ဒီလို ဘုန်းကြီးတာလဲ တာဝန်ကြီးတာပဲ၊ တာဝန်ကြီးပေမယ့် ခုလို ကျောင်းကြီးတွေ မလိုချင်ဘူးလား၊ လိုချင်တယ်၊ လိုချင်တာက သာသနာအတွက် လိုချင်တာ၊ ဘုန်းကြီး ဘုန်းကြီးဖို့ မဟုတ်ဘူး၊ ဒါကို နားလည်ထားကြ။

          ကိုယ့်လမ်း ကိုယ်သွား

          ကိုရင်တို့က သူများသွားတဲ့လမ်းကို လိုက်မနေကြနဲ့၊ မကောင်းဘူး၊ သံသရာမှာ ကိုယ့်လမ်းနဲ့ ကိုယ်သွားကြရမှာ၊ မကောင်းတဲ့လမ်းကျယ်ကြီး လိုက်နေရင် အပါယ်ရောက်ရမယ်၊ ဒီခန္ဓာဝန်ကြီးထမ်းနေရတာ မအေးဘူး၊ ဘုန်းကြီးကို ကြည့်၊ အခု လက်ဆစ်ကလေးတွေ ဆိုရင် အဖုကလေးတွေက ယားယားလာတယ်၊ ဒါတွေ ကြည့် တော့ အေးရဲ့လား၊ မအေးဘူး။

          သံသရာတစ်လမ်းသွား 

          လောကကြီးမှာ လမ်းဆိုလို့ နှစ်လမ်းပဲ ရှိတယ်၊ ဒီနှစ်လမ်းမှာ သတ္တဝါတစ် ယောက်ရဲ့ သွားရာလမ်းကတော့ တစ်လမ်းတည်း ရှိတယ်၊ တစ်လမ်းက ဒုဂ္ဂတိဖြစ်တဲ့ မကောင်းတဲ့လမ်း၊ တစ်လမ်းက တော့ သုဂတိဖြစ်တဲ့ ကောင်းတဲ့လမ်း ဖြစ်တယ်၊ သတ္တဝါ တွေဟာ ကောင်းတာတွေ လုပ်နေရင် ကောင်းတဲ့လမ်း သွား မှာပဲ၊ မကောင်းတာတွေ လုပ်နေရင် မကောင်းတဲ့လမ်း သွား မှာပဲ၊ ဒါကြောင့် "တစ်လမ်းသွား"လို့ ဆိုတာ။

          လမ်းဖြောင့်လမ်းမှန် လိုက်ကြပါ                            

          မိမိတို့ရဲ့  ခြေထောက်တွေကို  လမ်းဖြောင့်ဘက်ကို ရှေ့ရှုထားကြ၊ လမ်းဖြောင့်ဘက်ကို လိုက်ကြ၊ဘုန်းကြီးက ကိုရင်တို့ကို လမ်းဖြောင့်ဘက် ဆွဲခေါ်နေတာ၊ ဒါကိုမှ မလိုက် ချင်ကြဘူးဆိုရင် သံသရာထဲ နစ်ကြဦးပေါ့၊ သံသရာကြီးမှာ အကွေ့အကောက်တွေက ပေါတယ်၊ ဝင်္ကပါလိုပဲ၊ ဝင်္ကပါ လှည့်တဲ့သူတွေဟာ တစ်ရာမှာ တစ်ယောက်တောင် ထွက် ပေါက် ရှာတွေ့ဖို့ရာ ခဲယဉ်းတယ်၊

          သံသရာဝင်္ကပါကြီးမှာ သတ္တဝါတွေ လှည့်နေကြတာပဲ၊ ဒါပေမယ့် နိဗ္ဗာန်ထွက် ပေါက်ကို သူတို့ ရှာမတွေ့ကြဘူး၊ ဒုံရင်းပဲ ပြန်ဆိုက်နေတာပဲ၊ ဘုရားသခင်ချမှတ်ခဲ့တဲ့ မဂ္ဂင်ရှစ်ပါးလမ်းကြီးက ဖြောင့်လို့ ဖြူးလို့၊ အဲဒီ လမ်းဖြောင့်ဘက်ကို ကိုရင်တို့ ဦးပဉ္စင်းတို့ လိုက်ကြစမ်းပါ။

          အတူတူနဲ့ အနူနူ        

          များသောအားဖြင့်  သတ္တဝါတွေဟာ  ဒီဘဝက သေသွားရင် အပါယ်လေးပါး ရောက်ကြရတာက များတယ်၊ အပါယ်လေးပါး ရောက်ရ တာက ပိုပြီး ကြောက်စရာကောင်း တယ်၊ လူ့ဘဝမှာ ဒုက္ခ များစွာ ခံပြီး အပါယ်သွားရမယ်၊ သတ္တဝါတွေက ဒုက္ခကို ဒုက္ခမှန်းမသိကြဘူး၊

          အိမ်ကြီးအိမ်ကောင်းတွေနဲ့နေရင် သုခလို့ ထင်နေကြတယ်၊ အိမ်ကလေးနဲ့ တရားသဖြင့် နေရင်လဲ သုခ ပါပဲ၊ ခုခေတ်က စိန်, ရွှေ, နီလာ, ပိုးဖဲ, ကတ္တီပါတွေ ဝတ်ဆင် လာကြရင် ချီးမွမ်းကြတယ်၊ သာယာကြတယ်၊ ဖျင်ကြမ်းကို ဝတ်နေရင်လဲ ဖြစ်တာပါပဲ၊ ဘာမှ မထူးပါဘူး၊ ဒီလူ ဒီလူ ပါပဲ၊ အတူတူနဲ့ အနူနူချည်းပဲ။

          တဏှာ မသတ်သမျှ နိဗ္ဗာန် မရ

          လူတွေဟာ အကောင်းကို လိုချင်ကြတယ်၊  အကောင်းကို မရတော့ "ယံ ပိစံ္ဆ န လဘတိ၊ တမ္ပိ ဒုကံ္ခ" ဖြစ်ရ တယ်၊ လှချင် ပချင်ကြတယ်၊ ကြွာားချင် မော်ချင်ကြတယ်၊ ဂုဏ်တု ဂုဏ်ပြိုင်တွေ ပြုချင်ကြတယ်၊ လှချင် ပချင်, ကြွားချင် မော်ချင်, ဂုဏ်တု ဂုဏ်ပြိုင် ပြုချင်တာတွေ မှန်သမျှဟာ တဏှာပဲ၊ တဏှာကို သတ်ရမယ်၊ တဏှာကို မသတ်သမျှတော့ နိဗ္ဗာန်ကို လိုချင်ပါတယ်လို့ ပါးစပ်က ဆုတောင်းနေပေမယ့် ဘယ်တော့မှ မရဘူးဆိုတာ မှတ်ပါ။

          ဆုတောင်းတိုင်း  မရနိုင်                  

          ဆုတောင်းလို့  ရတာ ရှိတယ်၊  မရတာရှိတယ်၊ ဆုတောင်းလို့ ရတယ်ဆိုတာက ဥပမာ မိမိက သမ္မာသမ္ဗောဓိဆု တောင်း ထားရင် အဲဒီ ဆုနဲ့ လျော်ကန်တဲ့ အလုပ်တွေကို လုပ်ရ လိမ့်မယ်၊ ဒီလို လုပ်မှလဲ တောင်းတဲ့ ဆုအတိုင်း ရမယ်၊ ဆုတော့ တောင်းပါရဲ့၊ ဆုတောင်းပြီး အပါယ်ရောက်ကြောင်း ဖြစ်တဲ့ အကုသိုလ်ဒုစရိုက်တွေ လျှောက်လုပ်နေရင် မရနိုင်ဘူး၊ "ပါးစပ်က ဘုရား ဘုရား, လက်က ကားရား ကားရား"ဆိုတာ မျိုးလို မဖြစ်ကြစေနဲ့၊ နိဗ္ဗာန် ရောက်ရာရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ကြ၊ဆည်းပူးကြ၊ အားထုတ်ကြ၊ ကဲ ... ကဲ ... တော်ပြီ၊ သွားကြတော့။

          ဓမ္မဗျူဟာ
          အတွဲ (၁၈)၊ အမှတ် (၁)
          (၁၉၇၉၊ မတ်လ)

အရှင်မဟောသဓပဏ္ဍိတ၏ (မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်း သြဝါဒ) စာအုပ်မှ ပူဇော်တင်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ