Wednesday, June 13, 2012

အမုန်းသံယောဇဉ်ရဲ့ရလာဒ်

လူတွေက သံယောဇဉ်ဆိုရင် ချစ်ခင်မှုကိုသာ အသိများနေကြတယ်လေ..။ ခုခေါင်းစဉ်ကို ကြည့်ပြီး ဘယ်လိုကြီးပါလိမ့်လို့ တွေးမိချင်တွေမိမှာပါ။
တကယ်တော့ သံယောဇဉ်က (၁၀)မျိုးတောင်ရှိတာမဟုတ်လား၊ သံယောဇဉ်ကြိုးလို့ ခေါ်ဝေါ်ရိုးရှိတဲ့အတိုင်း ကြိုးနဲ့ ချည်နှောင်ထားသလို အဲဒီသံယောဇဉ်က သူကို လက်ခံထားသူတွေကို သံသရာဝဋ်ဆဲရဲက မလွတ်ရအောင် ချည်နှောင်ထားတတ်လို့ သံယောဇဉ်လို့ ခေါ်တာပါ။

သံယောဇဉ်(၁၀)မျိုးထဲမှာ ပဋိဃသံယောဇဉ်ဆိုတာ ပါပါတယ်၊ အမုန်းသံယောဇဉ်လို့ခေါ်ရမှာပေါ့၊
လူတွေက သူ့ကို သံယောဇဉ်လို့ မထင်ကြဘူးလေ။

ကိုယ်မုန်းတဲ့သူဆို “ သံယောဇဉ်ကို မရှိဘူး” ဆိုပြီး ပြောတတ်ကြပြန်တယ်။
အဲဒီမုန်းစိတ်ဟာလဲ သံယောဇဉ်ပါပဲ။ မုန်းစိတ်ကလေးကို ကိုယ့်နှလုံးသားထဲမှာ လက်ခံထားသမျှ ရှိနေသမျှ မုန်းစရာအာရုံကို ခဏခဏ သတိရနေတယ်။ အဲဒီအခါ သူမလွတ်လပ်တော့ဘူး ပဋိဃ(ဒေါသ၊ ဗျာပါဒ)ဆိုတဲ့ သံယောဇဉ် ကြိုးလေး အချည်ခံနေရပြီ။

ချစ်တဲ့သူကို သတိရသလို မုန်းတဲ့သူကိုလဲ သတိရတာပါပဲ၊ အဲဒါကို ပဋိဃသံယောဇဉ်၊ အမုန်းသံယောဇဉ်လို့ ခေါ်ပါတယ်။ အဲဒီအမုန်း သံယောဇဉ်နဲ့ ဖွဲ့ချည်ထားတဲ့စိတ်ဟာ လွတ်လပ်မှုကို မပိုင်ဆိုင်သလို ဘ၀ပါပျက်စီးအောင် ဖျက်ဆီးဖြစ်နိုင်သေးတယ်။

ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးက တွေးတော့စရာကောင်းလို့ တင်ပြလိုက်ပါတယ်.။
တစ်ခါက….တစ်နှစ်မှာ (၁၀)လလောက် ရေခဲနေတတ်တဲ့ ဒေသက တောမကျ မြို့မကျ ရွာလေးတစ်ရွာမှာပေါ့။ ဆောင်းတွင်းရောက်လာတယ်။ နှင်းတွေကလည်း ကျလိုက်တာ။ ရေခဲမှတ်အောက်ကို အနုတ်(၁၀)ဒီဂရီလောက်အထိ ရောက်နေပြီ။ ဒီဒေသဟာ သုံးနှစ်ကို တစ်ကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခတ်တတ်တယ်။ နှင်းမုန်းတိုင်းတွေ ကျပြီဆိုရင် ရေခဲတောင်တွေ ပြိုတယ်။ အိုးအိမ်တွေ ပျက်စီးတယ်။


ဒါကြောင့် ဒီဒေသကလူတွေဟာ နှင်းမုန်တိုင်းကျပြီ ဆိုရင် သူတို့ဝတ်နေကျ လောင်းကုတ်အင်္ကျီအရှည်းကြီးကို ၀တ်တယ်။ အဲဒီအင်္ကျီအရှည်ကြီးထဲမှာ ထင်းရှုးဆီအခဲ တစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ်၊ ထင်းသုံးလေးငါးးချောင်းရယ်၊ အသားခြောက် (၅၀)ကျပ်သားလောက်ရယ် ထည့်ပြီး နီးစပ်ရာ တောထဲက ဂူတွေထဲမှာ နှင်းမုန်တိုင်း ခိုကြရတယ်။ နှင်းမုန်တိုင်းကလည်း တစ်ရက်နှစ်ရက်လောက်သာ တိုက်ခတ်တတ်တယ်။
ဒီလိုနဲ့….
ဆောင်းတစ်ညမှာ နှင်းမုန်တိုင်းတွေ ရုတ်ခြည်းဆိုသလို ကျလာပါတော့တယ်။ အဲဒီရွာကလေးထဲက လူတွေဟာ ကျောက်ဂူတွေရှိရာဆီကို ပြေကြတယ်။ မုန်တိုင်းခိုကြတယ်။
လူ(၆)ယောက်ဟာ မှောင်မည်းနေတဲ့ ကျောက်ဂူကြီးတစ်ခုတည်းကို ရောက်သွားကြတယ်။

လူတစ်ယောက်ဟာ ကိုယ့်ဆီမှာ ပါတဲ့ မီးခြစ်နဲ့ ထင်းရှုးဆီကို သုံးပြီး မီးဖိုလိုက်တယ်။ အသားခြောက်ကို ကင်လိုက်တယ်။ မီးဖိုရဲ့ဘေးမှာ အသားခြောက်ကိုစားပြီး လောင်းကုတ်ကြီးကို ခေါင်းမှာခြုံလို့ အိပ်ငိုက်နေပါတော့တယ်။ အဲဒီလူ ဖိုထားတဲ့ မီးပုံကိုလည်း မြင်ရော ကျန်တဲ့လူတွေဟာ မီးရောင်ရှိရာကို ရောက်လာကြတယ်။ ထင်းတွေထည့်လိုက်တယ်။ အသားခြောက်ကို ကင်လိုက်တယ်။ စားကြတယ်။ ပြီးတော့ မီးဖိုဘေးမှာပဲ အိပ်ငိုက်နေကြတယ်။

နှင်းမုန်တိုင်းဒဏ်က လွတ်အောင် ပြေးလာကြရတာဆိုတော့ တစ်ယောက်ကို တစ်ယောက် မကြည့် အားကြဘူး။ မောမောပန်းပန်းနဲ့ မီးဖိုထဲကို ထင်းတစ်ချောင်းစီထည့်ပြီး နှင်းမုန်တိုင်းအစဲကို စောင့်နေကြ တယ်။

ဆောင်းကလည်း အေးလိုက်တာ။ အရိုးကွဲမတတ်ပဲ။ အပြင်မှာလည်း မုန်တိုင်းသံတွေက ဆူညံလို့၊ ထင်းထည့်ထားတဲ့ မီးဖိုဟာ တဖြည်းဖြည်းနဲ့ မီးအားနည်းလာတယ်။ မီးညွန့်ကလေးဟာ တုန်တုန်ယင်ယင်နဲ့ အားပျော့သွားတယ်။ မီးဖိုထဲကို ထင်းထပ်ထည့်ဖို့ လိုလာပြီ။

သိပ်အေးတော့ လူတစ်ယောက်က နိုးလာတယ်။ လောင်ကုတ်အင်္ကျီ အရှည်ကြီးထဲကို နှိုက်လိုက်တယ်။ ထင်းတစ်ချောင်းထည့်တော့မယ်ပေါ့။ အဲဒီအချိန်မှာ သူနဲ့ မျက်နှာချင်းဆိုင် လူတစ်ယောက်ကလည်း သူ့လိုပဲ သိပ်အေးတော့ နိုးလာတာပေါ့။

မီးဖိုရဲ့ မီးရောင်ပျပျအောက်မှာ တစ်ယောက်မျက်နှာကို တစ်ယောက် မြင်လိုက်ရတယ်။
တစ်ယောက်က သူတို့ရွာမှာ လူတိုင်းကို ငွေတိုးချေးစာတဲ့ စီးပွားရေးသမား၊ ပိုက်ဆံရှိ သူဌေး။ တစ်ယောက်က သူ့ထံမှာ မြေပေါင် အိမ်ပေါင်ပြီး မြေဆုံး အိမ်ဆုံးထားတဲ့လူ၊ ငွေမရှိတဲ့ သူဆင်းရဲသား။

ငွေတိုးချေးစားတဲ့ စီးပွားရေးသမားက စိတ်ထဲမှာ ဒီလိုတွေးလိုက်တယ်။ “ ဟင်း….ဒီဆင်းရဲသား အစုတ်ပလုပ်နဲ့ ဒီမီးဖိုဘေးမှာ အတူလာပြီး နေရတယ်လို့ကွာ…။ တောက်….ငါ့နှယ်။ ဒီကောင့် မျက်နှာကြည့်ရတာ ကျက်သရေ ယုတ်လိုက်တာ။ တော်ပြီ။ ငါ့ထဲက ထင်းကို မီးဖိုထဲ မထည့်တော့ဘူး။ ငါ ထင်းထည့်လိုက်ရင် ဒီကောင် နွေးထွေးသွားမှာ။ တော်ပြီ ထင်းမထည့်တော့ဘူး…။ အဲဒီလို ဆုံးဖြတ်ပြီးရော မီးဖိုကို ကျောပေးလိုက်တယ်။

မြေဆုံး အိမ်ဆုံးထားတဲ့ သူကလည်း စိတ်ထဲမှာ ဒီလိုပြောနေတယ်။ “ ဒီလိုအမြတ်ကြီးစားတဲ့ အတ္တသမားနဲ့ မီးတစ်ဖိုတည်းမှာ အတူလာပြီး မီးလှုံရတာ ငါ့နှယ် ကံဆိုးလိုက်တာ။ ငါတို့ ဘိုးဘွားတွေ ပိုင်ခဲ့တဲ့ မြေနဲ့ အိမ်ကို အတိုးတွေ မတရားယူပြီး သိမ်းထားတဲ့ အကောင်။ ငါဒီမီးဖိုထဲကို ထင်းထည့်လိုက်ရင်…….။ တော်ပြီ ငါအိတ်ထဲက ထင်းကို မီးဖိုထဲ မထည့်တော့ဘူး” လို့ တွေးပြီး မီးဖိုကို ကျောပေးနေလိုက်တယ်။

ဒီလိုနဲ့…..နောက်ထပ်လူတစ်ယောက်နိုးလာပြန်တယ်။ ဆောင်းက တအားအေးတာကိုး။ ထင်းထည့် မယ်လို့ အလုပ်။ သူ့မျက်နှာချင်းဆိုင်က လူလည်း သူ့လိုပဲ နိုးလာတယ်။ တစ်ယောက်က အလုပ်ရှင်။ တစ်ယောက်က အလုပ်သမား။

အလုပ်ရှင်က တွေးတယ်။ “အလကား…အလုပ်မလုပ်ဘဲ ငွေတွေကို အလကား လိုချင်နေတဲ့အကောင်နဲ့မှ မီးတစ်ဖိုထဲမှာ အတူတူ ရှိနေရတယ်လို့ကွာ”
အလုပ်သမားကလည်း တွေးတယ်။ “ ငါတို့ လုပ်အားတွေကို ခေါင်းပုံဖြတ်ပြီး ကြီးပွားနေတဲ့ အကောင်နဲ့ ဒီနေရာမှာ လာပြီးဆုံရတယ်လို့။ တော်ပြီ…ငါ့အိပ်ထဲက ထင်းကို မီးဖိုထဲ မထည့်တော့ဘူ”။ နှစ်ယောက်စလုံးဟာ မီးဖိုကို ကျောပေးလိုက်ကြတယ်။ ဆက်ပြီး အိပ်ငိုက်နေတော့တယ်။

မီးဖိုထဲမှာ မီးကနည်းသထက် နည်းလာပြီ။ အပြင်မှာလည်း နှင်းမုန်တိုင်းတွေက တ၀ုန်းဝုန်းနဲ့။ အေးလိုက်တာလည်း လွန်ရော။ အဲဒီအချိန်မှာ ကျန်လူနှစ်ယောက် နိုးလာတယ်။ ထင်းထည့်မယ်လို့ လုပ်တယ်။ မီးရောင်မှိန်မှိန်အောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် မြင်လိုက်ရပြန်တယ်။

 နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာ ဒီလိုတွေးမိကြတယ်။ “ ငါ့နှယ်နော်…ဒီလို ဘာသာမတူတဲ့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ သူနဲ့မှ မျက်နှာချင်းဆိုင် လာတွေ့ရတယ်လို့”။ သူတို့နှစ်ယောက်ဟာ ကိုးကွယ်ယုံကြည်မှုချင်း မတူကြဘူး။ ကိုယ့်အိတ်ထဲမှာပါတဲ့ ထင်းတွေကို ပြန်ပြီးသိမ်းလိုက်ကြတယ်။ မီးဖိုကို ကျောပေးလိုက်ကြတယ်။
နောက်တစ်နေ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဒီဂူထဲကို ရောက်လာတယ်။

မီးမရှိတော့တဲ့ ပြာပုံဘေးမှာ အေးခဲပြီး သေဆုံးနေတဲ့ အလောင်း (၆)လောင်းကို သူတို့တွေ့ရတယ်။ သူတို့အလောင်းကို စစ်ဆေးကြည့်တော့ လောင်းကုတ်အင်္ကျီထဲမှာ ထင်းကိုယ်စီနဲ့၊ မီးခြစ်ကိုယ်စီနဲ့၊ ထင်းရှူးဆီကိုယ်စီ စားစရာတွေကိုယ်စီနဲ့ပေါ့။

“ထင်းကိုယ်စီနဲ့၊ မီးခြစ်ကိုယ်စီနဲ့၊ ထင်းရှူးဆီကိုယ်စီ စားစရာတွေကိုယ်စီနဲ့ ဘာကြောင့်များ အအေးမိပြီး သေဆုံးသွားကြရတာလဲနော်” လို့ တွေးတောရင်း အလောင်း(၆)လောင်းကို သယ်သွားကြပါတော့တယ်။ ပုံပြင်ကလေးက ဒါပါပဲ။

ဒီပုံပြင်ထဲက လူ(၆)ယောက်ဟာ သူတို့မကျေနပ်တဲ့လွန်ခဲ့တဲ့အတိတ်အာရုံတွေ အမုန်းသံယောဇဉ်တွေကိုသာ စွန့်လွတ်ခဲ့မယ်ဆိုရင်….
အတ္တစိတ်တွေကို စွန့်လွတ်ခဲ့မယ်ဆိုရင်….
နားလည်စာနာမှုတွေကိုသာ သူတို့နှလုံးသားမှာ အဲဒီညက နားခိုခွင့်ပြုလိုက်မယ်ဆိုရင် ပုံပြင်လေး တစ်မျိုးဖြစ်သွားနိုင်တယ်။ ခုတော့…..ဆင်ခြင်တွေးတောကြည့်ဖို့ပါ…
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ