အားထုတ်ခြင်းသဘောကို "ဝီရိယ" ဟု အများနားလည်ကြပြီ။
ထိုအားထုတ်ခြင်းသဘောကို စဉ်းစားလျှင် ဆိုင်ရာ ကိစ္စကို ပြုလုပ် ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံခြင်း သဘောတည်း။
ထိုကြောင့် "ရဲစွမ်းရောက်က၊ ဝီရိယ" ဟု ဆိုခဲ့ပေသည်။ ထိုစကားမှန်၏၊ ဝီရိယ လုံ့လကင်းမဲ့သူကို "အပျင်းထူသူ" ဟု ခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် "စောပါးသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေး တယ်၊ နေပူလွန်းပါသေးတယ်။ ယနေ့ ထမင်းစားလို့ မကောင်းဘူး၊ုယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်း နေမကောင်းဘူး။ နေကောင်းပြီးစဖို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန် ရောက်စမို့" စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသောစိတ်သည် ကုသိုလ်စိတ် မဟုတ်။ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ် စိတ်ပင်ဖြစ်သည်။
ဝီရိယ လုံ့လရှိသူကား အအေး အပူစသည်လောက်ကို မဆိုထားဘိ၊ တကယ့် ကိစ္စကြုံလာလျှင် အသက်ကိုပင် ထီမထင်ဘဲ ရင်ဆိုင်တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ရဲလေသည်။
မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀ဝ တို့သည် ဝီရိယကို လျှော့၍ မိရိုးဖလာနတ်များကို တိုင်ကြ၊ ပ,သကြ သော်လည်း ကယ်ဆယ်သူပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုမနေဘဲ ရဲစိတ် ရဲသွေး ဝီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ်ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မှုခဲ့ ပေသေးသည်။ ဤသို့လျှင် ဝီရိယ ဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံသော သဘောတည်း။
♣ ကျမ်းမာရေး
ဝီရိယအကျိုးသည် လောကတွင် များစွာ ထင်ရှား၏။ ကျန်းမာရေး လိုက်စားရာ၌ လမ်းမှန်မှန် လျှောက်ခြင်း၊ (အဝေး မလျှောက်သာလျှင် မိမိနေအိမ်၏ အနီးအပါးမှာပင် လျှောက်ခြင်း)၊ အစာကို အချိန်မှန်မှန် စားသောက်ခြင်း၊ အလေးအပေါ့ကို ပျင်းသည့် အတွက် (ဆောင်းအခါ အိပ်ရာမှာ ဖြစ်စေ) ချုပ်တည်း မထားခြင်း၊ သင့်တော်သောအချိန်ဝယ် ရေချိုးခြင်း၊ သင့်တော်သော ဆေးဓာတ် စာများကို အချိန်မှန်မှန်စားခြင်း စသည်တို့ကို ပြုကြရသည်။ ထိုအား လုံးကို ဝီရိယကင်း၍ အပျင်းထူနေက မဖြစ်နိုင်။ ထို့ကြောင့် ဝီရိယ ရှိသူမှ ကျန်းမာရေး လိုက်စားနိုင်သည်။
♣ စီးပွားရေး
စီးပွားရေးတွင်လည်း အပူအအေး စသည်တို့ကို ကြောက်ရွံ့ နေလျှင် ဝီရိယရှိသူများက ထိုသူ့အရင် ရောင်းဝယ်နှင့်ကြသဖြင့် ဝီရိယကင်းသူမှာ အရာရာပင် နောက်ကျ၍ နောက်ချေးနှင့်သလဲသာ ရတော့လတ္တံ့။ မြန်မာအမျိုးသားတို့ ဝီရိယနည်းပါးပုံမှာ စံမူနာ တင်လောက်ပါပေသည်။
လူမျိုးခြားတို့က နံနက်စော ထပြီးလျှင် ကျက်သရေရှိအောင် ရောင်းဝယ်မှုကို ပြင်ဆင်သူကပြင်၊ နေရာထိုင် ခင်း လှည်းကျင်းသူက လှည်းနှင့် ရေမိုးချိုးကာ အဝတ်အစားလဲ၍ လက်ဖက်ရည် ကလေးများသောက်ပြီးမှ အလုပ်ခွင်၌ ဝင်နေချိန်ဝယ် များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး။
အိပ်ရာမှထ ခါနီးလည်း လွန့်ကာ လိမ့်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေ ကို အတော်ကြာကြာ မှုတ်ထုတ်ပြီးမှ အနိုင်နိုင်ထပြီးနောက် အတော်ကြာကြာပင် ကျက်သရေမရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မှိုင်နေလိုက်ကြသေး၏။ ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင်တော့အံ့နည်း။
♣ အမျိုးသမီးများ ကျေးဇူး
မြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင် ပါဝင်နေကြရှာ၏။ များစွာသော ဈေးသည်တို့မျာ အမျိုးသမီးများသာ ဖြစ်သည်။ ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက်ရှိသော အမျိုးသားတို့ကား ကျောင်းနေသူနေ၊ အလုပ်လက်မဲ့ဖြစ်သူက ဖြစ်နှင့် မိမိတို့ မိဘနှင့် အစ်မ နှမများကို မှီခိုအားကိုး၍ နေကြရ၏။ မြန်မာ အမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြပါမူ ဤမြန်မာနိုင်ငံ သည် ယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ်ရှိ၏။ အမျိုးသမီး များ၏ ကျေးဇူးကြောင့် ယခုလောက် အခြေနေမှာ တည်နေနိုင်ကြ သည်။
♣ နှစ်ဖက်စလုံး ကြိုးစားလျှင်
စီးပွားရေး၌ အမျိုးသမီးများ ကြိုစားကြသလို အမျိုးသား အားလုံး ကြိုစားကြမည်ဆိုပါလျှင် (မြို့များ၌ အမျိုးသားတို့က တစ်ဖက်တစ်လမ်း စီးပွားရှာနိုင်ကြလျှင်) ဤမြန်မာနိုင်ငံသည် ထွန်းသစ်စ လဝန်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုး ထွက်၍ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်ပေသည်။
♣ ပညာရေး
အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂေဇက်ကိုကြည့်လျှင် ဂုဏ်ထူး ဆောင်နှင့် အောင်မြင်သူ နည်းပါးလှသည့်အပြင် အထက်တန်း ပညာရပ်များ၌လည်း အခြားလူမျိုးများထက် ရာခိုင်နှုန်းနည်းပါး သည်ဟုကြားရ၏။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျများစွာ ခံပြီး နေကြပါလျက် ငွေထောက်ပံ့ကြရသော မိဘ အစ်ကို အစ်မ တို့ကို မငဲ့ညှာဘဲ လုံ့လဝီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြော ထနေမှုတို့ကြောင့်သာ အများအပြား ဖြစ်တန်ရာ၏။
ကျောင်းတော်သို့ ရောက်ကြသည့်အချိန်မှာ အသက် ၂၀-နီးပါး ရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက်မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကားခဲ့သော အမျိုးသားဖြစ်ပါလျက် ငါတို့ လက်ထက်မှ အဘယ့်ကြောင့် အပျင်းဘဝ၌ အဖျင်းအအ လုပ်နေကြ သနည်း။
ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားဖြင့် ရဲရဲတောက်တောက် ကလေးများ ဖြစ်သင့်ကြသည် မဟုတ်လော။
လူတို့ဘက်၌သာ ပညာစံချိန် ညံ့သည် မဟုတ်သေး။ သာသနာ ပညာလည်း အခါအလျောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံ သာမက မြို့ပြတို့၌လည်း မင်းညီမင်းသား မှူးမတ်သားတို့၏ ဆရာတော်များ ဖြစ်ကြသည်။
မိမိတို့သည် အခါနှင့် လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူ ပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုမပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှောကျရုံ သာမက တချို့ ကျေးရွာကျောင်းရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင် မရှိတော့ချေ။
ဤအချက်ကား မြန်မာနိုင်ငံအတွက် သာသနာရေး အသက်ငင်နေခြင်းပင် ဖြစ်တော့သည်။ ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကို ရှင်းရလျှင် ကိုယ့်အထုပ် ကိုယ် ဖြေ ပြရာ ရောက်မည်ဖြစ်၍ မရှင်းလင်းလိုတော့ပါ။ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျ နောက်ကျ ဖြစ်ရခြင်းမှာ လုံ့လဝီရိယကင်း၍ အပျင်းများမှုကြောင့် ဖြစ်သည်။
♣ ဝီရိယကြောင့် ဘုရားဖြစ်
ငါတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်တိုင် ဝီရိယ ပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ ဘုရားဖြစ်တော်မူ ပြီး လည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ ထိုဟောတော်မူသမျှ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုးစားဖို့က ဒုတိယထား၍
"ဝါယမေထေဝ ပုရိသော၊ န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော"
"ယောင်္ကျားမှန်က ကြိုးစားသင့်စွာ ပညာရှိ မပျင်းရိရာ"
ဟု ဟောတော်မူသည်။
♣ ပြင်ကြဦးစို့
ဗုဒ္ဓကို အားကိုးသူ၊ ဗုဒ္ဓတရားကို လိုက်နာသူ ဗုဒ္ဓဘာသာဝင် ဟူ၍ အခေါ်ခံနေကြသော မွန်မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့်အညီ လောကီရေးရာဝယ် လိုက်စားလျက် ဧရာမ ဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။
ဗုဒ္ဓဘာသာဝင်တို့ကား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကိုပင် ဂုဏ်ယူကာ ဝတိံသာ မြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ခြုံကြားက မထွက် နိုင်ကြသေးချေ။ ထို့ကြောင့် "တို့ သားအဖတစ်စု ပြင်ထိုင်ဦးကြစို့" ဟူသကဲ့သို့ ငါတို့ တစ်စုလည်း အပျင်းကို ပယ်ရှား၍ ဝီရိယသမား ဖြစ်အောင် ပြင်ကြဦးစို့။
"ဝီရိယတော ကိံနာမ န သိဇ္ဈတိ=လုံ့လ ဝီရိယ ရှိသူမှာ မပြီးနိုင်သော အရာမရှိ"
[ဝီရိယကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးများသော ဝီရိယကို မဆိုလို။ စဉ်းစားဉာဏ် ပါသော ဝီရိယကိုသာ ဖြစ်စေလိုသည်။]
♣ မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာမှ တင်ပြလိုက်ပါသည်။

မိမိတို့သည် အခါနှင့် လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူ ပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုမပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှောကျရုံ သာမက တချို့ ကျေးရွာကျောင်းရွာကျောင်းမျ