၁။ မိုးအမ္ဗုန်ကင်းလွတ်စ-သီတင်းကျွတ်လ တူရာသီ၊
အပြစ်ရှင်းဖို့ စိတ်ရည်မျှော်- ဆရာတော်ကန်တော့ပွဲ၊
တပည့်များ ပေါင်းစုနေကာ- ကောင်းမှုဝေဆာ ပြုကြတာပဲ။
၂။ စဉ်အလာ ရှိခဲ့ကြ-ဂါရဝ မင်္ဂလာ၊
ရွာဆရာ့ ထေရ်မဟာ(ကို)-စေတနာ ဝေဖြိုး၊
ရိုးကျိုးလို့ ကန်တော့ပါ(သည်)-မာန်လျှော့ကာ ဦးညွတ်ရှိခိုး။
၃။ နန်းတော်ဝင် ဂုဏ်စုံပျံ့(လို့)-ဘုံမဆံ့ တက်ဝေ၊
ဘုန်းရောင်ဝင့် အခက်ပြေ(အခက်ပြေ)-ကျက်သရေ ဆောင်းနှင်း၊
ရွာတကာ့ ရွာတခွင်(မှာ)- ရွာဘုရင် ထူးတဲ့ရွာမင်း။
၎။ နန်းမြေမှာ ဂုဏ်ဝင်း(ဖို့)- ဝါတွင်းက လွှတ်ချိန်၊
ရွာပျော်မွေ့ တပည့်တွေ(မှာ)- ရိုရိုသေ ကန်တော့ကြပါစို့။
၅။ ကန်သာယာ ရေတင့်(လို့)- ကြာပွင့်တဲ့ချိန်ခါ၊
တော့လို့ဖြင့် ကုသိုလ်ယူ(သည်)- အပြစ်ဟူ ဖယ်ဝေး၊
ပွဲတော်လို့ သတ်မှတ်ကာ(သာ)- ရပ်ရွာမှာ နွဲကြစို့လေး။
၆။ ရိုသေစွာ လက်အုပ်မိုး(လို့)- ရှိခိုးတဲ့ ကုသိုလ်ကံ၊
လေးမျိုးဗျ အကျိုးဟာ- တိုးရှည်ကြာ သက်တမ်း၊
အဆင်းလှ ချမ်းသာဝေ(သည်)- အားအင်တွေ ကုန်လို့မခမ်း။
၇။ ရွာဦးမှာ ပြုံးပျော်တတ်- ဘုန်းတော်မြတ် ဆရာဆီ၊
သုံးဖော်ရပ် အကျင့်စုံ- ဆရာ့ဂုဏ်(အရှင့်ဂုဏ်)ရည်စူး၊
ကန်တော့ပွဲ မင်္ဂလာ(ကို)- စဉ်အလာ နွဲလို့ကြည်နူး။
၈။ ကြည်နူးစွာ ဆင်နွဲကြ-ရင်ထဲက ပျော်ကြ၊
စဉ်အမြဲ မြတ်နိုးစရာ- ဒို့ရိုးရာ ဒီပွဲ၊
ကောင်းကျိုးမြဲ ဖြာဖြာဝေ- ရွာဟာလေ တိုးတက်ဖို့ပဲ။
၉။ သက္ကရာဇ် မဟာတစ်ရာ့ကိုး- ပြည့်ဖြိုးတဲ့အချိန်မှာ၊
သာကီမျိုး ဘဂဝါ- လူ့ပြည်ရွာ သက်ဆင်း၊
လူအများ စုရုံးကာ(သာ)- ထွတ်ဘုန်းဘဂဝါကို ဦးခိုက်ဝပ်စင်း။
၁၀။ဤထုံးကို နှလုံးသွင်း(လို့)- ဗုဒ္ဓဇင်း မြန်မာ၊
သီတင်းလ ကျွတ်ချိန်မှာ- ထိန်ထိန်ဝါ ဆီမီး၊
အနန္တ ဂုဏ်အရှင်(ကို)- အာရုံထင် ပူဇော်ကြ မငြီး။
သံချပ်-
ဝါတွင်းကာလ အဆုံးဟာ- ဘာလလဲဗျာ သိကြရဲ့လား၊
ကြာပန်းမျိုးစုံ ပွင့်လန်းဖြာ- ဆီမီးထိန်ဝါ သီတင်းကျွတ်လ၊
နတ်ပြည်ဝါဆို တို့မြတ်စွာ- အဲဒီလမှာ လူ့ပြည်ဆင်းခဲ့၊
ဗုဒ္ဓဇင်းတွေ သတ်မှတ်သာ- အဘိဓမ္မာ လမြတ်ကြီးဗျ၊
လမြတ်နေ့ထူး အချိန်လေ- ဘာတွေဘာတွေ လုပ်ကြမှာလဲ၊
ရွာဦးကျောင်းက ဆရာတော်- မြတ်နိုးကော်ရော် ကန်တော့မှာဗျ၊
တို့ကိုးကွယ်တဲ့ ဘုရားရှင်- ဆီမီးနဲ့ပင် ပူဇော်မှာပဲ၊
နတ်ပြည်မှာရှိ စေတီသာ- မီးပုံးလွှတ်ကာ ပူဇော်မှာဗျို့၊
အသက်ဂုဏ်ဝါ ကြီးမြတ်သူ- စိတ်မှာကြည်ဖြူ ကန်တော့မှာဗျ၊
သီတင်းကျွတ်လ အောက်တိုဘာ - နိုင်ငံတကာ ဆရာများနေ့၊
ပညာသင်ပေး ဆရာတွေ - ရိုရိုသေသေ ကန်တော့မှာဗျ၊
ကောင်းတယ် ကောင်းတယ် မောင်ရင်ရယ်- လုပ်ကြပါကွယ် ဒို့ရိုးရာမို့၊
အဖိုးတန်တဲ့ ဒို့ရိုးရာ- မြတ်နိုးတွယ်တာ ထိန်းသိမ်းကြကွဲ့၊
ရိုးရာဓလေ့ ပျောက်ရင်ကွယ်- ကမ္ဘာ့အလယ် ရှက်စရာပဲ၊
ရပ်ရွာဂုဏ်ရောင် ထွန်းလင်း(ပြောင်)အောင် - ရပ်ရွာမယ်မောင် ကြိုးစားကြစမ်း၊
စည်းလုံးညီညာ ကြိုးစားပါ - ငါတို့ရပ်ရွာ ဂုဏ်တတ်မှာပဲ၊
အားလုံးအားလုံး မြူးပျော်အောင်- ရွှင်ရွှင်ပျော်ပျော် ဒိုးပတ်တီးစို့။
၁၁။ဒို့ရိုးရာ ပွဲတော်ဗျ- နွဲပျော်ကြ သူငါ၊
ဒိုးသံက ဝေဝေစည် - မြန်မာပြည်အတွင်း၊
ဂုဏ်ရနံ့သင်းတဲ့ဒို့ပြည်မြန်မာာ -ဂုဏ်သန့်ရှင်းတဲ့ ဒို့ပြည်ရွာမှာ၊
သာယာအေးလို့ ချမ်းသာဝေဆာ- ဘယာဝေးလို့ ကျန်းမာနေတာ၊
အစဉ်လာကောင်းတဲ့ ပွဲတော်မဟာ နွဲပျော်ကာ ခြိမ့်ခြိမ့်သဲ၊
ရှေးရိုးရာ ဆရာကန်တော့ပွဲ-။
(သလ္လာဝတီ၊ နန်းဘုန်းအရှင်) ရေးစပ်သည်။
(သလ္လာဝတီ၊ နန်းဘုန်းအရှင်) ရေးစပ်သည်။
မှတ်ချက်။ ။ (ဒိုးပတ်မှာ မြန်မာ့တူရိယာ စစ်စစ်ဖြစ်သည်။ ပုဂံခေတ် ကတည်းက ပေါ်ပေါက်နေပြီဟု ယူဆရသည်။ ရှေးက ဒိုးပတ်ဝိုင်းတွင် ပတ်တစ်လုံးသာရှိသော်လည်း နောင်တွင် တစ်လုံးတိုးကာ အဖိုအမဟူ၍ တီးလာကြသည်။ ဒိုးပတ်ကို ရှေးက ``ပုံတို´´ဟု ခေါ်လေသည်။ ဒိုးပတ်ကို အကြောင်းပြုကာ ဒိုးပတ်သီချင်း၊ ဒိုးပတ်အကများ ပေါ်ပေါက်လာကြသည်။)
ကိုးကား။ ။ မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်) ဟု ဒီနေရာလေးမှာ ဖတ်ရှုရပါသည်။