ထိုနေ့`၌ အကြောင်းကိစ္စတစ်ခုကြောင့် မန္တလေးမြို့သို့ သွားရ၏။ မန္တလေးမှ မိမိနေရာ အမရဌာနေသို့ ကားကလေးဖြင့် မြိုပတ်လမ်းခေါ် ကန်ပတ်လမ်းမှ ပြန်လာခဲ့ခြင်းဖြစ်သည်။
ကန်ပတ်လမ်းသည် ဧရာဝတီမြစ်ဒ ကမ်းနဖူးပေါ်တွင် တည်ရှိ၏။ လူသူစည်ကားမှုနည်းပြီး ဆိပ်ငြိမ် သာယာသည်။ ကြည်နူးဖွယ်ကောင်းသည် ဟုဆိုလျှင် လွန်မည်မထင်ပါ။
မှန်ပါသည်။ ဧရာဝတီ မြစ်နဒီသည် မြသားရောင်တို့ဖြင့် နေရောင်ခြည်အောက်ဝယ် တောက်ပ ၀င့် ကြွားလျှက်ရှိနေသည်။ လေပြေလေညင်းတို့၏ ကြည်စယ်မှုကြောင့် ငွေလှိုင်းလုံးလေးများက မြူးကြွစွာ လှုပ်ရှားပြေးလွားနေကြသည်။ ရေလှိုင်းနှင့်ကမ်းစပ် ကမ်းစပ်နှင့် ငွေလှိုင်းတို့၏ စည်းချက်ညီညီပေါ်ထွက် လာသည့် လှိုင်းခတ်သံတို့သည်လည်း ဂီတသံပမာ သာယာလှပါ၏။
ဧရာဝတီမြစ်ကမ်းနဖူးတွင် သပ္ပာယ်စွာ သီးတင်းသုံးတော်မူသည့် ရွှေရောင်ဝင်းဝင်းနှင့် လိုရာပြည့်စုံ ရန်မျိုးလုံ စေတီတော်သည် ဖူးမြင်ရသူတို့၏ စိတ်နှလုံးကို အေးမြစေနိုင်၏။ ယင်းစေတီတော်မှ ဆည်းလဲတို့၏ ညိမ့်ညောင်းသာယာဖွယ် အသံတို့မှာမူ ရင်ဝယ်ကြည်းနူဖွယ် လေထဲတွင် လွင့်ပျံနေ၏။
တစ်ခါတစ်ရံ ဆည်းလဲသံနှင့်အတူ ငွေလှိုင်းခတ်သံတို့ ပြိုင်တူပေါ်ထွက်လာတတ်သည်။ ထိုအခါမျိုး တွင် အလွမ်းဓာတ်ခံရှိသူအဖို့ တစ်စုံတစ်ယောက်ကို သတိရလွမ်းဆွတ်မိကြမည်မှာ မလွဲပေ။
ဖြူဖွေးသော သဲသောင်ပြင်ဝယ် စိမ်းလန်းသော ယာခင်းများစိုက်ပျိုးထားသဖြင့် စိန်ကွပ်ထားသည့် မြပမာ တစ်မျိုးသာယာနေပြန်၏။
မိမိတို့ စီးနင်းလိုက်ပါလာသည့် ကားကလေးကား သာယာလှပသည့် လွမ်းမောဖွယ်ကောင်းသည့် သည်လိုရှုခင်းကို လျစ်လျူရရှုထားဟန်တူပါ၏။ သူ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကတ္တရာလမ်း ပေါ်တွင် ပြေးနေဆဲ။
ရှေ့တွင် ညို့ညို့မှိုင်းမှိုင်း စစ်ကိုင်းတောင်ကို မြင်ရ၏။ စစ်ကိုင်းတောင်ညို့ညို့ပေါ်တွင် ထုံးသင်္ကန်း ဖွေးဖွေးဖြင့် စေတီတော်များ ရွှေရောင်ဝင်းဝင်နှင့် စေတီတော်များကို နေခြည်အောက်တွင် ဖူးမြော်ရ၏။ ရင်ထဲတွင် ကြည်နူးမိ၏။
တာဝန်မပျက် ဆောင်ရွက်နေသည့် ကားကလေးကြောင့် စစ်ကိုင်းတောင်သည် တရိပ်ရိပ်ဖြင့် ကျန် ရစ်နေခဲ့သည်။ ‘နေရစ်ပေဦးတော့……စစ်ကိုင်းတောင်’ ဟု စစ်ကိုင်းတောင်ကို နှုတ်ဆက်မိသည်။
ထိုအခိုက် မိမိတို့ စီနင်းလာသည့် ကားကလေးသည် ပုံမှန်ပြေးနေရာမှ အရှိန်ရှော့လိုက်သည်။
“ဘာဖြစ်တာပါလိမ့်”အတွေးနှင့်အတူ ရှေ့သို့ မျှော်ကြည့်မိသည်။
“ ဘုရား….ဘုရား….” ရှေ့မှာ ဒုက္ခသည်တစ်ဦး…..။
ထိုသူသည် ခြေပါ၏၊ သို့သော် ရပ်၍ရဟန် မတူ။ လက်လည်းပါပါ၏။ သို့သော် လုပ်ကိုင်စားသောက်နိုင် ဟန် မတူ။ သူ့အတွက် ယင်း ခြေလက်တို့က ၀န်တစ်ခုပမာ။ ကတ္တရာလမ်းပေါ်တွင် လက်ကိုအားပြု၍ တင်ပါးကို ဒရွတ်တိုက်ဆွဲကာ သွားနေရရှာ၏။ မည်သည့်နေရာသို့ သွားမည် မသိ၊ သိသည်ဆိုပါဦး… ထိုအရပ်ကို မည်သည့် အချိန်မှ ရောက်မည်မသိ။ သနားစရာကောင်းလှပါဘိ…။ ကရုဏာလည်းသက် မိပါ၏။ သြော် ကံဆိုးလိုက်တဲ့ သူပါလား။
ကံကြမ္မာ လေမုန်တိုင်းကြောင့် လောကဓံရေလှိုင်းတို့သည် နိမ့်ချီ မြင့်ချီဖြင့် ဗလောင်းဗလံ ဆန်လှချေ၏။ မာန်ကင်းတလှည့် ထင်းတလှည့်ဖြင့် လောကလူသားတွေ ကိုလှည့်ပတ်စေ၏။
ထိုအနိဋ္ဌာရုံမြင်ကွင်းကြောင့် ကြည်နူးဖွယ်အာရုံများ မိမိရင်တွင်းမှ မည်သည့်နေရာသို့ ပုန်းရှောင် ထွက်ပြေးသွားကုန်သည်မသိ ရင်းတွင်းမှပျောက်ကွယ်သွားကုန်၏။
“ ဟော့……ရှေ့တွင် အဖြူရောင် ကားကလေးတစ်စီး။
ဘာကြောင့်ရပ်ထားတာပါလိမ့်” အတွေးဖြင့် စူးစမ်းကြည့်နေမိသည်။ အသက်အရွယ် သုံးဆယ့်ငါးခန့် ရှိမည်ဖြစ်သည့် အမျိုးသမီးနှစ်ဦး ကားထဲမှ ထွက်လာကြသည်။ သူတို့မျက်နှာတွင် ကရုဏာရောင်များ တလက်လက်တောက်နေသည်။ လက်ထဲတွင်လည်း တစ်စုံတစ်ခုကို ကိုင်ထားကြလေသည်။ “ ဘာလုပ် ကြမှာပါလိမ့်”
သူတို့၏ ခြေလှမ်းတို့သည် တက်ကြွနေကြသည်၊ သို့သော် မာန်မာနမပါကြ။ မျက်နှာများကမူ အနည်းငယ်ညှိုးငယ်နေကြသည်၊ သို့သော် သောကရောင်မသန်း ကရုဏာရောင်လွှမ်းထား၏။
သူတို့သည် လက်ကိုအားကိုပြုလျက် တင်ပါးကိုဒရွတ်တိုက်သွားနေသည့် ဒုက္ခိတသည်ထံသို့ ဦးတည်သွားနေကြသည်။ ထိုအမျိုးသမီး နှစ်ဦးသည် လက်ထဲတွင် ပါလာသော ပိုက်ဆံအိပ်ကို ဖွင့်၍ အလှူဒါနပြုနေသည်။ မည်ရွေ့မည်မျှဟူ၍ မသိပါ။ မည်သို့ဆိုစေ ငွေကိုရေတွက်၍ ရကောင်းရမည် သူတို့၏ ရင်တွင် စေတနာအင်အားကိုကား မည်သူရေတွက်နိုင်မည်နည်း။
“လက်ညှိုးညွှန်ရာ စေစားနိုင်တဲ့ ရှင်ဘုရင်ကြီးပဲ ဖြစ်ဖြစ်၊ သုံးမကုန် ဖြုန်းမကုန်နိုင်အောင် ကြွယ်ဝ ချမ်းသာတဲ့ မဟာသူဌေးကြီးပဲဖြစ်ဖြစ်၊ အရာရာကို သိစွမ်းနိုင်တဲ့ မဟာပညာကျော်ကြီးပဲ ဖြစ်ဖြစ် လူသား ကောင်းကျိုးကို မသယ်ပိုးသေးသရွေ့ ဘုရားရှေ့မှာတော့ သုညပဲ” တဲ့။ သူတို့ သုညမဟုတ်တော့ဟု အတွေးထဲတွင် မှတ်ချက်ချနေမိသည်။
သူများကောင်းကျိုး သယ်ပိုးရတာလောက် ပျော်စရာကောင်းတာ မရှိတော့ဘူး၊ လို့ သူတို့တွေးထား ပုံရသည်။ သူတို့သည် လှူဒါန်းပြီးနောက် တက်ကြွလန်းဆန်းစွာပင် ကားထဲသို့ဝင်ကာ ခရီးဆက်သွား ကြတော့သည်။
ဤမြင်ကွင်းကြောင့် မိမိကိုယ်တွင် မွေးညင်းများ ရွှင်လန်းသည်အထိ ကြည်နူးဝမ်းသာမိပါ၏။ နှလုံးသားပီတိလှိုင်းများလည်း အိခနဲညိမ့်ခနဲ ရိုက်ခတ်နေကြလေပြီ။ မိမိနုပ်မှလည်း သာဓု သာဓု သာဓုဟု အားရစွာကောင်းချီးပေးနေမိ၏။
မြို့ပတ်လမ်း၏ ရှုခင်းအလှကြောင့် ကြည်နူးသည့်စိတ်တို့ကို စေတနာရှင်အမျိုးသမီးနှစ်ဦး၏ အလှမြင်ကွင်းကြောင့် ဖြစ်ပေါ်လာသည့် ကြည်နူးမှုများက လွှမ်းခြုံသွားလေတော့သည်။ မိမိတစ်ကိုယ်လုံး ဧမြသွားတော့သည်။
ရယူခြင်းထက် ပေးဆပ်ခြင်းမှာ မွေ့လျော်သွားကြသည့် သူတော်စင်တို့ရှိသည့် အရပ်ဒေသသည် မည်မျှပျော်မွေ့ဖွယ်ကောင်းပါလိမ့်မည်နည်း...ထိုအရပ်ကိုပင် တံ ဘူမိရာမဏေယျကံဟုများ- ဟောတော်မူခဲ့လေသလားဟုပင် တွေးတောမိသည်။
သြော်……ပေးဆပ်ခြင်းအလှတရားကား အလှအားလုံးကို လွှမ်းဖုံးနိုင်ပါတကား….။
ကြည်နူးစရာရှုမြင်ကွင်း အလှတရားတို့သည် ကာလတွေ ၀ါးစားသဖြင့် အတိတ်ဆိုသော နေရာ၌ ကွယ်ပျောက်လေကုန်ပြီ။
သို့သော်…….. မိမိနှလုံးသားဝယ် သိမ်းဆည်းထားသည့် ထိုအလှပုံရိပ်တို့ကား ယခုတိုင် ထင်ရှားနေဆဲ။ ပေးဆပ်ခြင်း အလှတရားကား စွမ်းအားကြီးမား လှပေစွတကား……။
