ရင့်ကျက်မှုသည် ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု,
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအားဖြင့် ၂မျိုးရှိ၏၊ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကား
တမင်္ဂလာ ရင့်ကျက်အောင် ကျိုးစားနေရသည်မဟုတ်၊ အချိန်ရှိသရွေ့ ရင့်ကျက်နေ၏၊ ရင့်ကျက်လေ
မကောင်းလေ ဖြစ်၏၊ စိတ်ပိုင်းဆိုင်ရာရင့်ကျက်ဖို့ရန်မှာ တမင်္ဂလာကျိုးစားရ၏၊ ရင့်ကျက်လေ
ကောင်းလေ ဖြစ်၏၊
စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုဟူသည် စွန့်လွှတ်နိုင်မှုစိတ်ဓာတ်
ရင့်ကျက်ခြင်းကို ဆိုလိုသည်၊ ထိုစွန့်လွှတ်နိုင်မှု စိတ်ဓာတ် ရင့်ကျက်မှသာ မျက်မှောက်လက်ငင်း
ချမ်းသာကို ရရှိနိုင်၏၊ စွန့်လွှတ်နိုင်မှုစိတ်ဓာတ် ရင့်ကျက်ရန်
(၁) သူတော်ကောင်းမိတ်ဆွေကောင်း ရှိရ၏။
(၂) ကိုယ်ကျင့်သီလစောင့်ထိန်းရ၏၊
(၃) သူတော်ကောင်းတရားနာကြားရ၏၊ စာကောင်းပေကောင်းကို
ဖတ်ရှုရ၏၊
(၄) ကုသိုလ်ရေးကိစ္စ၌ အားစိုက်ကြိုးစားရ၏။
(၅) စဉ်းစားဆင်ခြင်ဉာဏ်ရှိရ၏။
သူတော်ကောင်းတရားနာကြား, ဖတ်ရှု သူသည် သူယုတ်မာတို့၏
အကျိုးမရှိသောစကားကို စွန့်လွှတ်ပြီး ဖြစ်၏၊
စဉ်းစားဆင်ခြင်မှုရှိသူသည် တွေဝေ မိုက်မှားခြင်းကို စွန့်လွှတ်ပြီး ဖြစ်၏၊ ထိုကြောင့် သူတော်ကောင်းမိတ်ဆွေကောင်းရှိခြင်း, ကုသိုလ်ရေးကိစ္စ၌
အားစိုက်ကြိုးစားခြင်း, ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း, သူတော်ကောင်းတရားနာကြား, ဖတ်ရှုခြင်း, စဉ်းစားဆင်ခြင် ဉာဏ်ရှိခြင်းသည် စွန့်လွှတ်နိုင်စိတ်ကို
ရင့်သန်စေ၏။
ပြအပ်ခဲ့သော ၅-မျိုးတွင် မိတ်ဆွေကောင်းရှိခြင်းသည် အဓိကကျ၏၊ မိတ်ဆွေကောင်းနှင့်
ပေါင်းသင်း နေထိုင်ရမှ အတုမြင်, အတတ်သင်ဖြစ်ကာ မိတ်ဆွေကောင်း၏ အပြုအမူကို အတုယူကာ ကိုယ်ကျင့်
တရားကောင်းသူ ဖြစ်နိုင်သည်၊ မိတ်ဆွေကောင်းနှင့်နေရလျှင် ကုသိုလ်ဖြစ်ကြောင်း စကားကောင်းကို
ကြားနာ မှတ်သားရ၏၊ မိတ်ဆွေကောင်းနှင့် အတူသွားလာနေထိုင်လျှင် ကုသိုလ်ရေးကိစ္စများ၌သာ
အားစိုက်ဖြစ်၏၊ မိတ်ဆွေကောင်း၏ အကြံဉာဏ်ကို ရသဖြင့် စဉ်းစားဆင်ခြင်ဉာဏ်များ တိုးတက်၏၊
စွန့်လွှတ်နိုင်စိတ်ရင့်သန်စေသည့် မိတ်ဆွေကောင်းစသော
အချက်၅ချက်နှင့် ပြည့်စုံမှသာ သမထဝိပဿနာ ဘာဝနာတရားများကို အားထုတ်သည့်အခါ အောင်မြင်ပေါက်မြောက်မှု
ရှိနိုင်သည်၊ သမထဝိပဿနာဘာဝနာ အလုပ်သည် လောဘဒေါသမောဟ မာနစသော အကုသိုလ် ကိလေသာတရားများ
ပယ်ရှားနိုင်ဖို့, စစ်မှန်သော ငြိမ်းချမ်းမှုကို ရရှိဖို့ ဖြစ်သည်၊
အကုသိုလ်ကိလောတရားများ ပယ်ရှားနိုင်ပြီး
စစ်မှန်သော ငြိမ်းချမ်းမှုကို ရရှိမှသာ သမထဝိပဿနာအလုပ် အောင်မြင်ပေါက်မြောက်သည်ဟု ဆိုရသည်၊
ထိုသို့မဟုတ်လျှင် အောင်မြင်ပေါက်မြောက်သည်ဟု မဆိုနိုင်။
ပထမဗောဓိခေါ် ဝါတော်၂၀အတွင်းတွင် ဗုဒ္ဓမြတ်စွာအား
လုပ်ကျွေးပြုစုသော ရဟန်းတော် သီးခြားမရှိခဲ့ပါ၊ (၁) အရှင်နာဂသမလ (၂) အရှင်နာဂိတ (၃)
အရှင်ဥပဝါဏ (၄) အရှင်သုနက္ခတ္တ (၅) ရှင်စုန္ဒ (၆) အရှင်သာဂတ (၇) အရှင်မေဃိယတို့က အဆင်ပြေသလို
ပြုစုလုပ်ကျွေးခဲ့ကြသည်၊ ဝါတော်၂၀ကျော်မှ အရှင်အာနန္ဒာ အမြဲတမ်း အလုပ်အကျွေး ဖြစ်လာသည်။
တစ်ခါက ဗုဒ္ဓမြတ်စွာသည် စာလိကာမြို့အနီး စာလိတောင်ပေါ်ကျောင်း၌
နေတော်မူ၏၊ ထိုအချိန် အရှင် မေဃိယက အလုပ်အကျွေးတာဝန် ကျ၏၊ နံနက်ဆွမ်းခံချိန်ရောက်သောအခါ
ဇန္တုရွာထဲ ဆွမ်းခံသွားမည့် အကြောင်းကို ဗုဒ္ဓမြတ်စွာအား လျှောက်၏၊ ဗုဒ္ဓမြတ်စွာ၏ ခွင့်ပြုချက်ရပြီးနောက်
ဇန္တုရွာထဲ ဆွမ်းခံကြွလေ၏၊
ဆွမ်းခံပြန်လာပြီးနောက် ကိမိကာဠာမြစ်ကမ်းဘေးတွင်
လေကောင်းလေသန့်ရှူရိုက်ရင်း အညောင်းပြေ လမ်းလျှောက်ထွက်သွားပြန်၏၊ ကိမိကာဠာမြစ်ကမ်း၌
စိတ်ကြည်နူးနှစ်သက်စရာ ကောင်းသော အုံ့အုံ့ဆိုင်းဆိုင်းရှိသော သရက်ဥယျာဉ်ကြီးရှိ၏၊
အရှင်မေဃိယသည် ထိုသရက်ဥယျာဉ်ကြီးကို ကြည့်ပြီး
"သရက်ဥယျာဉ်ကြီးက သာယာလိုက်တာ၊ ကြည်နူး နှစ်သက်စရာ ကောင်းလိုက်တာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်လိုသူအတွက်
အားထုတ်လို့ သိပ်ကောင်းမှာပဲ"ဟု စိတ်ကူးယဉ်နေမိ၏။
ထိုနောက် စာလိကာတောင်ပေါ်ကျောင်းသို့ ပြန်ပြီး
လမ်းလျှောက်ရင်း သူစိတ်ကူးယဉ်မိခဲ့ သည်များကို ဗုဒ္ဓမြတ်စွာအား လျှောက်ထား၏၊ ဗုဒ္ဓမြတ်စွာ
ခွင့်ပြုတော်မူလျှင် ထိုသရက်ဥယျာဉ်သို့ သွားပြီး တရားအားထုတ် လိုကြောင်းကို လျှောက်ထား၏၊
သို့သော် အရှင်မေဃိယမှာ စွန့်လွှတ်နိုင်မှုအသိစိတ်ဓာတ် မရင့်ကျက်သေးသည်ကို ဗုဒ္ဓမြတ်စွာ
သိတော်မူသဖြင့် ၃ကြိမ်တိုင်တိုင် မသွားဖို့ တားတော်မူ၏။ နောက်ဆုံး "ကမ္မဋ္ဌာန်းအားထုတ်ချင်
လှပါသည်"ဟူသော စကားကြောင့် ခွင့်ပြုတော်မူလိုက်၏။
ဗုဒ္ဓမြတ်စွာ၏ ခွင့်ပြုတော်မူချက်ရသည်နှင့်
တစ်ပြိုင်နက် ဗုဒ္ဓမြတ်စွာအား ရှိခိုးဝပ်ချပြီး ထိုသရက်ဥယျာဉ်သို့ တန်းသွားပြီး ရောက်ရောက်ချင်း
တရားနှလုံးသွင်းတော့၏၊ အရှင်မေဃိယ ယခု တရားအားထုတ်ရင်း
ထိုင်နေသော နေရာသည် အတိတ်က ဘဝငါးရာတိုင်တိုင် မင်းဘဝဖြင့် ဥယျာဉ်ကစားရင်း ထိုင်ခဲ့ဖူးသော
မင်္ဂလာ ကျောက်ဖျာနေရာ ဖြစ်နေ၏။
အရှင်မေဃိယသည် နဂိုကလည်း တရားအားထုတ်ထားသူဖြစ်သဖြင့်
သမာဓိအရှိန် အတော်အတန် ရှိခဲ့၏၊ ထိုကြောင့် စတင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် အတိတ်က
အဖြစ်များခဲ့သော မင်းဘဝပုံရိပ်တို့သည် စိတ်ထဲ တစ်ရိပ်ရိပ် ပေါ်လာ၏၊
ရဟန်းအသွင်ပျောက်၍ မင်းအသွင်ရောက်သွားကာ
တိုင်းရေးပြည်ရာ စီမံတော့၏၊ "ဘယ်လိုခံစားမယ်"ဟု ကာမဂုဏ်နှင့် စပ်သောအကြံအစည်များ
ပေါ်လာ၏၊ "ဘယ်လို ပြစ်ဒဏ်ချမယ်၊ ဘယ်လို ညှဉ်းဆဲသတ်ဖြတ်မယ်"ဟု ဒေါသနှင့်စပ်သော
အကြံအစည်များပေါ်လာ၏၊ တရားအားထုတ်ခါမှ အမှားလုပ်မိကာ စိတ်မှာပူလောင်လာ၏၊
ထိုအခါကျမှ မိတ်ဆွေကောင်းအစစ်ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာကို
သတိရလာ၏၊ ဗုဒ္ဓမြတ်စွာ၏ အရှည်မြင်ပုံ ကျေးဇူးတော်ဂုဏ်တို့သည် စိတ်မှာတစ်ရိပ်ရိပ် ပေါ်ထင်လာ၏၊
ချက်ချင်း ဗုဒ္ဓမြတ်စွာထံ အရောက်သွားကာ လျှောက်ထားရှာလေ၏၊ ဗုဒ္ဓမြတ်စွာ သူနှင့်သင့်တော်သော
တရားတော်ကို ဟောတော်မူသဖြင့် သောတာပန် ဖြစ်သွား၏။
အရှင်မေဃိယသည် စွန့်လွှတ်နိုင်မှုအသိဉာဏ်ဓာတ်ကို
ရင့်သန်စေကြောင်း မိတ်ဆွေကောင်းအစစ် ဖြစ် တော်မူသော ဗုဒ္ဓမြတ်စွာကို စွန့်ခွာခဲ့၏၊ ဗုဒ္ဓမြတ်စွာတည်းဟူသော
မိတ်ဆွေကောင်း၏စကားကောင်းကို မလိုက်နာပဲ ကိုယ်ဖြစ်ချင်တာကို ဇွတ်လုပ်ခဲ့၏၊
ထိုကြောင့် အကျင့်လွဲသွား၏၊ မစဉ်းမစား မဆင်မခြင်နိုင်ဘဲ
တွေဝေမိုက်မှားမိ၏၊ ထိုကြောင့် သူ၏ ကြိုးအားစိုက်မှုသည် အကျိုးမပြီး အချီးနှီးအဟဿဖြစ်ရ၏၊
ထိုနောက် အသိတရားဝင်လာကာ ဗုဒ္ဓမြတ်စွာတည်းဟူသော မိတ်ဆွေကောင်းထံ ချက်ချင်းသွားကာ နည်းလမ်းကောင်းကို
နာယူ၏၊ နည်းလမ်းကောင်း ရသဖြင့် အသိမှန်, အကျင့်မှန်ဖြစ်ကာ ကြိုးစားအားစိုက်မှုကြောင့်
ဒိဋ္ဌိဝိစိကိစ္ဆာစသော အကုသိုလ်ကိလေသာများ ကင်းစင်ကာ စစ်မှန်သော ငြိမ်းချမ်းမှုကို ရရှိသွား၏။
ကျေးဇူးရှင်ဆရာသမားဖြစ်တော်မူသော အရှင်သုဇနာဘိဝံသ၏ ဆောင်းပါးကို တင်ပြခြင်းဖြစ်ပါသည်။
