(မဟာဂန္ဓာရုံကျောင်းတိုက်၊ သံဃာတော်များ ဆွမ်းအလှူခံ ကြွနေစဉ်)
(၁) လောဘ= လိုချင်တပ်မက်ခြင်း၊ လက်ရှိအဆင့်၊ လက်ရှိဘ၀ကို မစွန့်လွတ်နိုင်ခြင်း၊ ထို့ထက်သာလွန်ရန် မျှော်လင့်ခြင်း၊ အမြဲတမ်း လိုနေခြင်း၊ ငတ်ခြင်း၊ ငမ်းခြင်း၊ ထင်စားခြင်း။
(၂) ဒေါသ= စိတ်ဆိုးခြင်း၊ စိတ်ပျက် စိတ်ညစ်ခြင်း၊ မိမိအလိုမကျသမျှကို ပျက်စီးသွားစေလိုခြင်း၊ အနိုင်ကျင့်လိုခြင်း၊ ရန်လိုခြင်း၊ အငြိုးထားခြင်း၊ တေးခြင်း၊ ကြောက်လန့်ခြင်း၊ စိုးရိမ်မူပန်ခြင်း၊ ကျီးလန့်စာစားနေရခြင်း။
(၃) မောဟ= မည့်သည့်အရာကိုမျှ အမှန်အကန် မမြင်ခြင်း၊ အမှန်ကို အမှား အမှားကို အမှန်ထင်ခြင်း၊ အမြင်ကန်းခြင်း၊ မှောက်မှားခြင်း၊ မိုက်မဲခြင်း၊ အသိဉာဏ် မှောင်ကျခြင်း။
(၄) မာန= ထောင်လွှားခြင်း၊ ပြိုင်ဆိုင်တုပခြင်း၊ အထင်ကြီးခြင်း၊ အထင်သေးခြင်း၊ အဖက်မလုပ်ခြင်း၊ မကျိုးနွံခြင်း၊ အာခံခြင်း၊ ခြေရာတိုင်းခြင်း၊ ထောင့်မကျိုးခြင်း၊ လူစွာလုပ်ခြင်း။
(၅) ဒိဋ္ဌိ= လွဲလွဲမှားမှား ယုံကြည်ယူဆခြင်း၊ တစ်လွဲအယူသည်းခြင်း၊ အထင်မှားခြင်း၊ အမှားကို အမှန်ဟု ဆုပ်ကိုင်ထားခြင်း၊ တစ်ယူသန်ဆုံးဖြတ်ခြင်း။
(၆) ၀ိစိကိစ္ဆာ= သို့လောသို့လော ရှိခြင်း၊ မဝေခွဲနိုင်ခြင်း၊ ချီတုံချတုံ ရှိခြင်း၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချနိုင်ခြင်၊ မထွေးနိုင် မမျိုနိုင် မတင်မကျ ရှိနေခြင်း။
(၇) ထိန= စိတ်တွေ ထုံထိုင်းခြင်း၊ လေးလံ ဆုတ်ဆိုင်းခြင်း၊ လေးနက်ထက်သန်မှု မရှိခြင်း၊ (သေလောက်သည့် ကိစ္စ ဖြစ်စေကာမူ အရေးကြီးမှန်း မသိဘဲ) ထုန်ပေပေ ပျင်းတွဲတွဲ ဒရီးဒရွတ်နေခြင်း၊ ပေါ့ပျက်လျော့ရဲခြင်း။
(၈) ဥဒ္ဓစ္စ= စိတ်ဓာတ်အင်အား ပြိုကွဲပျံ့လွင့်ခြင်း၊ ကစဉ်ကရဲ ဖြစ်ခြင်း၊ ဘာတစ်ခုမှ ထိထိမိမိ မလုပ်နိုင်ခြင်း၊ အသိဉာဏ် မဆည်နိုင်ခြင်း၊ လိုရင်းကို ဖမ်းမမိဘဲ အသိဉာဏ် တပ်ပျက်ခြင်း၊ မရေမရာ ယောင်ချာချာဖြစ်ခြင်း၊ (ပြာပုံကို တုတ်နှင့် ရိုက်သကဲ့သို့ ရှိ၏။)
(၉) အဟိရိက= မဟုတ်တာမှန်သမျှ မတွန့်မဆုတ် လုပ်ရဲခြင်း၊ အရှက်မရှိ အရွံမရှိ မကောင်းမှုကို မြိန်ရည်ရှက်ရေည် လုပ်ရဲခြင်း၊ (၀က်မစင်စားသကဲ့သို့ ရှိ၏။)
(၁၀) အနောတ္တပ္ပ= မဟုတ်တာမှန်သမျှလုပ်ရန် မကြောက်လန့်ခြင်း၊ ကြောက်ရကောင်းမှန်း မသိ၊ မကောင်းမှုကို လက်ရက်ဇက်ရဲ ကျူးလွန်ခြင်း၊ ဘာကိုမှ မငဲ့မထောက် မကြောက်တော့ဘဲ (မီးလျှံကို တိုးသော ပိုးကဲ့သို့) ဇွတ်တိုးခြင်း။
♣♣ ယင်းအောက်ဆွဲတရားများ ရှိလျှင် ရှိသလောက် လူသည် အောက်တန်းကျ၏၊ အသိဉာဏ်ခေါင်းပါး၏၊ ခက်ထန်ကြမ်းကြုတ်၏၊ ရိုင်းစိုင်း၏။ ယောက်ယက်ခတ်၏။ လျှပ်ပေါ်လော်လည်၏။ စီးပွားဥစ္စာချမ်းသာစေကာမူ ဆင်းရဲနေရ၏။ ရေပွက်လှိုင်းများကဲ့သို့ ကိလေသာတစ်ခုဖြစ်လျှင် ကျန်ကိလေသာများပါ လှိုင်းပွက်ဂယက်ထကုန်၏။ ကူးစက်ပြန့်ပွားကုန်၏။ ဆင်းရဲသံသရာ စက်ဝန်းကြီး လည်ပတ်မဆုံးတော့ချေ။
(ဓမ္မာစရိယဦးဌေးလှိုင်၏ ရတနာသုံးပါးကျေးဇူးမှ တင်ပြသည်။)