Friday, November 2, 2012

စိတ်အကြံကိုညွှန်ပြခြင်းစွမ်းရည်


စိတ်အကြံကို ညွှန်ပြခြင်းစွမ်းရည်ဆိုတာသူတပါးရဲ့စိတ်ဖြစ်ပုံအခြင်းအရာကို သိပြီးညွှန်ပြ ပြောဆိုနိုင် တဲ့စွမ်းရည်ပါ၊ အာရုံပြုလိုက်တာနဲ့ သူတပါးရဲ့ စိတ်အကြံအစည်ကို အမှန်အတိုင်း သိနိုင်တဲ့ စွမ်းရည်ထူးပေါ့။

`သင့်စိတ်ထဲမှာ ၀မ်းနည်သလိုမျိုး ခံစားနေရတယ်၊ ဒီမှာလာတုန်းက သင့်စိတ်ထဲမှာ ပျော်ရွှင်နေခဲ့တယ်။ သင်အခုတလော ဘာအကြောင်းအရာကို စဉ်းစားနေတာမို့လား၊ သင့်မှာ ဒေါသအာဃာတတွေ တစ်နေ့ တစ်ခြား ကြီးထွားလာနေပြီ`

စသည်ဖြင့် မှန်ကုန်အောင် တိတိကျကျ ညွှန်ပြနိုင်ပါတယ်၊ ဘုရားရှင်နဲ့ရဟန္တာအရှင်မြတ်အချို့ဟာ ဒီလိုစွမ်းရည်မျိုးနဲ့ သတ္တ၀ါတွေရဲ့စိတ်ကို အနုစိတ်သိတော်မူကြတာပါ၊ သိတော်မူပြီးမှ သတ္တ၀ါတွေရဲ့ စရိုက် အလိုက် ဟောကြားဆုံးမပြိး ဓမ္မအသိဥာဏ် ရင့်သန်လာအောင် ဆောင်ရွက်တော်မူကြပါတယ်။

ယနေ့ခေတ်မှာလည်း ကြည့်တတ်ရင်မြင်နိုင်ပါတယ်၊ ဒကာဒကာမအသိုင်းအ၀ိုင်းပေါများရေး၊ ဘုန်းကံ ကြီးမားရေးနဲ့ နာမည်ကျော်ကြားရေးအတွက် ဒီနည်းဆန်ဆန်မျိုးတွေကို အသုံးပြုနေတာတွေ့မြင်ကြား သိနေရပါတယ်၊ ဘုရားရှင်ရဲ့ တရားဓမ္မအဆုံးအမတွေကို မျှဝေချင်လို့တွေ ဟုတ်ဟန်မတူပါဘူး၊ တချို့သော ပုဂ္ဂိုလ်တွေရဲ့ စည်းရုံးနည်းက ဒီလိုပါ

``အော် ဒကာမကြီးတို့ မိသားစု ရောက်လာကြပြီလား၊ ဆရာတော်တောင် အခုပဲ ဒကာမကြီးတို့ ပုံရိပ်တွေ စိတ်ထဲမှာ ထင်လာလို့ မေတ္တာပွားနေတာ၊ မေတ္တာပွားလို့တောင် မပြီးသေးဘူး၊ ဒကာမကြီးတို့က ရောက်လာကြတာကိုး``

ဒီလိုမျိုး ၀မ်းသာအားရ ပြောတတ်ကြပါတယ်၊ ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံခွင့်ရတဲ့ အခါတချို့ဒကာ၊ ဒကာမတွေဟာ စုတ်ကြီးလာဘ်ကြီး ၀င်လာသလိုမျိုး ၀မ်းသာအားရ ဖြစ်သွားတတ်ကြပါတယ်၊

``ဆရာတော်က ငါတို့အပေါ်မှာ မိသားစု အရင်းအချာလိုပဲ``
``ဆရာတော်က မေတ္တာတရားသိပ်ကြီးမားတာ``
``ဆရာတော်က ငါတို့လာမှာကို ကြိုတင်သိနေတာ``

ဒီလိုအမြင်တွေနဲ့ ကြည်ညိုမှု လွှဲမှားကုန်တတ်ကြပါတယ်၊ သိက္ခာသုံးပါး ပြည့်ဝတဲ့ ရဟန်းတော်များ ထက် ဒီလိုဟန်ရေးပြတတ်တဲ့ ရဟန်းတော်များကို ပိုပြီးဆည်းကပ်ကိုးကွယ်သွားတတ် ကြပါတယ်၊ လမ်းမှန် ပေါ်ကနေလမ်းချော်သွားတတ်ကြပါတယ်၊ စစ်မှန်တဲ့သဒ္ဓါရဲ့နေရာမှာ တဏှာက နေရာယူလာပါတယ်။

ရိုးသားစွာနဲ့ အမှန်တရားကို ပြောဆိုခဲ့ရင်တော့ အပြစ်က မကြီးသေးပါဘူး၊ ရိုးဂုဏ်ရှိနေသေးတဲ့ အတွက် လမ်းမှန်ပေါ် ရောက်ခွင့်ရှိပါသေးတယ်၊ ဒါပေမဲ့ အကြောင်းထူးမရှိဘဲ ပြောဆိုတာမျိုးကို ဘုရားရှင်စတဲ့ သူတော်စင်များက မလိုလားမနှစ်သက်ကြပါဘူး၊ ကိုယ့်ဘက်ညွှတ်ကိုင်းလာအောင်၊ ကိုယ့်ကိုဆည်းကပ် ကိုးကွယ်လာအောင် စည်းရုံးရေးသဘောနဲ့ ပြောဆိုမိခဲ့ရင်တော့ တစ်နေ့တစ်ခြား ကိလေသာအပူမီးတွေ တိုးပွားလာပါတယ်၊ နိဗ္ဗာန်အကြောင်း ပါးစပ်က ထုတ်ဖော်ပြောနေပေမယ့် နိဗ္ဗာန်နဲ့ ကြာလေဝေးလေ ဆိုရ တော့မှာပါ။

စာရေးသူရဲ့ကိုယ်တွေ့ဖြစ်ရပ်လေးကို ပြောပြလိုပါသေးတယ်၊ လွန်ခဲ့တဲ့ အနှစ် ၂၀-လောက်ကပေါ့။ ဆရာဘုန်းကြီးမြ၀တီမင်းကြီးဆရာတော် မန္တလေးနဲ့အတူ မြန်မာပြည်အထက်ပိုင်းကို စာရေးသူရောက်သွား ပါခဲ့တယ်၊ အထက်ပိုင်းက လူအများစုဟာ ရိုးသားတဲ့အသွင်၊ အေးဆေးတဲ့အသွင် ပေါ်လွင်ကြပါတယ်၊ ဘာသာရေးကိုလည်း အလေးထားတတ်ကြပါတယ်၊ စာရေးသူတို့ ရောက်သွားတဲ့အခါ နေအိမ်တွေမှာ ပင့်ပြီး ဆွမ်းကပ်ကြ၊ တရားနာကြ၊ လှူဒါန်းကြနဲ့ ပြုံးပျော်ကြည်နူးနေကြပါတယ်၊

တစ်နေ့တော့ အရွယ်ခပ်လတ်လတ် အမျိုးသမိးသုံးယောက်လောက် ရောက်လာကြတယ်၊ ဆရာဘုန်းကြီးကို လျှောက်ထားနေတဲ့အသံကို စာရေးသူ အတိုင်းသား ကြားနေရပါတယ်၊

`တစ်နေ့က တပည့်တော်တို့တစ်တွေ ဆရာတော်တစ်ပါး ဘုရားတည်နေတဲ့တောင်ပေါ် ရောက်သွားကြတယ်၊ ဆရာတော်က ရှေ့က၊ တပည့်တော်တို့က နောက်ကလိုက်ပေါ့၊ တောင်ပေါ်ရောက်တဲ့အခါ ဆရာတ်ာက အမိန့်ရှိတယ်ဘုရား၊ နင်တို့က တွေးကြလိမ့်မယ်၊ လူသူအရောက်ပေါက်နည်းတဲ့ တောင်ပေါ်မှာ ဘာဖြစ်လို့ ဘုရားတည်တာလည်းပေါ၊့ သဒ္ဓါတရားရှိတဲ့လူတွေကတော့ လာဖူးကြမှာပဲ၊ နောက်ပြီးမမြင်နိုင်တဲ့ နတ်မြတ်နတ်ကောင်းတွေလည်း ဖူးမြော်နိုင်ကြတာပေါ့တဲ့၊ ဆရာတော်က တပည့်တော်တို့ရဲ့စိတ်ကို ကြိုတင်သိနေတယ်၊ ရိုးရိုးပုထုဇဉ်တော့ မဟုတ်လောက်ဘူး`တဲ့။

ဆရာဘုန်းကြီးကတော့ ခပ်တိုတိုပဲ ဖြေကြားလိုက်ပါတယ်၊`ကိုယ်လုပ်ဆောင်နေတဲ့ အလုပ်ကို ဆင်ခြင်သုံးသပ်ပြိး အခြားသူတွေ ဘယ်လိုပြောဆိုလာနိုင်တယ်ဆိုတာ ဆရာတော်အနေနဲ့ ကြိုတင်တွက်ဆပြီး ဖြစ်နေမှာပါ၊ ဒါကြောင့် ဒီလိုမျိုး အမိန့်ရှိလိုက်တာ ဖြစ်နိုင်တယ်` တဲ့။

စာရေးသူအကဲခတ်ကြည့်လိုက်တော့ အမျိုးသမီးတွေရဲ့ မျက်နှာပေါ်မှာ ရိုးသားမှုကို ရှာဖွေတွေ့ရှိပါတယ်၊ ဘုရားတည်တဲ့ ဆရာတော်က ဘယ်လို ရည်ရွယ်ချက်နဲ့ မိန့်တယ်ဆိုတာကို စာရေးသူသိခွင့်မရပါဘူး၊ ဒါပေမဲ့ ဒကာမတွေရဲ့ နှလုံးသားမှာတော့ အထင်ကြီးစိတ်၊ လေးစားကြည်ညိုစိတ်တွေ ပြည့်လျှံနေလိမ့်မယ်ဆိုတာ သံသယရှိနေစရာ မလိုပါဘူး၊ နောက်ပိုင်းမှာတော့ ဟိုလူပြော ဒီလူပြောနဲ့ သူတို့ရည်ညွှန်းတဲ့ ဆရာတော်အကြောင်းကို အနည်းငယ်သိခွင့်ရခဲ့ပါတယ်၊

``ဘုရားတည်တဲ့ဆရာတော်ဟာ ဘုရားရှင်အလိုတော်ကျမဟုတ်ပေမဲ့၊ လူအများအထင်ကြီးလောက်တဲ့ ထူးဆန်းတဲ့ ကိစ္စမျိုးလေးတွေကို ပြုမူတတ်တယ်၊ ပြောဆိုတတ်တယ်။ အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့လည်း ၀င်ဆန့်တယ်`` တဲ့။

စောစောကပြောခဲ့သလိုမျိုးပေါ့၊ ရိုးဂုဏ်ကင်းပြိး ဒီလိုနည်းလမ်းမျိုးတွေကို အသုံးပြုမယ်၊ ပြည်သူလူထုကို ကိုယ့်ဘက်ပါအောင် ပြောဆိုစည်းရုံးမယ်ဆိုရင် အပြစ်က ကြီးသွားနိုင်ပါတယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ့်ကိုယ့်ကို ဈာန်အဘိညာဉ်စတဲ့ တရားထူးတရားမြတ်တွေ ရထားပါတယ်လို့ ၀န်ခံရာရောက်သွားလို့ပါ။

အမှန်အကန်ဖြစ်ခဲ့ရင်တောင်မှ စိန္တာမဏိကာလို့ခေါ်တဲ့ လောကီအတတ်ပညာမျိုးနဲ့ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်ပါတယ်၊ ဒီလိုဖြစ်သွားနိုင်လို့ပဲ သွန်သင်ဆုံးမခြင်းစွမ်းရည်မပါဘဲ စိတ်အကြံကို ညွှန်ပြခြင်းစွမ်းရည်သက်သက်မျှ အသုံးချတာကို ဘုရားရှင်နှစ်သက်တော်မမူတာပါ။ နောက်ပြီး ဒီလုပ်ရပ်မျိုးကို စက်ဆုပ်ရွံ့ရှာတော်မူကြောင်း၊ ဒီလုပ်ရပ်မျိုးဟာ ကိုယ်တော်မြတ်ကို နှိပ်စက်ရာရောက်ကြောင်း ပြတ်ပြတ်သားသား မိန့်ကြားတော်မူခဲ့ပါတယ်၊

ဒီလိုစွမ်းရည်မျိုးကို အသုံးပြုတာဟာ ကေ၀ဋ္ဋသူကြွယ်ရဲ့နည်းလမ်းမျိုးဖြစ်တဲ့အတွက် စစ်မှန်သော သာသနာပြုနည်းဆိုတာမဖြစ်နိုင်ပါဘူး၊ ဒါဆိုရင် သဒ္ဓါများပြိး ပညာအားနည်းတဲ့အတွက် ထူးပေ့ဆန်းပေ့ဆိုတဲ့နောက်ကို တစ်ဝုန်းဝုန်းလိုက်ပြီး ကိုးကွယ်နေကြသူတွေအနေနဲ့ ဆင်ခြင်စဉ်းစားနိုင်လောက်ပါပြီ။

မြစကြာဆရာတော်အရှင်ဣန္ဒကာဘိဝံသ
စစ်မှန်သောသာသနာပြုနည်း-မှ
 ဦးသုမခ၏ facebook မှ ကူးယူခဲ့ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ