ရွာကြီးတို့၌ စာသင်တိုက်ရှိကျိုး
မိမိတို့ရွာကြီးမှာ
(သို့မဟုတ်) ရွာ၏အနီးမှာ စာသင်တိုက်ရှိလျှင် ဆယ့်သုံးလေးနှစ်သား အရွယ် မူလတန်းအောင်ပြီး၍
ဆယ့်ငါးနှစ် သားအရွယ်မှာ စာသင်တိုက်၌ စာသင်နိုင်၏၊ ဥတု မြေ ရေ တူမျှသောကြောင့် ကျန်းမာရေး၌လည်း
မစိုးရိမ်ရ၊ အကယ်၍ မကျန်းမာလျှင် ချက်ချင်း ဆရာ မိဘ ရောက်လာနိုင်၏၊ ရပ်ရွာ နယ်ပယ် တစ်နယ်လုံးမှ
စာသင်တိုက် တစ်တိုက်သာ ရှိသဖြင့် စားရေး သောက်တာ ပြည့်စုံနိုင်ရကား ငွေမပါဘဲ စာသင်နိုင်၏၊
သို့ဖြစ်လျှင် ငွေနှင့်စပ်သော အပြစ်အရပ်ရပ် ကင်း၍ သန့်ရှင်းလေပြီ၊ “မည်သူ့ သား မည်သည့်
ဆရာ့တပည့်” ဟု အချင်းချင်း သိကြပြီးဖြစ်၍ ဟော့ရမ်း သော့သွမ်းမှုလည်း (ပွဲကြည့်မှု အိမ်လည်မှု
စသည်လည်း) မရှိနိုင်တော့ပြီ၊ [ မျက်မြင်အားဖြင့် ရွာကြီးစာသင်တိုက် မြို့ငယ် စာသင်တိုက်များ၌
အုပ်ချုပ်၍ လွယ်ကူသည်ကို တွေ့ရပေ၏၊ ထို စာသင်တိုက်သံဃာများလည်း အချိုးကျကျ သီတင်းသုံးကြသည်သာများ၏။]
ထိုသို့ အချိုးကျကျ နေထိုင်၍ စာသင်လာခဲ့သူ စာတတ်လျှင် မိမိပရိသတ်ကိုလည်း
အချိုးကျအောင် ပြုပြင်လိုသော မျိုးစေ့ဓာတ်ခံများ ပါလာတတ်ကြ၏၊ ယခုခေတ် အအုပ်အချုပ်ကောင်းသော
ဆရာတော်များသည် ထိုဓာတ်ခံပါလာသော ဆရာကောင်း၏ တပည့်များချည်းသာတည်း၊ ကျမ်းစာများ၌ “ရှင်သာမဏေ
စ၍ ပြုခြင်းသည် ပဋိသန္ဓေနေခြင်းနှင့် တူ၏၊ အဆုံးအမ မကောင်းသော ကျောင်း၌ နေမိခြင်းသည်
မကောင်းသောအမျိုး၌ ပဋိသန္ဓေနေမိ ခြင်းနှင့် တူ၍ အဆုံးအမကောင်းသော ကျောင်း၌ နေထိုင်မိခြင်းကား
အမျိုးကောင်း၌ ပဋိသန္ဓေနေရခြင်းနှင့် တူ၏”ဟု မိန့်သည်။
ဆယ်နှစ်အပြည့်သင်လျှင် ပြည့်စုံ၏
ပိဋက
ပါဠိ အဋ္ဌကထာ ကျမ်းစာ အရပ်ရပ်သည် ဉာဏ်မှန်မှန်ရှိသူ စနစ်တကျ မပျက်မကွက် သင်ရမည်ဆိုလျှင်
ဆယ်နှစ်လောက်သင်က လုံလုံလောက်လောက် အထ မြောက်၏၊ သို့ဖြစ်လျှင် တစ်ဆယ့်ငါးနှစ်သားအရွယ်မှစ၍
သင်ယူခဲ့သူသည် နှစ်ဆယ့်ငါးနှစ်သားအရွယ်မှာ ထည်ထည်ဝါ၀ါ စာချနိုင်ပေပြီ။
သူသည်
သက္ကတ အင်္ဂလိပ် ဟိန္ဒူစသော ဘာသန္တရကို သင်လိုလျှင် နောက်ထပ် ငါးနှစ် သင်နိုင်သေး၏၊ ပါဠိတက္ကသိုလ်မှာ
တစ်ချိန်၌ ပိဋကကို ပို့ချ၍ တစ်ချိန်၌ ဘာသန္တရ သင်နေပါလျှင် (၃၅)နှစ် အရွယ်မှာ မြန်မာပြည်တွင်မကဘဲ
ကမ္ဘာကို ခြေလှမ်းနိုင်ဖွယ် ရှိ၏၊ ထိုအတိုင်းသာ ကြိုးစားကြပါမူ အနာဂတ်ကာလ၌ သီလ သိက္ခာ
ပြည့်ဝ၍ ပညာရှာမှီးကြသော မြန်မာရဟန်းတော်များသည် (ယခု အခါ သာသနာတော်ကို အထင်သေးနေသော
လူတစ်စု၏) အဖူး အမြော်ကို ခံကြရပါလိမ့်မည်။
ဗုဒ္ဓလက်ထက်တော် ကျောင်းတိုက်
ဗိမ္ဗိသာရ
မဟာရာဇာသည် သောတာပန် ဖြစ်ပြီးနောက် ဗုဒ္ဓနှင့်
သံဃာတော်အများ သီတင်းသုံးဖို့ရာ ကျောင်းတိုက်နေရာကို စဉ်းစားသည်မှာ…“မြို့ရွာနှင့်
မဝေးလွန်း, မနီးလွန်း, သွားလမ်း လာလမ်းကောင်း, ဘုရားဖူးလို တရားနာလိုသူတို့ သွားဖို့ကလည်း
လွယ်ကူ, နေ့အခါ၌ လူများနှင့် ရောပြမ်းခြင်းမရှိ၊ ညဥ့်အခါ မြို့(ရွာ) ထဲမှ ဆူညံသံလည်း
မကြားရ၊ လူတို့ဖြတ်သန်းသွားလာခြင်း မရှိ၊ (တိုင်ပင်စရာရှိလျှင်) တိုးတိုးတိတ်တိတ်
တိုင်ပင်နိုင်လောက် အောင် လူတို့မှလည်း ကင်းရှင်း, ရဟန်းတော်များ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းကာဖြင့်
ကိန်းအောင်းစရာလည်းကောင်းသော နေရာသည် အဘယ်မှာ ရှိပါလိမ့်မည်နည်း”ဟု စဉ်းစားသောအခါ ထိုဂုဏ်အင်္ဂါ
တို့ဖြင့် ပြည့်စုံသော ဝေဠုဝန်ဥယျာဉ်ကို တွေ့ရ၍ ထိုဥယျာဉ်ကိုပင် လှူဒါန်းလေသည်၊ အနာထပိဏ်သူဌေး
ကျောင်းတိုက်နေရာ ရှာစဉ် ကလည်း ထိုနေရာမျိုးကိုပင် ရွေးချယ်၍ ဇေတမင်းသား၏ဥယျာဉ်ကို
တွေ့ရသဖြင့် ထိုဥယျာဉ်ကို ၀ယ်ယူ၍ ဇေတ၀န်တိုက် တည်ဆောက် လှူဒါန်းလေသည်။
ဤသို့လျှင် ဗုဒ္ဓရှင်တော်၏ လက်ထက်တော်က ကျောင်းတိုက် ကြီးများသည်
မြို့နှင့် ခပ်လှမ်းလှမ်းမှာ တည်ရှိကြသည်ကို တွေ့ရ ပေသည်၊ မင်းတုန်းမင်းလက်ထက်က ကျောင်းတိုက်ကြီးများလည်း
မြို့၏အရှေ့ဘက်၌ (တချို့ မြောက်ဘက်ယွန်းယွန်း မန္တလေးတောင် တစ်ဝိုက်၌) တည်ရှိကြသည်မှာ
မြို့နှင့်ပနံရလှပေသည်၊ နောက်မှ “ဆွမ်းခံ၍ လွယ်ကူအောင်”ဟု သဘောထား၍ တဖြည်းဖြည်း မြို့
အနောက်ဘက်သို့လည်းကောင်း, မြို့တောင်ဘက်သို့ လည်းကောင်း ကျောင်းတိုက်များ ရွှေ့ပြောင်းကာ
မြို့နှင့်နီးကပ် ဆက်စပ်လာဟန်တူသည်။ [ရွှေကျင်ဆရာတော်ကြီးက တပည့်ရင်းဖြစ်သော မဟာဝိသုဒ္ဓါရုံဆရာတော်အား
“အရှေ့ဝိသုဒ္ဓါရုံတိုက်သည် လူနေအိမ်များနှင့် နီးကပ်၍ မန္တလေးတောင် မြောက်ဘက်၌ တောကျကျ
တည်ရှိသော ရွှေကျင်တိုက်လောက် မကောင်း”ဟု မိန့်တော်မူဖူးပါသတဲ့။]
ငကင်းရွာစာသင်တိုက်
မြင်းမူမြို့နယ်၌
“ငကင်း, မင်းရွာ” ရှိ၏၊ ငကင်းရွာ၌ ရှေးက သံဃာ
ငါးဆယ်ကျော် ရှစ်ဆယ်မျှ သီတင်းသုံးရာ စာသင်တိုက် ရှိခဲ့ဖူး၏၊ ထို စာသင်တိုက်၌ ကျေးဇူးတော်ရှင်
(မြောင်းမြမြို့ ပဇ္ဇောတာရုံတိုက်)ဆရာတော် သီတင်းသုံးခဲ့ဖူး၏၊ ရွာကား အိမ်ခြေများများ
ရှိပုံမရ၊ စာသင်တိုက် ဆရာတော်သည် ထိုရွာ ဇာတိပင် ဖြစ်၍ စာသင်ချိန်က “နောင်အခါ
စာသင်တိုက်တည်အံ့”ဟု ရည်ရွယ်ချက်ဖြင့်
ဝမ်းကွဲညီနောင်သုံးပါးတို့ (တစ်ပါးက ၀ိနည်း, တစ်ပါးက အဘိဓမ္မာ, တစ်ပါးက သုတ္တန်ကို) တာဝန်ယူ၍
သင်ယူတော်မူကြသတတ်၊ စာသင်ပြီးနောက် စာသင်တိုက် တည်ထောင်တော်မူကြသည်။
ရွာက ကြိုးစားပုံ
“ရွာဘုရား ရွာသား မရိုသေ” ဟု ဆိုရိုးရှိသော်လည်း ထိုဆရာတော်များကိုကား
ရွာသားတို့က အလွန်ရိုသေကြ၏၊ စာသင်တိုက်အတွက် အားတက်သရော ရှိကြ၏၊ စပါးပေါ်ချိန် တစ်တင်းစီ
နှစ်တင်းစီ တတ်အားသမျှ စု၍ နှမ်း ပဲ ပေါ်ချိန်လည်း တစ်ပြည်စီ တစ်ခွဲစီ စု၍ ဆရာတော်၏
နောင်တော်ကြီးထံ အပ်နှံကြ၏၊ ထိုစပါး နှမ်းများကို ဆန်ဖွပ်ချိန် ဆီပွတ်ချိန်၌ ထိုက်သလို
တာဝန်ယူကြသေး၏၊ ဤနည်းအားဖြင့် ထိုသံဃာများ၏ နံနက်ဆွမ်းအတွက် ကောင်းစွာ လုံလောက်လေတော့၏၊
နေ့ဆွမ်းကိုလည်း စားဦးစားဖျားမှ တာဝန်ယူကြသေး၏၊ ရွာနှင့်သံဃာ မမျှအောင် ရှိသော်လည်း
ဝန်မလေးကြပေ၊ ရပ်သူ ရွာသားတို့ ဘာသာရေး၌ ယဉ်ကျေးကြကြောင်းလည်း အရပ်ရပ်၌ နှံ့စပ်ကျော်ကြားလေ၏။
အလွန်ကြည်ညိုဖွယ်ဆရာတော်
ဝိနည်းဘက်က
တာဝန်ယူသော ဆရာတော်သည်… သက်တော် သာ၍ ရှည်၏၊ ကြီးရင့်တော်မူသောအခါ စာသင်တိုက်မှ မလှမ်းမကမ်း၌
ဗောဓိပင်စိုက်၍ တောကျောင်းကလေး တည်ကာ ထိုတောကျောင်း၌ မကြာခဏ ကြွ၍ သီတင်းသုံးတော်မူ၏၊
(ဤ စာရေးသော ဘုန်းကြီးကိုယ်တိုင်ပင်) ထိုဆရာတော်ကို ဖူးလိုက်ရ ဖူး၏၊ ဘုန်းကြီးတစ်သက်တာ၌
အကြည်ညိုဆုံး ဆရာတော်တို့တွင် တစ်ပါးအပါအ၀င်ပါပေတည်း၊ ထိုစာသင်တိုက်မှ စာတတ်ဝိနည်းဓိုရ်
အတော်များများ ထွန်းကားခဲ့သော်လည်း ယခုအချိန်မှာမူ ထိုစာသင်တိုက် မထင်ရှားတော့ချေ၊
ဝမ်းနည်းဖွယ်ကောင်းလေစွ၊ ဤအကြောင်းအရာများဖြင့် တောရွာ၌ စာသင်တိုက်ကောင်း ဖြစ်နိုင်ကြောင်း,
ဝိနည်းအပေါက်အကြား နည်းပါးသဖြင့် အကျင့်စရဏ ပြည့်စုံသော ပုဂ္ဂိုလ်ကောင်းများ ထွန်းကားနိုင်ကြောင်း ပြလိုပါသည်။