Sunday, October 28, 2012

Sarnath ဆရ်နာထ်ရဲ့ လွမ်းပုံပြင်



ပဉ္စ၀ဂ္ဂီတို့ကို တရားဦးဟောရာ တော့ကို ဣသိပတန မိဂဒါယ၊ သရနာထ(ဆရ်နတ်)လို့ ခေါ်ဆိုကြကြောင်း မှတ်တမ်းများမှာ တွေ့ရပါတယ်။

ဆရ်နထ်ဆိုတဲ့နေရာဟာ ဗာရာဏသီနဲ့ (၈)ကီလိုမီတာနီးပါး ဝေးတယ်လို့ ဆိုပါတယ်၊ သရင်္ဂနာထ(သရင်္ဂ-သမင်ကို၊ နာထ-ကယ်တင်သူ၊ ဘေးမဲ့ပေးသူ)ဆိုတဲ့ အမည်ကို အစွဲပြုပြီး တောကို သရင်္ဂနာထ-တောလို ခေါ်ရာမှ သရင်္ဂပုဒ်မှ "င်"သံယုတ်နှင့် "ဂ"အက္ခရာချေပြီး သရနာတာ(Sarnath-ဆရ်နထ်)လို့ ခေါ်ဆိုကြပါသတဲ့။

သရနာထ=ဆရ်နထ်"လို့ ခေါ်ရခြင်းအကြောင်းလေးက စိတ်ဝင်စားစရာကောင်းလှပါတယ်။

တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့ ကိစ္စများက ကြီးကျယ်သော အပြောင်းအလဲများ ဖြစ်တတ်ကြောင်းကို ပြောနေသလို၊

သဟဇာတ မဖြစ်တဲ့ ပြဿနာတွေ ထဲမှာလဲ သုခုမဒဿနတွေပါသွားတတ်တယ်ဆိုတာကို ညွှန်ပြနေသည့်ပမာ၊

အလွန်နူးညံ့သော စိတ်ဓာတ်က အလွန်မာကြောကြမ်းတမ်းသော စိတ်ဓာတ်ကို အရည်ပျော်သွားစေနိုင်တယ်..ဆိုတာကို မီးမောင်းထိုးပြသယောင် ယင်းဆရ်နထ်ရဲ့ အလွမ်းပုံပြင်က မိမိစိတ်ကို ဆွဲဆောင်ထားပါတော့တယ်။

ဖြစ်ပုံလေးကတော့ ဒီလို့ပါ….

"အို ရွှေသမင်မင်း..ငါဟာ သင့်လို ခန္တီ ကရုဏာ မေတ္တာနှင့် ပြည့်စုံသူကို လူထဲမှာတောင် မတွေ့ဖူးပါဘူး၊ ဒါကြောင့် ကျွန်ုပ်စိတ်မှာ အရမ်းကို ကြည်လင်ချမ်းမြေ့ရပါ၏၊ ထပါ ထပါ..သင်ရော ဟိုသမင်မရော၊ အခြားသမင်တွေပါဘေးမဲ့ပေးပါတယ်..ရွှေသမင်မင်း..ကျန်တဲ့ ခြေနှစ်ချောင်း ခြေလေးချောင်းရှိတဲ့ သားကောင်တွေ ငှက်တွေပါ ဘေးမဲ့ပေးပါတယ်၊ ရေနေကုန်းနေ ကောင်းကင်နေ သတ္တ၀ါအားလုံး ဘေးမဲ့ပေးပါတယ် ရွှေသမင်မင်းကြီးရယ် ထပါ..ထပါ.."

ဒီစကားက တိရိစ္ဆာန်ဖြစ်တဲ့ နိဂြောဓ ရွှေသမင်မင်းကို ဗာရာဏသီပြည့်ရှင်မင်းက ပြောခဲ့တဲ့ စကားပါ၊

ဗာရာဏသီပြည်ကြီးရဲ့အနီး တောအုပ်တစ်ခုမှာ ဘုရားအလောင်းနှင့် ဒေ၀တ်အလောင်းတို့ဟာ သမင်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်၊ သမင်းပေါင်း တစ်ထောင်ကို ငါးရာစီ ခွဲပြီး အုပ်ချုပ်ကြတာပါ။ ဘုရားအလောင်းနာမည်က နိဂြောဓ၊ ဒေ၀ဒတ်အလောင်းသမင်နာမည်က သာခ-တဲ့၊ သူတို့ရဲ့ ကိုယ်အဆင်းက ရွှေအဆင်းလို ၀ါဝင်းကြပါသတဲ့။

ဗာရာဏသီ ဗြဟ္မဒတ်မင်းကြီးက တောကစားဝါသနာပါပြီး အသားမပါရင် ပွဲတော်မတည်ပါဘူး၊ ကျေးရွာလူတွေက သားကောင်းတွေ ချောက်ပေးရ ၀ိုက်ပေးရတော့တာပေါ့၊ တစ်နေ့မဟုတ်တော့ လူတွေရဲ့ အလုပ်တွေပျက်လာကြတယ်။ ဒီတော့ ကျေးရွာလူတွေက " မင်းကြီးကြောင့် တို့တတွေ အလုပ်တွေ ပျက်ပေါင်းများလှပြီ၊ တောထဲရှိ သမင်တွေကို မင်းဥယျာဉ်အတွင်း မောင်းသွင်းပေးထားပြီး လုံခြုံအောင် ကာရံပေးထားလိုက်ကြစို့" လို့ တိုင်ပင်ဆွေးနွေးတော့ ဒီအစီအစဉ်ကို အားလုံးလက်ခံလိုက်ကြတာပေါ့။

အဲဒီအစီအစဉ်ကြောင့်ပဲ နိဂြောဓသမင်မင်း ဦးဆောင်တဲ့ သမင်ငါးရာနဲ့ သာခသမင်မင်း ဦးဆောင်တဲ့ သမင်ငါးရာဟာ ဖမ်းဆီး ပိတ်လှောင်ခြင်းခံခဲ့ရတာပါ။ မင်းကြီးက အလွယ်တကူ ပစ်ခတ်စားသောက်ရုံပေါ့။

မင်းကြီးက သမင်တွေထဲက ရွှေရောင် သမင်နှစ်ကောင်ကို တွေ့လို့ ဘေးမဲ့ပေးလိုက်တယ်။
တစ်ခါတလေ မင်းကြီးကိုယ်တိုင် တခါတလေ စားဖိုမှူးက လေးကိုင်ပြီး ဥယျာဉ်တော်ထဲဝင်ရောက်ပြီး ပစ်ခတ်လေ့ရှိတာပေါ့။ အဲဒီအချိန်မှာ သမင်တွေက သေရမှာကြောက်လန့်ပြီး ဟိုပြေးဒီပြေးနဲ့ တစ်ကောင်နဲ့တစ်ကောင် တိုက်မိခိုက်မိလို့ဖြစ်စေ ပြေးရင်းလွှားရင် ထိခိုက်မိလို့ဖြစ်စေ အားအင် နွမ်းပြီး ပင်ပန်းမှုတွေ၊ နားမကျန်းဖြစ်မှုတွေဖြစ်လာတယ်၊ တစ်ချို့သမင်တွေဆို အသက်ပါဆုံးရှုံးသွားကြကုန်တယ်။

ဒီအကြောင်းကို ဘုရားအလောင်းသမင်မင်း နိဂြောဓကသိတော့ သာခသမင်မင်းကို တိုင်ပင်လိုက်ပြီး ဒီလိုဟိုပြေးဒီလွှား မြားဒဏ်ခပြီး သေရမည့်အတူတူ တစ်နေ့တစ်ကောင်ကျ သားသတ်ရုံမှာ အလှည့်ကျအသတ်ခံကြဖို့ အားလုံးကို အသိပေးလိုက်ပါတယ်၊ အားလုံးကလည်း သေရမည့်အတူတူ အဲဒီအစီအစဉ်ကို လက်ခံလိုက်ကြတယ်၊ ဒီနေ့က နိဂြောဓသမင်းမင်း အုပ်စုက အသတ်ခံရင် နောက်နေ့ သာခသမင်မင်းအုပ်စုက အသတ်ခံရမယ်ပေါ့။

ဒီလိုနဲ့ တစ်နေ့တစ်ကောင်ကျ အသတ်ခံရာက တစ်နေ့ကျတော့ ရင်သွေးငယ်လေးကို ၀မ်းမှာလွယ်ထားရတဲ့ သမင်မလေးအလှည့်ရောက်လာပါတော့တယ်။ သူက ဒေ၀ဒတ်အလောင်း သာခသမင်မင်းရဲ့ အုပ်စုထဲကပါ။

ရင်သွေးလေးလွယ်ထားရတာမို့ သာခသမင်မင်းထံမှာ အသနားခံလိုက်ပါတယ်။
"အရှင်…ကျွန်ုပ်မှာ ရင်သွေးလေးကို လွယ်ထားရပါတယ်၊ သားကို ရှင်သန်အောင် မွေးဖွားပါရစေ..သားဖွားပြီးက ကြည်ဖြူစွာ အသတ်ခံပါမည်၊ အခုတော့ အခြားသူနဲ့ အလှည့်ကို ချိန်းပေးပါ"

" သတ္တ၀ါတွေက အရင်သေချင်တယ်လို့ ရှိမလား..အသက်ရှင်သမျှ နေချင်ကြတယ်၊ ဒါသတ္တ၀ါတွေရဲ့ ဆန္ဒ၊ နင့်ကိုယ်စား တခြားသူက သေပေးရမယ်ဆိုလို့ တရားမျှတပါ့မလား… မရဘူး..။ သင့်အလှည့် သင်တာဝန်ယူ"
သာခသမင်စကားကြောင့် သမင်မလေးခမျာ အပြစ်မဲ့သားလေးအတွက်ရတက်မအေး၊ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ အတွေးနဲ့အတူ မလှမ်းချင် လှမ်းချင်နဲ့ လှမ်းလာခဲ့တာပေါ့။
ဖြစ်နိုင်ရင် ဒီရင်သွေးလေးကို မွေးပေးခဲ့ချင်တယ်၊ လောကထဲကိုခုမှရောက်လာခါစရင်သွေး ရောက်လာတယ်ဆိုပေမယ့် လောကကြီးအကြောင်း ဘာမှမသိတဲ့ အပြစ်မဲ့တဲ့ကလေးလေး..။
သူအသတ်ခံရရင် သူ့ရင်သွေးပါ အသက်ဆုံးရှုံးတော့မယ်၊ ဒါကို သမင်မကမလိုလားပါ။ မိမိသေးရမည်ကို မမှုပါ၊ အပြစ်မဲ့ရင်သွေးလေး အတွက် ရတက်မအေးသည်မှာ မိခင်စိတ်ဓာတ်၊ မိခင်မေတ္တာမဟုတ်ပါလား..။ ဒါကြောင့် သမင်မလေး သူတို့ခေါင်းဆောင် သာခသမင်မင်းကို အရဲစွန့်ပြီး အဆိုတင်သွင်းခဲ့ခြင်းပါ။ သို့သော် မရခဲ့။

နောက်မှ သမင်ရဲ့ ခေါင်းထဲ အတွေးကလေး လင်းခနဲဝင်လာမှုနဲ့အတူ နိဂြောဓသမင်မင်းကိုပါ မြင်ယောင်လိုက်ပြန်တယ်။ ဒါနဲ့ အဖွဲ့အစည်းခြင်းမတူညီတဲ့ နိဂြောဓ သမင်မင်းထံမှာ အကူအညီတောင်းလိုက်ပါတယ်။

"အရှင် ကျွန်ုပ် မနက်ဖြန်မိုးသောက်ရင် အသတ်ခံရတော့မယ်"

" သြော်..အင်းအင်း၊ ဒို့များဘ၀က ဒီလိုပဲ ကုန်ဆုံးကြရမှာပဲလေ…သင့်အလှည့်မှာ သင်အသတ်ခံရသလို၊ အခြားအခြား သမင်တွေလည်း ဒီလိုကြုံရမှာပါ"

"အရှင်..သေရမှာ အတွက် ၀န်မလေးပါဘူး၊ ဒါပေမယ့် ကျွန်ုပ်သေရင် ၀မ်းမှာလွယ်ထားတဲ့ ကလေးပါ အသက်ဆုံးရှုံးရပါလိမ့်မယ်၊ အပြစ်မဲ့တဲ့ ကလေးတော့ ရှင်သန်ဖို့ အခွင့်အရေး ရှိသင့်ပါတယ်"

"သြော်.. သင့်မှာ ရင်သွေးရှိနေလား"

" မှန်ပါတယ်အရှင်  ဒီကလေးကို မွေးဖွားပြီးတဲ့အချိန်အထိ အသက်ရှင်နေချင်ပါတယ်၊ ဒါကြောင့် သေရမည့် အလှည့် လဲလှယ်ပေးဖို့ တောင်းပန်ပါတယ်"

" အင်း..လဲလှယ်ပေးဖို့ ဆိုတဲ့ အခွင့်အရေးပေးဖို့က ခက်တယ်၊ ဘယ်သူမှ သေချင်မှာ မဟုတ်ဘူး"

နောက်ဆုံး နိဂြောဓ သမင်မင်း..ပြောလိုက်တဲ့ စကားကြောင့် ကိုယ်ဝန်သည်သမင်မလေး ၀မ်းသာရမလို ၀မ်းနည်းရမလို အံ့သြခြင်းများစွာဖြစ်သွားပါတယ်၊ ကျွန်ုပ်လည်း အံ့သြသွားပါတယ်။

" မပူပါနဲ့..မင်းသာ မင့်သားကို အသက်ရှင်အောင် မွေးပါ၊ မင်းကိုယ်စား ငါအသေခံလိုက်ပါမယ်"

"ရှင်"

" သင်ဟာ မမြင်သေးတဲ့ ရင်သွေးအပေါ်ထားရှိတဲ့ မေတ္တာစိတ်ဟာ တော်ရုံမေတ္တာစိတ်ဓာတ် မဟုတ်ဘူး၊ အခက်အခဲနဲ့ ဘေးဆိုးကြုံရင် သတ္တ၀ါတွေဟာ ကိုယ်ကျိုးသာ ကြည့်တတ်တယ်၊ အဲဒီအထဲမှာ တစ်ချို့မိဘတွေဟာ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ အကြင်နာမဲ့တဲ့ နည်းလမ်းနဲ့ ကိုယ့်အသက်ကို ရှာကြံမွေးတတ်သူတွေပင် ရှိတယ်၊ အဲဒီမိခင်တွေထဲ သင်ကမပါလို့ သင့်ကို ငါလေးစားတယ်"

"ကျွနိုပ်လည်း ဒီသားမွေးပြီးရင် အသတ်ခံဆိုလည်း အသတ်ခံရမှာပါ"

" ဟုတ်ပါတယ်…အဲဒီစိတ်ထားကိုလေးစားလို့ သင့်ကိုယ်စား ငါအသေခံမှာပါ၊ စိတ်ချမ်းချမ်းသာသာပဲ နေတော့"

အဲဒါလိုမှာကြားပြီး သမင်းသတ်တဲ့နေရာ စဉ်းတီတုံးပေါ် လည်စင်းခံလိုက်ပါတယ်၊ ဒါကို စားဖိုမှူးကမြင်တော့ ဘေးမဲ့ပေးထားတဲ့ သမင်ဖြစ်နေလို့ ချက်ချင်းမသတ်ရဲဘဲ ဗာရာဏသီမင်းထံ ပြေးပြီး သံတော်ဦးတင်လိုက်ပါတယ်။

ဘုရင်မင်းမြတ်က လာရောက်ပြီး

" အို..သမင်မင်း  ငါက သင့်ကို ဘေးမဲ့ပေးပြီးပါပြီး ဘာ့ကြောင့် ဒီစဉ်းတီတုံးမှာ လည်စင်းခံရတာလဲ"

" အရှင်မင်းကြီး  ကိုယ်ဝန်ဆောင် သမင်မလေးရဲ့ တောင်းပန်ချက်အရ ငါအသေခံပေတယ်..၊ မိခင်မေတ္တာစိတ်ရှိတဲ့ ဒီသမင်မလေးဟာ အချည်းနှီးမသေသင့်ဘူး၊ သူမသေသင့်လို့ အခြားသမင်တစ်ကောင်ကို အသေခံလိုက်ပါလို့ ငါက ဘယ်မှာ ပြောရက်မလ၊ အဲသလို အစားထိုးပေးရင်လဲ လက်အောက်ငယ်သားအပေါ် ထားရှိရမယ့် ငါ့စေတနာက မမှန်ကန်။ သတ္တ၀ါမှန်သမျှ သေဘေးကြောက်ပေမယ့်၊ သေသင့်တယ်လို့ ထင်ရင် ခေါင်းဆောင်လုပ်သူက တာဝန်ယူရတယ် မင်းကြီး"

အဲဒီလို နိဂြောဓသမင်မင်းက ပြောလိုက်လို့ အထက်ဆုံးမှာဖော်ပြခဲ့တဲ့ …

"အို ရွှေသမင်မင်း..ငါဟာ သင့်လို ခန္တီ ကရုဏာ မေတ္တာနှင့် ပြည့်စုံသူကို လူထဲမှာတောင် မတွေ့ဖူးပါဘူး၊ ဒါကြောင့် ကျွန်ုပ်စိတ်မှာ အရမ်းကို ကြည်လင်ချမ်းမြေ့ရပါ၏၊ ထပါ ထပါ..သင်ရော ဟိုသမင်မရော၊ အခြားသမင်တွေပါဘေးမဲ့ပေးပါတယ်..ရွှေသမင်မင်း..ကျန်တဲ့ ခြေနှစ်ချောင်း ခြေလေးချောင်းရှိတဲ့ သားကောင်တွေ ငှက်တွေပါ ဘေးမဲ့ပေးပါတယ်၊ ရေနေကုန်းနေ ကောင်းကင်နေ သတ္တ၀ါအားလုံး ဘေးမဲ့ပေးပါတယ် ရွှေသမင်မင်းကြီးရယ် ထပါ..ထပါ.."

မင်းကြီးက ဒီစကားကိုပြောခဲ့တာပါ။

ကိုယ်ဝန်ဆောင် သမင်မလေးကို အကြောင်းပြုပြီး နိဂြောဓသမင်မင်းရဲ့ ခေါင်းဆောင်ကောင်းစိတ်ဓာတ်နဲ့ စွန့်လွတ်မှုစိတ်ဓာတ်က သတ္တ၀ါအားလုံးကို အသက်ဘေးမှ ချမ်းသားစေခဲ့တာပါ၊ နူးညံ့တဲ့စိတ်ဓာတ်က မာကြောတဲ့စိတ်ဓာတ်ကို အနိုင်ယူခဲ့တာပါ။

အဲဒီနေရာလေးဟာ ယခု "  Sarnath ဆရ်နာထ် "်လို့ ခေါ်ကြတဲ့နေရာလေးပါပဲ..တဲ့..။

သေဘေးမှ လွတ်ခဲ့တယ်ဆိုသော်လည်း ဗာရာဏသီမင်းရဲသတ်ဖြတ်မှု သေဘေးမှပါ မရဏမင်းရဲ့ သတ်ဖြတ်မှုကတော့ မလွတ်နိုင်ခဲ့ကြပါဘူး…အဲဒီမရဏမင်းဟာ တောင်တစ်တောင်ဆိုရင် ဘယ်လောက်ကောင်းမလဲ တွန်းဖြိုပစ်လိုက်ချင်တယ်…ယခုတော့ ဖြင့်…….

စာကိုး ။   ။ ဇာတကအဋ္ဌကထာ-(ပထမတွဲ)၊ မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်းပုံရိပ်လွှာများ(ဆရာတော်ဦးသြဘာ၊ သာဝတ္ထိမြန်မာကျောင်း)၊ မောင်ဆန္ဒ(လယ်ဝေး)၏ မြင့်မြတ်သူတို့၏ ကျင့်စဉ်၊

အားလုံး ရွှင်လန်းကြပါစေ…
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ