လူစွမ်းပြကြ
အချိန်မရွေးဘုရားကို ကိုရင်တို့ ဦးပဉ္စင်းတို့-ဘုရားရှင်ကို အမှတ်ရနေပါ အမှတ်ရကြပါ၊
ဘုရားအာရုံကိုအမှတ်ရကြပါ။
ဘုန်းကြီးတို့တစ်တွေ ကံ ကောင်းထောက်မလို့
ဘုရားသာသနာနဲ့
လာကြုံရတာပါ၊ မလွယ်ပါဘူး။ ဘယ်နေရာ ဘယ်ဌာနမှာမဆို ဘုရားကိုသာ အမှတ်ရနေပါ။ စာကလဲ ဆိုထားတယ်မဟုတ်လား၊
ဘာတဲ့ လဲ...
ဝစသာ မနသာ စေဝ,
ဝန္ဒာမေ တေ တထာဂတေ၊
သယနေ အာသနေ ဌာနေ,
ဂမနေ စာပိ သဗ္ဗဒါ။
အဟံ-အကျွန်ုပ်သည်၊ ဧတေ
တထာဂတေ-ထိုရှင်တော် မြတ်ဘုရားတို့ကို၊ သယနေ စ-အိပ်ရာအခါ၌လည်းကောင်း၊ အာသနေ
စ-ထိုင်ရာအခါ၌လည်းကောင်း၊ ဌာနေ စ-ရပ်ရာ အခါ၌လည်းကောင်း၊ ဂမနေ စာပိ-သွားရာအခါ၌ လည်း
ကောင်း၊ သဗ္ဗဒါ-အခါခပ်သိမ်း၊ ဝစသာ စေဝ-နှုတ်ဖြင့် လည်းကောင်း၊ မနသာ စ-စိတ်ဖြင့်လည်းကောင်း၊
ဝန္ဒာမိ-ရှိခိုးပါ၏"လို့
ပရိတ်ကြီး
အာဋာနာဋိယသုတ်မှာ ဆိုထားတယ် မဟုတ်လား၊
သတ္တိအရေးကြီး
ဒီလို ဘုရားအာရုံယူနေတော့ သတ္တိအလိုလို ထက်မြက်လာတယ်၊ စိတ်တွေဟာ ဘုရား အာရုံ အမြဲယူနေရတော့
တည်ကြည်မှု(သမာဓိ)ကို ရလာတယ်၊ ဒီလို တည်ကြည်လာတော့ ရဲရင့် ထက်မြက်တဲ့ သတ္တိကောင်းတွေ
ပေါ်လာရတာပဲ၊ လူတွေက "သတ္တိ သတ္တိ သတ္တိ" လို့ ပြောနေကြတယ်၊
လူတစ်ယောက်ကို မတရား ညှဉ်းဆဲတာ
အနိုင်ကျင့်တာဟာ သတ္တိမဟုတ်ဘူး၊ လူတစ်ယောက်ကို သတ်ရဲတာ သတ္တိလို့ ဆိုကြတယ်၊ မှန်တော့
မှန်တယ်၊ ဒါပေမယ့် သတ္တိအစစ် မဟုတ်ဘူး၊ မိုက်ရူးရဲဆန်တဲ့ သတ္တိပဲ၊
တကယ့်သတ္တိက ဒီလိုမဟုတ်ဘူး၊
ခမာ(သည်းခံခြင်း) ဂုဏ်နဲ့ ပြည့်စုံတယ်၊ လူမိုက်သတ္တိ မဟုတ်ဘဲ ပညာရှိသတ္တိ ဖြစ်ဖို့
အရေးကြီးတယ်၊ တစ်လွဲဆံပင်ကောင်းတဲ့ သတ္တိမျိုးကတော့ အလကားပဲ။
သတ္တိကို အသုံးချ
သတ္တိဟာ
ထက်ရုံကလေး ထက်ရုံနဲ့မပြီး သေးဘူး၊ ကိုယ်တစ်ယောက်တည်း ကုပ်နေလို့
သတ္တိပေါ်မလာဘူး၊
ပတ်ဝန်းကျင်နဲ့ ထိတွေ့ပြောဆို ဆက်ဆံလာရာက သဘော ကွဲလွဲချက်တွေ ဆန့်ကျင်ဘက်တွေ
ဖြစ်လာရင်တော့ ဒီသတ္တိဟာ ပေါ်လာရတာပဲ၊
သတ္တိရှိလာ ပေါ်လာပြန်တော့ ဒီသတ္တိကို
အကွက်ကျကျ အသုံးချတတ်ဖို့ လိုလာပြန်တယ်၊ ဆိုပါတော့-ဒီဘက်ကမ်းမှာ ရောဂါဘယတွေ
ထူပြောနေလို့ ဟိုဘက်ကမ်းကို ကူးပြေးရမယ့် အခြေအနေ ရောက်နေတယ်၊ ကူးစရာ လှေသမ္ဗန်
သင်္ဘောတွေလဲ ရှိတယ်၊ လှေထိုးသားတို့ လှေသူကြီးတို့လဲ အဆင်သင့် ရှိနေတယ်၊ သူတို့မှာ
သယ်ဆောင်နိုင်တဲ့ သတ္တိရှိကြတယ်၊ ရှိလျက်နဲ့ မသယ်ဆောင်ရင် ဘယ်သူမှ ကျေနပ်ကြမှာ
မဟုတ်ဘူး။
အချောင်မနေကြနဲ့
သတ္တိကို ဒီလိုနေရာမျိုးတွေမှာ အသုံးချရတယ်၊
ကိုယ်က အင်အားသတ္တိ ရှိရင် ကယ်တင်ပါ၊ လျစ်လျူရှုပြီး ပေယျာလကန် ချန်မထားပါနဲ့၊
ကိုယ့်အနေနဲ့ ကယ်ကတည်းက အများကောင်းအောင် အများ သိပ်ကောင်းအောင် ကိုယ့်သတ္တိကို
အသုံးချတတ်ပါစေ၊
သူတစ်ပါးအကျိုး မဆောင်သူဟာ ကိုယ်ကျိုး
မရှိနိုင်ဘူး၊ ဒါကို ကြပ်ကြပ် သတိထားကြ၊ ကိုရင်တို့ ဦးပဉ္စင်းတို့လဲ သူများ အကျိုး
ဆောင်နိုင်တဲ့ အင်အားရှိနေရင် ဆောင်ကြပါ၊ သာသနာမှာ ရေသာခိုပြီး အချောင်မနေချင်ကြနဲ့၊
ကဲ-တော်ပြီ၊ မေတ္တာပို့, သိရန်မှန်က ဆိုကြ။
(၁) အရှေ့အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၂) အရှေ့တောင်ထောင့်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၃) တောင်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၄) အနောက်တောင်ထောင့်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၅) အနောက်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၆) အနောက်မြောက်ထောင့်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၇) မြောက်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၈) အရှေ့မြောက်ထောင့်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၉) အထက်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
(၁၀) အောက်အရပ်၌
နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည် ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
သဗ္ဗဉ်ဉာဏ်တော် စွမ်းသုံးဖော်
(၁) သိရန်မှန်က,
မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။
(၂) သိသည့်တရား,
များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော်
အစွမ်းတည်း။
(၃) ကျွတ်ထိုက်ကြပေ,
များဝေနေ၏, ဣနြေ္ဒစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗဉ်ဉာဏ်တော်
အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား,
ဤသုံးပါးကြောင့်, အများ ဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော် အားဖြင့်,
ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်,
ဘုန်းခေါင် ငါတို့ ဘုရားတည်း။
အမျှဝေ
ဤ ကုသိုလ်အဖို့ကို မိဘ
ဆရာ သံဃာတော်အပေါင်း, ဒါယကာ
ဒါယိကာမအပေါင်း, နတ် အပေါင်းနှင့်တကွ သတ္တဝါ ဟူသမျှတို့အား အမျှ ပေးဝေပါ ကုန်၏၊
အမျှ ရကြပါစေကုန်သတည်း။
(သာဓု - သာဓု - သာဓု)
(ဤ မေတ္တာပို့ခြင်းနှင့် အမျှဝေခြင်းကို
နေ့စဉ် နေ့တိုင်း သံဃာတော်များ ရွတ်ဆိုကြသည်။)
မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်း သြဝါဒ မှ ပူဇော်တင်ပြပါသည်။