Wednesday, June 13, 2012

လူနပ်ချမ်းသာခေတ်

အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ- သူ့ဥစ္စာလဲ မခိုးဝှက်ပဲ အမြဲရှောင်ကြဉ်မည်။-တဲ့။
ယဉ်ကျေးလိမ္မာ သင်တန်းက ကလေးငယ်များရဲ့ အသံက ၀န်းကျင်တစ်ခုလုံး ညံနေပါတယ်။
အဲဒီပဲ့တင်သံကြောင့်လား မပြောတတ်ပါ ဘယ်နေရာကနေ ထုတ်လွင့်နေတာမှန်းမသိ အတိတ်က အဖြစ်အပျက်ကလေးတစ်ခုက နှလုံးသားထဲမှာ ပီပြင်လာပါတော့တယ်။

အဖြစ်အပျက်က ဒီလို……….
တစ်နေ့သောအခါကပေါ့။

ငယ်ဆရာ ကျောင်းဆရာ ဦးညွန့်ဝင်း မျက်နှာလေး ညှိုးငယ်စွာနဲ့ ကျောင်းရောက်လာတယ်။
ဆရာကို မြင်တော့ အားရပါးရနဲ့ နှုတ်ဆက်လိုက်မိပါတယ်။

ဆရာက “ဦးဇင်းရာ တပည့်တော် ခါးပိုက်နှိုက်ခံလိုက်ရတယ် ၆-သိန်းပါသွားတယ် တဲ့
နေပြည်တော်ကအနေအပြန် မန္တလေးရောက်လို့ လိုင်းကားစီးရင်း အနှိုက်ခံလိုက်ရတာ
တပည့်တော်အထင် ဈေးချိုနဲ့ ၃၅-လမ်းကြားလောက်မှာပဲ ထင်တယ်။
တပည့်တော်ပိုက်ဆံလည်း မဟုတ်ဘူးဘုရား..။

ရွာကကျောင်းကလေးကို အလယ်တန်းကျောင်းကနေ အထက်တန်းဖြစ်အောင်လုပ်နေတာ
ခု ပညာရေးမှူးကို ကန်တော့ဖို့ ပိုက်ဆံတွေ အကုန်ပါသွားပြီဘုရား..”တဲ့။

စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့…
လုပ်ရက်လိုက်ကြတာကွာ လို့ စိတ်ထဲ မကျေနပ်ရုံကလွဲလို့ ဘာမျှမတတ်နိုင်တော့…
ခုလို ခရီးသွားရင်း ခါးပိုက်နှိက်ခံရတဲ့အကြောင်းများ မကြာခဏဆိုသလို ကြားနေရတာ တိုင်းပြည်အတွက် စိတ်ပျက်စရာကောင်းလိုက်ပါဘိ။

မရိုးသားတဲ့ ပြည့်စုံမှုဟာ ချမ်းသာတယ်လို့ ထင်နေကြသလား မပြောတတ်။
ချမ်းသာပါတယ်လို့ ပြောရင်လဲ အဲဒီချမ်းသာဟာ မချိသွားဖြဲသဘောပဲ ဖြစ်မှာပါ..။

မရှိဆင်းရဲသား ရွာသူရွာသားတွေဆီက ကျေးခွဲလာခဲ့ရတဲ့ ပိုက်ဆံတွေပါ..။
တောရွာတွေမှာ ပိုက်ဆံ ၆-သိန်းဆိုတာ လွယ်တာမဟုတ်ဘူးလေ..။
ရွာရောက်ရင် ရွာသူရွာသားတွေ ဆရာ့ကို အမြင်မျိုးစုံနဲ့ မြင်နေကြတော့မယ်
တချို့က နားလည်နိုင်ပေမယ့် တစ်ချို့က အပြစ်တင်နေကြမှာ သေချာတယ်။
ရပ်ရွာလူတွေကလဲ အသိအမြင် သိပ်မှ မကျယ်ပဲကိုးဗျ...။ အသိအမြင်မကျယ်တာလဲ မပြောနဲ့လေ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အရပ်ဒေသလေ။

ရွာကလေးကို အသိအမြင်တွေ ကျယ်ပြန့် တိုးတက်အောင် ကြိုးပမ်းနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းပါ..။
ဦးဇင်းတို့ ဆရာအရင်းပါ..။ ဆရာက အဲဒီအရပ်သားတော့မဟုတ်ဘူး ယင်းမာပင်ဘက်ကဗျ..
ဦးဇင်းတို့ ငယ်ငယ်ကတည်းက လေးစားရတဲ့ ဆရာပါ..
ခုတော့ အမြင်မကျယ်သေးတဲ့ တောနယ်လေးမှာ မျက်လုံးတွေ ဖွင့်ပေးနေရင်း
ခုလို လူမဆန်သူ တနပ်စားသမား ခါးပိုက်နှိုက်သမားတွေရဲ့ ဒဏ်ကို ဆရာခံလိုက်ရတာ
ဦးဇင်းရင်ထဲမှာ အောက်သက်သက်ဝေဒနာခံစားရသည်အထိ ခံစားမိတယ်..။

ဟိုတုန်းက မြန်မာနိုင်ငံကို (သူခိုးမရှိသောနိုင်ငံ)လို့ တင်စားခဲ့ဖူးတယ်။
ဆရာကြီး ဦးဘခင်တို့ လက်ထက်ကပေါ့..။ အဲဒီခေတ်ကို လွမ်းဆွတ်မိလို့ ခုခေတ်လူတွေ ပြန်ပြောပြရင် ရယ်နေကြတော့တယ်...

အင်း… ရယ်မယ်ဆိုလဲ ရယ်စရာပါပဲလေ... ခုခေတ်က
လူနပ်ချမ်းသာခေတ်တဲ့.. သြော် လူနတ်ချမ်းသာမဟုတ်ဘူးနော် လူနပ်ချမ်းသာ။ (တသတ်မဟုတ် ပသတ်နဲ့ လူနပ်ချမ်းသာ)
လူနပ်ချမ်းသာခေတ်တဲ့...နော်..စဉ်းစားရင်း လောကကြီးခေတ္တမေ့နေမိတယ်။

ကောင်းဆိုးနှစ်တန်၊ ကံတရားနှင့်၊ သုံးပါးရတနာ ယုံလျှင်လေ။
ဆိုးကံပြုရန်၊ ရှက်ကြောက်များလို့၊ သီလတရား လုံခြုံပေ။
သီလလုံလျှင်၊ ကြည်ရွှင်လန်းလို့၊ ၀မ်းသာအားရ နှစ်သိမ့်ပေ…………..။
ယဉ်ကျေးလိမ္မာကလေးငယ်များရဲ့ ကဗျာရွတ်အသံတွေက ၀န်းကျင်မှာဆက်လက် ပြန့်လွင့်နေဆဲ...။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ