အော်နေရုံနှင့်မပြီး
မြန်မာပြည်
လွတ်လပ်ရေးအောင်ပွဲနေ့က “ဒါ တို့ပြည် ဒါ တို့မြေ” ဟု ကြွေးကြော်ခဲ့ကြ၏၊ ကြက်သီးထဖွယ်
အားရဖွယ်ပေ၊ သို့ရာတွင် အော်နေသော ထိုအမျိုးသား အမျိုးသမီးများသည် မိမိတို့ ပိုက်ဆံအိတ်ကို
နှိုက်ကြည့်စေလို၏၊ “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ” တဲ့၊ ဘာနဲ့ ကာကွယ်ကြမှာလဲ
ဟရို့၊ လက်နဲ့ကာလို့ လုံမှာမဟုတ်ဘူးနော်၊ ကုန်းတပ် ရေတပ် လေတပ်တွေနဲ့ ကာကွယ်ရမည် မဟုတ်လား၊
ယခု အခြေအနေအရ အမျိုးသားတို့ရဲ့ ဘဏ္ဍာအိတ်ထောင့်ထဲမှာ သေနတ် သင်္ဘော ၀ယ်စရာ လေယာဉ်ပျံ ၀ယ်စရာ
ပိုက်ဆံ ဘယ်နှပြား စုမိပြီလဲ၊ အမျိုးသား အမျိုးသမီးတွေက အော်အော်ပြီးတော့ သိပ်အသုံးပက်စက်ကြတာကိုး၊
ဘာပိုက်ဆံ စုမိမှာလဲ၊ တန်ခူးလ အခါတွင်း သင်္ကြန်ဆိုလျှင် ဘယ်လောက် အသုံးအစွဲ ပြိုင်ကြသလဲ၊
မော်လမြိုင် ရန်ကုန် မန္တလေးဆိုတဲ့ မြို့ကြီးတွေဟာ သိပ်ကဲတာပဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲမှာလည်း
မနည်းသေးဘူး၊ နယုန်လ ၀ါဆိုလက စပြီးလျှင် တပေါင်းလ ပွဲတော်ကြီးတွေအထိ ကုန်လိုက်တာ မပြောနဲ့တော့၊
ထိုကုန်သမျှ ငွေတွေ မြန်မာနိုင်ငံမှာ လည်နေ တာ မဟုတ်ပါဘူး၊ သင်္ဘော လေယာဉ်ပျံတွေနဲ့ နိုင်ငံခြား
ရောက်ကုန်တာတွေသာ များတယ်။
မယှကငှက်
ဇာတ်တော်မှာ““မယှကငှက်””ခေါ်တဲ့
ငှက်အကြောင်းပါတယ်၊ ထိုငှက်ကလေးဟာ အသီးတွေ ဝေဆာနေသော ညောင်ပင်ပေါ်တက်ပြီး “ဒါ ငါ့ဟာ…
…ဒါ ငါ့ဟာ”ဟု အော်နေ၏၊ သူအော်နေတုန်းမှာ အခြားငှက်တွေ လာ၍ စားကြ၏၊ သူကား “ ငါ့ဟာ…
…ငါ့ဟာ ”ဟု အော်နေတုန်းပင်၊ ညောင်ပင်မှာ အသီးတွေ ကုန်၍ အခြားငှက်များ ပြန်သွားသည့်တိုင်အောင်
အော်လျက်သာ ကျန်ရစ်ရှာ၏။
ထို့အတူပင် အမျိုးသား အမျိုးသမီးတွေက နိုင်ငံခြားပစ္စည်းတွေကို
ဝတ်စားပြင်ဆင်ကာ နိုင်ငံခြား မော်တော်ကားကြီးတွေကို စီးပြီး “ဒါ တို့ပြည် ဒါ တို့မြေ”ဟု
အော်နေကြတုန်းမှာပင် နိုင်ငံခြား ငှက်တွေက အမြတ်ကြီးကြီး အသီးကောင်းကောင်းတွေကို စား၍
ပျံသွားကြလေပြီ၊ တချို့ကား မပြန်တော့ဘဲ အခြေစိုက်၍ အသိုက်ဖွဲ့ကာ ငွေကိုသာ တွင်တွင်
ပို့ကြလေသည်။
ဤစာကို ရေးခြင်းဖြင့် နိုင်ငံခြားကုန်သည်ကြီးများကို
အပြစ် မတင်လိုပါ၊ အမျိုးသားတွေကိုသာ အော်နေရုံမျှနှင့် မပြီးနိုင်ကြောင်း၊ ချွေတာစုဆောင်းမှု,
အလုပ်လုပ်ရာ၌ မပျင်းရိမှု ရှိမှသာ ဘဏ္ဍာအိတ် တောင့်တင်း၍ “ပြည်ထောင်စုကို အသက်ပေးလို့
တို့ကာကွယ် နိုင်ကြမည့် ”အကြောင်းကို ပြောပြလိုရင်း ဖြစ်ပါသည်။