ပါရမီဓာတ်ခံကောင်းရန်ကြိုးစား
ခန္ဓာဝန်ထမ်း လွန်ပင်ပန်း
ကိုရင်တို့ ဝန်ထမ်းဆိုတာ အလုပ် လုပ်နေရတာလဲ
ဝန်ထမ်းပါပဲ၊ ဘုန်းကြီးစာရေးတယ်၊ တော်တော်ရေးရင်ချွေးထွက်လာတယ်၊ ဒါဟာ ဘာလက္ခဏာလဲ၊ ပင်ပန်းတဲ့
လက္ခဏာပဲ၊ ကမ္မဋ္ဌာန်းအားထုတ် နေတဲ့ ပုဂ္ဂိုလ်တွေ တော်တော်လေး အားထုတ်ရင် ချွေးထွက် လာတယ်၊
ဒါ ဘာလဲ၊ ပင်ပန်းတဲ့ လက္ခဏာပဲ။
ကိုရင်တို့ ဆွမ်းခံသွားတယ်, တော်တော်လေး
သွားမိရင်ပဲ ချွေးထွက်မလာဘူးလား၊ ထွက်လာတယ်၊ ဒါလဲ ပင်ပန်းတဲ့ လက္ခဏာပဲ၊ ဆွမ်းချက်နေတာလဲ
ဒီလိုဘဲ၊ တော်တော်ချက်ရင် ချွေးထွက်လာတယ်၊ ဒါလဲ ပင်ပန်းတဲ့ လက္ခဏာပဲ၊ ဆင်တို့ ဘာတို့ဆိုရင်
သစ်ဆွဲနေရတယ်၊ သူတို့လဲ သူတို့ဝန်နဲ့ သူတို့ ထမ်းနေကြရတယ်၊ ပင်ပန်းတဲ့ လက္ခဏာတွေပဲ၊
ဒါကြောင့် ဒီခန္ဓာဝန်ကြီး ရလာသူမှန်သမျှ ဘယ်သူမှ မသက်သာဘူး၊ ပင်ပင်ပန်းပန်းနဲ့ ထမ်းနေကြရတယ်၊
ခန္ဓာဝန်ထမ်းရတာဟာ သိပ်ပင်ပန်းပါတယ်။
သတိမကြွယ်
စာသူငယ်
ဟိုနေ့က ဘုန်းကြီး အနားက ရေအိုး စာလေးတစ်ကောင် ရေလာသောက်တယ်၊ ဒီ့ပြင် စာတွေ လာသောက်ပေမယ့် သူက မပျံဘူး၊ ဣနြေ္ဒရတယ်၊
ဘုန်းကြီးက စာမှ ဟုတ်ရဲ့လားလို့ အောက်မေ့ နေတယ်၊ နောက် ကိုရင်တစ်ပါးက လက်ကလေးနဲ့ သွားတို့
ပေမယ့် သူက မပျံဘူး၊ အမှန်ကတော့ သူဟာ ငိုက်နေတာ၊ ဒီလိုသာ အမှတ်တမဲ့နေရင် သူ့ကို ကြောင်က
ခုတ်မသွားပေဘူးလား၊ ခန္ဓာဝန်ကြီး ထမ်းရတာ သိပ်လေးပါတယ်၊ ကိုရင်တို့ သတိနဲ့ နေကြ၊ အမှုမဲ့
အမှတ်မဲ့ မနေကြနဲ့။
ကျောင်းထဲမှာ ခွေးတွေ ဟိုချေးယို ဒီချေးယိုနဲ့၊ ခွေးလဲ ခန္ဓာငါးပါးပဲ၊ ခွေးဆိုရင် တို့နဲ့ မတူတာ ဘာရှိသလဲ၊ ခွေးတွေမှာ ဉာဏသမ္ပယုတ် ဝိပါက်စိတ်တွေ
ရှိရဲ့လား၊ ပဋိသန္ဓေတုန်းက အကုသိုလ် ဝိပါက်နဲ့ ပဋိသန္ဓေနေခဲ့တယ်၊ ပဝတ္တိအခါတော့ ကုသိုလ်ရ
ပါတယ်၊ အချို့ ပဋိသန္ဓေက မဟာဝိပါက်နဲ့၊
အချို့က ဥပေက္ခာနဲ့ ပဋိသန္ဓေနေတယ်၊ အချို့က သောမနဿနဲ့ ပဋိသန္ဓေနေတယ်၊ အချို့ ကိုယ်တော်လေးတွေ
ဥပေက္ခာနဲ့ ပဋိသန္ဓေနေခဲ့လို့လား မသိဘူး၊ ကြည့်ရတာ မှုန်ကုပ်ကုပ်နဲ့၊ ဒါကြောင့် ကိုရင်တို့
ဦးပဉ္စင်းတို့ကို ဘုန်းကြီးက ဘုရား ကြပ်ကြပ်
အာရုံပြုခိုင်းရတာ၊ ဘုရားကို ကြပ်ကြပ် အာရုံပြုကြ။
ဘဝအဆက်ဆက် ဓာတ်မပျက်
ဒီလို မျက်နှာကြည်တာ, မကြည်တာ တွေဟာလဲ ဘဝ အဆက်ဆက်က
ဓာတ်တွေက အကုန်လိုက်တယ်၊ အခု ဒီတိုက်မှာ အချို့သံဃာ တွေဆိုရင် ဉာဏ်ဓာတ် မလိုက်ဘူးလား၊
လိုက်တယ်၊ ဘုန်းကြီး ဒါတွေကို သိပ်ယုံကြည်ပြီးတော့ ဉာဏ်ဓာတ်လိုက်အောင် အားထုတ်တယ်။
အခြေပြုသဒ္ဒါ, မူလတန်းသဒ္ဒါ
ရေးတယ်၊ ဝိနည်း ပါတိမောက်ဘာသာဋီကာ
ရေးတယ်၊ ဒါလောက် ရေးနိုင်ရင် တော်တော်ကောင်းနေပြီ၊ နောက် စူဠဝါ, မဟာဝါတွေ ရိုက် ပြီးပြီ၊
သီလက္ခန်ကတော့ ချနေတုန်းပဲ၊ ဒါတွေကြည့်ရင် ဘဝက ဓာတ်ခံကောင်းတွေ ပါခဲ့တယ်ဆိုတာ ယုံမှားစရာ
မရှိဘူး။
ဓာတ်ခံကောင်းအောင် လုပ်ကြ
ကိုရင်တို့ ဘဝသံသရာအဆက်ဆက်ကောင်းတဲ့ ဓာတ်သတ္တိတွေ
ပါအောင်လုပ်ကြ၊ ဒီလို ဓာတ်ခံကောင်းတွေ ပါဖို့ဆိုတာကလဲ ဆရာကောင်း သမားကောင်း, မိတ်ကောင်း
ဆွေကောင်းတွေနဲ့ တွေ့ရမှ ဖြစ်တယ်၊ အချို့က
ဘဝဓာတ်ခံ ကောင်းလေးတွေ ပါလာကြပါရဲ့၊ ဒါပေမယ့် မကောင်းတဲ့ ဆရာ, မိဘ, ဆွေမျိုး, မိတ်ဆွေတွေနဲ့
တွေ့ရတော့ ကောင်းတဲ့ ဓာတ်သတ္တိလေးတွေဟာ ကုန်ခန်းပျက်ပြားကုန်ရတယ်။
ဒါကြောင့် ဓာတ်ခံ ကောင်းဖို့ရာကလဲ ဆရာကောင်း,
သမားကောင်း, မိကောင်း, ဖကောင်း, ဆွေကောင်း, မျိုးကောင်း သိပ်ပြီး အရေးကြီးပါတယ်၊ ဘုန်းကြီးတို့မှာတော့
အင်မတန် ကံကောင်းလွန်းလို့ မိကောင်း, ဖကောင်း, ဆရာကောင်း, သမားကောင်းတွေနဲ့ တွေ့ရတယ်၊
ဒါကြောင့် ကိုရင်တို့ ဓာတ်ခံကောင်းအောင်
လုပ်ကြ။
ပဋိသန္ဓေဓာတ်နှင့် ပဝတ္တိဓာတ်
တချို့ဆိုရင် ပဋိသန္ဓေကတည်းက ဓာတ်ခံလေးတွေ ကောင်းလာကြတယ်၊ ဟိုတလောဆီက ကြားလိုက် သေးတယ်၊
ဆရာဝန်မတစ်ယောက်ရဲ့ ကလေးဟာ ညအိပ်ရာ ဝင်ရင် သီချင်းဆိုသိပ်လို့ မရဘူးတဲ့၊ ပရိတ်, ဓမ္မစကြာတွေ ရွတ်သိပ်မှ အိပ်သတဲ့၊ ဒါတွေဟာ ပဋိသန္ဓေက ပါလာတဲ့
ဓာတ်သတ္တိတွေပဲ၊ တချို့ ပဋိသန္ဓေကတော့ ဒါလောက် မကောင်းခဲ့ပါဘူး။
အပြင်လောက (ပဝတ္တိ)ရောက်လာမှ မိကောင်း, ဖကောင်း,
ဆရာကောင်း, သမားကောင်းတွေနဲ့ တွေ့ရလို့ ကောင်းလာ ကြရတယ်၊ ဘုန်းကြီးက လူတွေကို သတိထားတယ်လေ၊
ဓာတ်ခံကောင်း, မကောင်း ကြည့်တယ်၊ သဒ္ဓါဓာတ်ခံကောင်း, မကောင်း၊ ပညာဓာတ်ခံ ကောင်း, မကောင်း၊
ဒါတွေကို ဘုန်းကြီးက ကြည့်တယ်၊ လေ့လာတယ်၊ အကဲခတ်တယ်၊ ဒီကျောင်း ကိုယ်တော်တွေကိုလဲ ဒီလိုပဲ
ကြည့်ရ, အကဲခတ် ရတယ်။
သာသနာနဲ့ သဒ္ဓါတရား
သာသနာဘောင်မှာ နေရင် သဒ္ဓါတရားရှိမှ ဖြစ်ပါတယ်၊
သဒ္ဓါ တရားမရှိရင် အလကားပဲ၊ဒါကြောင့်ဘုန်းကြီးက ဒီကျောင်းမှာ သဒ္ဓါတရား မရှိတဲ့ ကိုယ်တော်တွေ
မထားပါနဲ့လို့ ပြောနေ ရတယ်၊ ပညာတွေ တတ်နေပေမယ့် သဒ္ဓါတရား မရှိရင် သာသနာမှာ အသုံးလဲ
မဝင်ပါဘူး။
ကိုယ်တော်တွေကို သဒ္ဓါတရား ရှိ, မရှိ ဘုန်းကြီးက
အကဲ ခတ် ကြည့်တယ်လေ၊ ကျောင်းတိုက်ဝေယျာဝစ္စ လုပ်တဲ့အခါ, ဘုရားဝတ်တက်တဲ့အခါ ဝတ်တာ, စားတာ,
သွားတာ, လာတာတွေကို အကဲခတ်ကြည့်ရုံနဲ့ ဘုန်းကြီးက သိတယ်၊ ဒါကြောင့် ကိုရင်တို့ သာသနာမှာ
နေရင် သဒ္ဓါတရားနဲ့ နေကြပါ။
သီလဆိုတာ ဝိနည်း
ပစ္စည်းကို သုံးတတ် သိမ်းတတ်ရတယ်၊ သိမ်းတတ်ရမယ်ဆိုတာက
လိုတဲ့သူ ရှိရင် ပေးရမယ်၊ ပစ္စည်းကို သိမ်းသလို သီလကို ထိန်းသိမ်း ရမယ်၊ သီလဆိုတာ ဝိနည်းပဲ၊
"ဝိနယော နာမ သာသနဿ အာယု"ဆိုတဲ့အတိုင်း ဝိနည်းတည်မှ သာသနာ တည်ပါတယ်၊ ဒါကြောင့်
ဝိနည်းကို လေးစားကြပါ၊ ကဲ-တော်ပြီ၊ ကြွကြ တော့။
ဓမ္မဗျူဟာ
အတွဲ(၁၈)၊
အမှတ်(၃)
(၁၉၇၉၊ မေလ)
