Friday, November 2, 2012
အလောင်းမင်းတရားကိုးကွယ်သည့် ရုပ်ပွားတော်နှင့် ဂဠုန်ဦးစော
ဂဠုန်ဦးစော၏ ဇာတ်သိမ်းကား အများသိသည့်အတိုင်းပင် သမိုင်းတွင် အကျည်းတန်ခဲ့သည်။ သူသာမဟုတ် တိုင်းပြည်ပါ နစ်နာခဲ့သည်။
သူသည် အရာရာ၌ ထက်မြက်သူ၊ လုံ့လ၀ီရိယနှင့် သတ္တိရှိသူဖြစ်သည့်အပြင် ရည်ရွယ်ချက်လည်း ကြီးများလှသူဖြစ်သည်။ ထိုစိတ်ထားရှိသူများသည် အတ္တသမ္မာပဏီဓိ(မိမိကိုယ်ကို အမှန်ထိန်းချုပ်ရပ်တည်မှု)နှင့် သပ္ပုရိသူပနိဿယ(ပညာရှိသူတော်ကောင်းအမှီ)သာ ရရှိပါလျှင် လျှမ်းလျှမ်းတောက် အထွတ်အထိပ် ရောက်နိုင်ပါပေ၏။
ဂဠုန်ဦးစောကား ဘုရင်စိတ်ပြင်းပြသူဖြစ်သည်။ အလောင်းမင်းတရာ ဦးအောင်ဇေယျစသော ကုန်းဘောင်မင်းများ အစဉ်အဆက် အောင်မြေဟု သတ်မှတ်ထားသောနေရာတစ်ခု ရွှေဘိုမြို့အ၀င် တောင်ဘက်၌ရှိသည်။ ထိုအောင်မြေ၌ ဦးစော အောင်မြေနင်းခဲ့၏။ သာသနာရေးချီးမြင့်မြှောက်စားခြင်းနှင့် အလောင်းမင်းတရား၏ သမိုင်းဝင်ဌာနများကိုလည်း ဖော်ထုတ်ထင်ရှားစေခဲ့သည်။
မကောင်းတာ မကောင်းခဲ့သော်လည်း ကောင်းတာကား ကောင်းသည့်အလျောက် သမိုင်းတွင် တည်ရှိနေပေလိမ့်မည်။
ဂဠုန်ဦးစော၏ လုပ်ဆောင်ချက်များမှာ သတ္တိရှိရှိ မှားယွင်းခဲလေပြီးနောက် သူ့ဘ၀တွင် တစ်ခုပြီးတစ်ခု ဒုက္ခတွေနှင့်သာ ရင်ဆိုင်ရတော့၏။ အင်္ဂလိပ်အကျဉ်းသားဖြစ်ရ၏၊ လမ်းသွားရင်း ကားပေါ်မှာပင် သေနတ်ပစ်ခံရ၍ မျက်စိတဘက် ပျက်ခဲ့၏။ နောက်ဆုံး မဟာအမှားကြီးဖြစ်သော နိုင်ငံတော်လုပ်ကြံမှုကြောင့် ကြိုးမိန့်ပေးခြင်း ခံရသည်အထိ ရောက်လေတော့သည်။
ဂဠုန်ဦးစောသည် အင်းစိန်ထောင်အတွင်း ကြိုးမိန့်ချပြီးနောက် တစ်ခုပြီးတစ်ခု ဆက်တိုက်ရင်ဆိုင်ခဲ့ရသော ဒုက္ခများအတွက် သူ့ဘ၀ကိုသူ ပြန်စဉ်းစားကြည့်သည်။ တရားခံရှာကြည့်သည်။ ဝေဖန်သုံးသပ်ကြည့်သည်။ သူ့အမှားသူ လေ့လာသည်။
အခြားအကြောင်းများရှိမည်ဖြစ်သော်လည်း သူ့စိတ်ထဲတွင် အဓိကအကြောင်းတစ်ခုကို သွားတွေ့၏။ ဘုရားရုပ်ပွားကိုးကွယ်ပုံ မှားယွင်းခဲ့ခြင်းပင်တည်း။
နိုင်ငံတော်လုပ်ကြံမှုနှင့် ဘုရားကိုးကွယ်မှု အမှားနှစ်ခုသည် သူ့အတွက် ပြင်၍မရတော့သော အမှားများဖြစ်၏။ သို့သော် နောက်လူတို့အဖို့ လောကီ လောကုတ္တရာ နှစ်ဌာနအတွက် သင်္ခန်းစာကောင်း တစ်ခုအဖြစ် ကျန်ခဲ့သည်။
သူ အင်းစိန်ထောင်အတွင်း၌ နေရစဉ် သူ့ကို စောင့်ကြပ်ရသော ပုဂ္ဂိုလ်တစ်ဦးအား သူကိုယ်တိုင် အောက်ပါအတိုင်း သူ့အမှားကိုသူ ၀န်ခံပြောဆိုသွားခဲ့ဖူး၏။-
“ ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နှင့် ရွှေဘိုနယ်ကိုရောက်ခဲ့တယ်၊ အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှားကျော်ကြားနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား၊ မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်းခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတ-ရတယ်၊ ရန်အပေါင်းကို အောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် အဲဒီဘုရားကို မရ-ရတဲ့နည်းနှင့် ကျုပ်ယူခဲ့မိတယ်။”
“ဒါပေမယ့် ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနှင့် ပင့်ခဲ့တာမဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီးယူခဲ့တာပဲ၊ ဒီတော့ ဆင်းတုတော်ကို သာမန်မျှသာ ကိုးကွယ်မှုအဆင့်တွင် မဟုတ်ပဲ ကျုပ်ရဲ့ “အဆောင်” သဘော့မျိုး ထားခဲ့မိတယ်။ အဲဒါ ကျုပ်ရဲ့ မဟာအမှားကြီးပဲ။”
“နောက်မှ သိရတာက ဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီးသလောက် အလွန် ‘ခိုက်’ တယ်ဆိုတာ သိရတော့ နောက်ကျသွားပြီ။ အဲဒီအချိန်က ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမား ဖြစ်လိုဖြစ်ရ၊ သေနပ်ပစ်ခံလို ခံရနှင့် နောက်ဆုံး အခုအခြေအထိ ဖြစ်ခဲ့တာပါပဲ။
နောက်- ကျုပ်ဒီထဲရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနှင့် လှူဒါန်းလိုက်ရတယ်။”
(၁၅-၇-၁၉၇၁ နေ့ထုတ် အိုးဝေဂျာနယ်မှ။ ယခု ထိုရုပ်ပွား ထိုနေရာ၌ မတွေ့ရ။)
ဝန်ခံချက်။ ။ ဓမ္မာစရိယဦးဌေးလှိုင်၏ ဓမ္မဒူတ (ပထမတွဲ) မှ ကူးယူတင်ပြ ဝေငှပါသည်။
Labels:
ဖတ်မိတာလေးများ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ