ဒုစရိုက် သုစရိုက်စစ်တမ်း။
ဆရာ။ ။ ကိုင်း ရှေ့၌ ဟောတော်မူတဲ့ “မတရားသော
မမျှတသော အကျင့်” ဆိုတာဒုစရိုက် သုံးမျိုးဖြစ်ကြောင်း, “တရာမျှတသော အကျင့်” ဆိုတာ
သုစရိုက် သုံးမျိုး ဖြစ်ကြောင်းထင်းရှားပြီး မဟုတ်လားကွဲ့၊ ဒီတော့ “ဒုစရိုက်ဆိုတာ
ဘာလဲ, သုစရိုက်ဆိုတာ ဘာလဲ” လို့ ကလေးများ သိချင်ကြတယ် မဟုတ်လား။
တပည့်များ။ ။
သိချင်ပါတယ်ဆရာ။
ဆရာ။ ။ [ဒု=မကောင်းသော+ စရိုက်=(စရိတ) အကျင့်၊]
မကောင်းသော အကျင့်တွေကို “ဒုစရိုက်” ဟုခေါ်တယ်၊ ကိုယ်ဖြင့် ပြုကျင့်ရသော
ဒုစရိုက်ကို “ကာယဒုစရိုက်”၊ နှုတ်ဖြင့် ပြော၍ကျင့်ရသော ဒုစရိုက်ကို “ဝစီဒုစရိုက်”၊
စိတ်ဖြင့် ကြံစီ၍ကျင့်ရသော ဒုစရိုက်ကို “မနောဒုစရိုက်” ဟုခေါ်တယ်၊ နားလည်ကြရဲ့လား။
တပည့်များ။ ။ နားလည်ကြပါတယ် ဆရာ၊
သုစရိုက်သုံးပါးကတော့ ဘယ်လိုဟာပါလဲ။
ဆရာ။ ။
[သု=ကောင်းသော+စရိုက်(စရိတ)=အကျင့်၊]ကောင်းသောအကျင့်တွေကို “သုစရိုက်” ဟုခေါ်တယ်၊
ကိုယ်ဖြင့် ပြုကျင့်ရသော “ကာယသုစရိုက်”၊ နှုတ်ဖြင့် ပြောဆိုကျင့်ရသော
“ဝစီသုစရိုက်”၊ စိတ်ဖြင့် ကြံစီ၍ ကျင့်ရသော “မနောသုစရိုက်” ဟုသုံးပါးရှိတယ်။
တပည့်များ။ ။ ဘယ်လို ကျင့်တော့ ဒုစရိုက်, ဘယ်လိုကျင့်တော့
သုစရိုက် ဖြစ်ပါသလဲဆရာ။
ဆရာ။ ။ ကလေးများသိပြီးဖြစ်တဲ့ ငါးပါးသီလကို
ပြန်မေးမယ်၊ စိတ်ထဲထင်တာ ဖြေနော်၊ သူ့အသက်ကိုသတ်တာဟာ ကောင်းတဲ့ ပြုကျင့်မှုလား, မကောင်းတဲ့ပြုကျင့်မှုလား။
တပည့်များ။ ။ မကောင်းတဲ့ ပြုကျင့်မှု။
ဆရာ။ ။ ဒါဖြင့် ပါဏာတိပါတာဟာ ဒုစရိုက်လား, သုစရိုက်လား။
တပည့်များ။ ။ ဒုစရိုက်။
ဆရာ။ ။ သူ့အသက် မသတ်ဘဲ(သနားညှာတာတဲ့) ပါဏာတိပါတာ
ဝေရမဏိ သိက္ခာပုဒ် ဟာ ကောင်းတဲ့အကျင့်လား, မကောင်းတဲ့အကျင့်လား(သုစရိုက်လား, ဒုစရိုက်လား)။
တပည့်များ။ ။ ကောင်းတဲ့အကျင့်(သုစရိုက်)၊
[ဤနည်းအတိုင်း ငါးပါးသီလကို
မေးပါ။
ဆရာ။ ။ သူ့အသက်သတ်မှု, သူ့ဥစ္စာ ခိုးမှု လုယက်မှု, သူ့မယား
သူ့သမီးကို လွန်ကျူးမှု, (ကိုယ့်ယောကျာ်းမဟုတ်သူနှင့် ဖောက်ပြန်မှု) အဲဒီသုံးပါးကို ဘာနဲ့ပြုကြရသလဲ,
ကိုယ်နဲ့လား, နှုတ်နဲ့လား, စိတ်နဲ့လား၊ အများပြုနေတာကို ပြောကွဲ့။
တပည့်များ။ ။ ကိုယ်နဲ့ပြုရတယ်ဆရာ၊
[“ကိုယ်နဲ့ပြုရလျှင် ဘာဒုစရိုက် ခေါ်မလဲ” ဟု ဆက်မေး…. “ကာယဒုစရိုက် ခေါ်မယ်”
ဟုဖြေတတ်ပါစေ။]
ဆရာ။ ။ မုသားပြောမှု (လိမ်ပြောမှု)ကိုဘာနဲ့ပြုသလဲ, ကိုယ်နဲ့လား,
နှုတ်နဲ့လား, စိတ်နဲ့ လား။ အများပြုတာကိုဖြေကွဲ့။
တပည့်များ။ ။ နှုတ်နဲ့ဆရာ၊ [“နှုတ်နဲ့ပြုလျှင် ဘာ
ဒုစရိုက်ခေါ်မလဲ” ဟုမေး၍ “ဝစီဒုစရိုက် ခေါ်မယ်”ဟုဖြေတတ်ပါစေ။]
ဆရာ။ ။ ကဲ ကဲ, ငါးပါးသီလထဲ မပါပေမယ့် မေးရဦးမယ်၊
…သူများပစ္စည်းကို “ငါ့ဟာ ဖြစ်လျှင်ကောင်းမှာပဲ” ကြံစီမှု, “ဒီအကောင်
သေသွားလျှင်ကောင်းမှာပဲ” ဟုကြံစီမှု, “နောက် ဘဝဆိုတာ မရှိနိုင်ပါဘူး” ဟု
တွေးတောမှုများကို ကောင်းတဲ့အကျင့်ခေါ်မလား, မကောင်းတဲ့ အကျင့်ခေါ်မလား။
တပည့်များ။ ။ မကောင်းတဲ့ အကျင့်လို့ခေါ်မယ် ဆရာ။
ဆရာ။ ။အဲဒီအကျင့်တွေကို ကိုယ်နဲ့ ပြုရသလား, နှုတ်နဲ့လား,
စိတ်နဲ့လား။
တပည့်များ။ ။စိတ်နဲ့ပြုရတယ် ဆရာ၊ [“ဘာဒုစရိုက်ခေါ်မလဲ”
ဟုမေး, “မနော ဒုစရိုက် ခေါ်မယ်”ဟုဖြေတတ်ပါစေ။]
ဆရာ။ ။သူများဥစ္စာ တိုးတက်တာတွေ ဝမ်းမြောက်မှု, သူများအသက်
ရှည်စေချင်မှု, “နောက်ဘဝ ရှိတယ်, ပေးကမ်းလှူဒါန်းလျှင် နောက်ဘဝမှာဥစ္စာပေါမယ်” စသော တွေးတောမှု
များကို ကောင်းသောအကျင့် ဆိုမလား, မကောင်းသောအကျင့်ဆိုမလား။
တပည့်များ။ ။ ကောင်းသောအကျင့် ဆိုမယ်၊ [“ဘာ
သုစရိုက်ခေါ်မလဲ” ဟုမေး, “မနော သုစရိုက် ခေါ်မယ်” ဟုဖြေတတ်ပါစေ။]
ဆရာ။ ။ ကိုယ်နှုတ်စိတ်တို့ဖြင့် မကောင်းပြုကျင့်မှု
“ဒုစရိုက်”စုကို သတ္တဝါများအပေါ်၌ မတရား, မမျှတသောအကျင့်ဟုဆိုမလား၊
တရားမျှတသော အကျင့်ဟုဆိုမလား [ဥပမာ..သူ့အသက်သတ်တာ တရားသလား, မတရားဘူးလား။]
တပည့်များ။ ။ “မတရား မမျှတသော အကျင့်” ဟုဆိုမယ်။
ဆရာ။ ။ ကိုယ် နှုတ် စိတ် တို့ဖြင့်
ကောင်းကောင်းပြုမှု “သုစရိုက်” စုကို သတ္တဝါများ အပေါ်၌ မတရားမမျှတသော
အကျင့်ဟုဆိုမလား, တရားမျှတသော အကျင့်ဟုဆိုမလား၊ [ဥပမာ…သူများကို
သတ်လိုတဲ့စိတ်မဖြစ်ဘဲ သနားညှာတာစိတ် ဖြစ်နေတာဟာ တရားသလား, မတရားဘူးလား။]
တပည့်များ။ ။ တရားတယ်ဆရာ။
ဆရာ။ ။ အေး, မကောင်းသောအကျင့် ဒုစရိုက်စုကို မတရား
မမျှတဘူးလို့ မှတ်ထားကြ၊ ကောင်းသော အကျင့် သုစရိုက်စုကိုလဲ
တရားမျှတတယ်လို့မှတ်ထားကြနော်။
တပည့်များ။ ။ ဟုတ်ကဲ့ ဆရာ။
ဆရာ။ ။ မတရားမမျှတတဲ့ ဒုစရိုက်ကို ပြုတဲ့သူဟာ ပြုပြီးတဲ့နောက်
(နောင်တရတဲ့အခါ) သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ ထင်မလား, လူဆိုးတစ်ယောက်လို့
ထင်မလား။
တပည့်များ။ ။ သူ့ကိုယ်ကို လူဆိုးလို့ထင်မယ်။
ဆရာ။ ။ ကိုယ့်ကိုယ်ကို လူဆိုးလို့ထင်နေတာဟာ
မိမိကိုယ်ကို မိမိဘာသာ ကဲ့ရဲ့ စွပ်စွဲ တာပဲကွဲ့၊ အမြှော်အမြင်ရှိတဲ့
လူကြီးလူကောင်းများကတော့ အဲဒီလူကို ချီးမွမ်းမလား, ကဲ့ရဲ့မလား။
တပည့်များ။ ။ ကဲ့ရဲ့မှာပဲ ဆရာ။
ဆရာ။ ။ ဒီလို ကဲ့ရဲ့ခံရလျှင် သူ့မှာ
ကောင်းတဲ့သတင်း (ကောင်းတဲ့နာမည်)ကျော်မလား, မကောင်းတဲ့ သတင်း(မကောင်းတဲ့နာမည်)ကျော်မလား။
တပည့်များ။ ။
မကောင်းသတင်း(မကောင်းတဲ့နာမည်)ကျော်မှာပဲ ဆရာ။
ဆရာ။ ။ အေး, ဒီလိုလောကကြီးထဲမှာ
မကောင်းဘူးလို့ဆိုရတဲ့သူတွေဟာ သေလျှင် ငရဲ တိရစ္ဆာန် ပြိတ္တာဖြစ်ကြရတာဘဲကွယ်ရို့၊
တရားမျှတတဲ့ သုစရိုက်တွေလုပ်တဲ့သူများမှာတော့ ဒီဘဝမှာ နာမည်ကောင်း
သတင်းကောင်းတွေကျော်ပြီးတော့ သေတဲ့အခါ နတ်ပြည် လူ့ပြည်မှာ ဖြစ်ကြရတာပဲကွဲ့၊ ကဲ ကဲ,
ကလေးများဒါလောက်နားလည်ပြီးလျှင်ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို ဆက်ဖတ်ပါဦး။