လောကကြီးထဲမှာ ရှိနေကြသည့် လူသားတွေ အပူတွေနဲ့ ပူနေကြတယ်။
တစ်ချို့က သားအတွက်ပူ၊ တစ်ချို့သမီးအတွက်ပူ၊ သားသမီးတွေ မပူရသူတစ်ချို့ကြပြန်တော့ စီးပွားရေး အပူ၊ စီးပွားရေး ပြည့်စုံသူတွေက အိမ်ထောင်ရေးအပူ၊
လူငယ်တစ်ချို့က အချစ်အတွက်ပူစတဲ့ အပူတွေအဟတ်ခံနေရလို့ …
တစ်ချို့ဆို ဟန်ပြုံးကလေးတောင် မပြုံးနိုင်ကြဘူးလေ..။
အပူတွေ ဟတ်ခံနေရလို့ မျက်နှာတွေ မအေးချမ်းပဲ ညှိုးနွမ်းနေကြတယ်…။
လောကမှာ မပူရှိရင် အအေးဆိုရှိတာ သဘာဝပါပဲ..။
အပူကို ငြိမ်းအေးစေချင်ရင် အအေးဓာတ်ပေးရတာလဲ သဘာဝပါ။
ပူကျက်နေတဲ့ ကော်ဖီတစ်ခွက်ကို ပါးစပ်လေကလေးနဲ့ မှုတ်လိုက်ရင်ပဲ အပူသက်သာလို့
သောက်ရတဲ့ အဆင့်ကို ရောက်သွားတာကိုကြည့်ပေါ့…။
အခုအပူတွေက ကော်ဖီပူတွေတော့ မဟုတ်ဘူးပေါ့လော..။ ဒါပေမယ့် အပူသက်သာအောင်တော့
လေအေးအေးလေးနဲ့ မှုတ်ဖို့တော့ လိုပါတယ်။
ကဲဗျာ စကားတွေ အရှည်ကြီး ပြောမနေတော့ပါဘူး…။ ဒီနည်းလေးကို လက်တွေ့သုံးကြည့်ပါ။
အပူသက်သာပါလိမ့်မယ်..။
အင်း ဒီနည်းလေးက ဦးဇင်းရဲ့ ဆရာဘုန်းကြီးတစ်ပါးက ညွှန်ကြားခဲ့တာပါ။
“ ငါ လက်တွေ့သုံးကြည့်တာ တကယ်ဟုတ်တယ်၊
ဟိုအပူ ဒီအပူလေးတွေနဲ့တွေ့ရင် ဒီနည်းလေးကို
စူးစူးစိုက်စိုက်လုပ်ကြည့်တော့ ငြိမ်းအေးသွားတာ လက်တွေ့ပဲ” တဲ့
ဆရာဘုန်းကြီးက မိန့်တော်မူခဲ့တာပါ။
“ လောကထဲနေသ၍ အပူနဲ့ မကင်းသေးဘူး…။
မင်းလဲ အပူနဲ့ တွေ့တဲ့အခါ ဒီနည်းလေး သုံးကြည့်၊ ရွတ်ကြည့်ပါ….” တဲ့
`ဣတိပိသော ဘဂ၀ါ လောက၀ိဒူ”
ဆရာဘုန်းကြီးက ထပ်ပြီးရှင်းပြပါတယ်။
“ဣ-တိ-ပိ-သော-ဘ-ဂ-၀ါ-လော-က-၀ိ-ဒူ….ဆိုတော့ ဘယ်နှစ်လုံးရှိသလဲ?”
“(၁၁)လုံးပါ အရှင်ဘုရား”
“အေး..လူတွေမှာလဲ မီး (၁၁)မီး လောင်နေကြတာလေ..၊ အဲဒီမီး (၁၁)မီးကို
ဒီဂုဏ်တော်ရေနဲ့ ဖြန်းပက်ပြီး ငြိမ်းအေးစေတဲ့ သဘောကွဲ့”
“ မှန်ပါအရှင်ဘုရား တပည့်တော် လိုက်နာပါ့မယ်ဘုရား “
“ အဲဒါကို စူးစူးစိုက်စိုက်သာ ဘုရားအာရုံပြုပြီ (၁၁)ခေါက်လောက် ဖြေးဖြေးမှန်မှန်လေး
ရွတ်ကြည့်ပါ တကယ် အပူတွေငြိမ်းချမ်းသွားတာ..ငါတော့ လက်တွေ့ဘဲ ”
“ ဒီနည်း ဘယ်ကရပါသလဲ ဘုရား” လို့ လျှောက်ထားတော့ --
စာရေးဆရာ ဒါရိုက်တာ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဦးသုမောင်ရဲ့
နမောတဿ အမွှန်းနှင့် အခြေခံဗုဒ္ဓယဉ်ကျေးမှု ဆောင်းပါးများ….စာအုပ်ကလေးထုတ်ပြပါတယ်။
အချိန်မကုန် ငွေမကုန် လူမပမ်းပဲ သည်နည်းလမ်းလေးကို ကိုယ့်အပူဖြစ်စေ၊
သူတစ်ပါးတွေရဲ့ အပူဖြစ်စေ၊ ဘာအပူဖြစ်ဖြစ်
ကြုံတွေ့လာရင် ယုံကြည်စွာနဲ့ သုံးဖြစ်အောင်သုံးကြည့်လိုက်ပါလို့
စေတနာကောင်းနဲ့ လမ်းညွှန်ပေးလိုက်ပါတယ်…။
“ဣတိပိသော ဘဂ၀ါ လောက၀ိဒူ” တဲ့…။
လွယ်တယ်ဆိုပြီးတော့ အထင်မသေးပါနှင့် ဗုဒ္ဓ၏ တရားတော်များသည်
အစိန္တေယျ (အကြံစည်နိုင်သည့်) စွမ်းအင်များရှိသည်ကို ယုံကြည့်ပါ…။
အစိန္တေယျဖြစ်သော ဘုရားရှင်နှင့် ဘုရားရှင်၏တရားတော်မြတ်တို့၌ ကြည်ညိုကုန်သော
သူတို့အား အကျိုးကျေးဇူး စွမ်းအင်သတ္တိထူးသည် ဤရွေ့ဤမျှသာဟု စိတ်ကူးကြံဆ၍
ကုန်စင်အောင် ပြောနိုင်သော အရာမဟုတ်ပေ…ဟု (အပ.၁၊ ၇) ၌
မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူထားသည်။ ယုံကြည်စွာ သုံးကြည့်လိုက်ပါ….။
အားလုံးအပူကင်းဝေးကြပါစေ…။