ဟိရီနှင့်
ဩတ္တပ္ပအကြောင်း။
ဆရာ။ ။ကလေးများ…ဤလောကမှာ မိခင် ဘခင် သားသမီးနှင့်
ဆရာတပည့် ဆွေမျိုး စသည်ဖြင့် ခွဲခြား၍ နားလည်တဲ့အပြင် ကိုယ့်စည်းကမ်းနဲ့ကိုယ်
နေထိုင်ရပေါင်းသင်းဆက်ဆံရတဲ့ ထုံးတမ်း စဉ်လာလဲရှိသေးတယ်၊ ဥပမာ-သားနဲ့အမိဆိုလျှင်
သားကိုလဲ အမိက လေးစားရတဲ့ နေရာရှိတယ်၊ သားရှေ့မှာ (ကလေး
ကလေးပင်ဖြစ်သော်လဲ)စောင့်စည်းရတယ်၊ သားကလဲ အမိ ကို လေးစားပြီးအမိရှေ့မှာ
ကိုးရို့ကားယား မနေရဘူး၊ ကြမ်းကြမ်းတမ်းတမ်း မပြောရဘူး၊ အဘနှင့်သမီး မောင်နှင့်နှမ,
ဦးကြီးဦးလေးစသူနှင့်တူမ, အဒေါ်စသူနှင့်တူ, ဆရာနှင့် တပည့် စသူတွေဟာအပြန်အလှန်လေးစားကြရမယ်။
ဥပမာ။ ။ တပည့်ရှေ့မှာ ဆရာဖြစ်သူက အထူးဣနြေ္ဒရရ
(သိက္ခာရှိရှိ)နေရမယ်၊ တပည့် များကိုလှောင်လို့ပြောင်လို့မနေရဘူး၊ တပည့်များကလည်း
ဆရာရှေ့မှာ တခြားနေရာထက်ပိုပြီး ငြိမ်ငြိမ် သက်သက် နေရတယ်၊ အဲဒီလို
ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ရန်လဲ စည်းကမ်း သိရုံနဲ့ မပြီး သေးဘူး၊ စိတ်ထဲမှာ
ရှက်တတ်တဲ့ဟိရီ, လန့်တတ်တဲ့ ဩတ္တပ္ပဆိုတဲ့ ကိုယ်ကျင့်တရားနှစ်မျိုးလဲ ရှိဦးမှ
နေနိုင်ကြတယ်။
အဲဒီ
“ဟိရီ, ဩတ္တပ္ပ” ကိုယ့်ကျင့်နှစ်မျိုးသာ
မရှိလျှင် လူ့လောကကြီးဟာ တိရစ္ဆာန်လောကနဲ့ ဘာမှ မခြားတော့မှာ မဟုတ်ဘူး၊
ယခုခေတ်မှာပင် အဲဒီ ကိုယ့်ကျင့် တရား နှစ်ပါး အတော် နည်းသွားလို့ တချို့သော
အဘနှင့်သမီး, ဦးကြီး ဦးလေးနှင့်တူမ, ဆရာနှင့်တပည့်မ, ကျောင်းသူ မကြီးတွေနဲ့ကျောင်းသားကြီးတွေ
အနေအထိုင်သန့်သန့်ရှင်းရှင်းမရှိတော့ဘူး၊ ကျောင်းသူ ကျောင်းသားကြီးတွေဟာတွဲပြီး က,ရဲနေကြပြီ
၊ ဒီနည်းလမ်းအတိုင်း သွားလျှင်တော့ “တိရစ္ဆာန်လောကနှင့် တန်းတူဖို့ရာ
မကြာတော့ပါဘူး” လို့ ထင်စရာဖြစ်နေတယ်၊ အနှစ်နှစ်ထောင့်ငါးရာ (၂,၅ဝဝ)ကျော် လောက်က
ဟောတော်မူထားတဲ့ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို ဖတ်ကြစမ်းပါကွယ်။
လူ့လောကကို
ထိန်းထားသော တရားတော်နှစ်ပါး။
ဘိက္ခုတို့…
ဖြူစင်သန့်ရှင်းသော (ဟိရီ, ဩတ္တပ္ပ) တရားနှစ်ပါးတို့သည် လူ့လောကကို စောင့်ထိန်း၍
ထားကြကုန်သည်၊ဤတရားတို့က လူ့လောကကို စောင့်ထိန်း၍ မထားလျှင် မိခင်ဟူ၍လည်း
မထင်ရှားတော့ရာ၊ အဒေါ်, ကြီးကြီး, ဦးကြီ, ဦးလေးတို့၏ ဇနီး, ဆရာကတော်, ဘကြီး
ဘထွေးစသော လေးစားလောက်သူတို့၏ ဇနီးဟူ၍လည်း မထင်မရှားတော့ရာ၊ တစ်လော ကလုံးသည် (အမေနှင့်သားပေါင်းဖော်ခြင်း
စသည်ဖြင့်) စည်းကမ်းပျက်ပြား၍ ဆိတ်, သိုး, ကြက်, ဝက်, ခွေးများကဲ့သို့
(မကြားကောင်း မနာသာ)ဖြစ်ကုန်တော့ရာ၏၊ ဟိရီ ဩတ္တပ္ပ (အရှက်, အကြောက်) ဟူသော
ကိုယ့်ကျင့် တရားနှစ်ပါး၏ထိန်းသိမ်းထားမှုကြောင့်သာ
စည်းကမ်းမပျက်ပြားဘဲ သန့်ရှင်းစင်ကြယ်စွာ နေနိုင်ကြပေသည်။
ဒွေ
မေ ဘိက္ခဝေ သုက္ကာ ဓမ္မာ လောကံ ပါလေန္တိ၊ ကတမေ ဒွေ၊ ဟိရိစ ဩတ္တပ္ပဉ္စ။
ဣမေ
ဒွေ ဘိက္ခဝေ သုက္ကာ ဓမ္မာ လောကံ နပါလေယျုံ, နယိဓ ပညာယေထ မာတာတိဝါ မာတုစ္ဆာတိဝါ
မာတုလာနီတိဝါ အာစရိယ ဘရိယာတိဝါ ဂရူနံ ဒါရာတိဝါ၊ သမ္ဘေဒံ လောကော အဂမိဿ ၊ ယထာ အဇေဠကာ
ကုက္ကုဋသူကရာ သောဏသိဂါင်္လာ။
[ဣတိဝုတ်,
ဒုကနိပါတ်, ဒုတိယ ဘာဏာဝါရ, (၄၂) ဟိရိ ဩတ္တပ္ပ သုတ်ပါဠိတော်။
ပြစ်မှားမိသော
အပြစ်များဖြေပုံ။
ဆရာ။ ။ ဩကာသစသော ကန်တော့ခန်း၌ “ကာယကံ ဝစီကံ မနောကံ
သုံးပါးသော ကံတို့တွင် တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပါ စေခြင်း
အကျိုးငှာ +ကန်တော့ ပါ၏” ဟုဆိုကြတယ်မဟုတ်လား။
တပည့်များ။ ။ ဆိုကြပါတယ်။
ဆရာ။ ။ [ကာယ=ကိုယ်+ကမ္မံ=ကံ(ပြုမှု)၊
ဝစီ=နှုတ်၊မနော=စိတ်၊]ကိုယ်ဖြင့်ပြုရသော (သတ်မှု, ညှဉ်းဆဲမှု, ရိုက်နှက်မှု, ခိုးမှု)အမှုများကို
“ကာယကံ” လို့ခေါ်တယ်၊ ရှေ့၌ ပြခဲ့တဲ့ ကာယဒုစရိုက်ဆိုတာနဲ့ အတူတူပဲ။
နှုတ်ဖြင့်
ပြောဆိုရသော (လိမ်မှု, ဆဲမှုစသော)အမှုများကို “ဝစီကံ ”လို့ခေါ်တယ်၊ ဝစီဒုစရိုက် ဆိုတာနဲ့
အတူတူပဲ။
စိတ်ဖြင့်ကြံရသော
(သူ့ဥစ္စာကို မတရားလိုချင်မှု, သူ့ကိုသေစေလိုမှုစသော)အမှုများကို “မနောကံ”လို့ခေါ်တယ်၊
မနောဒုစရိုက်ဆိုတာနဲ့အတူတူပဲ။
[ကလေးများကို
ပြန်၍ မေးပါ, ဖြေတတ်ပါစေ။]
ဆရာ။ ။ “ကံသုံးပါးတွင် တစ်ပါးပါးဖြင့် ပြစ်မှားတယ်”
ဆိုတာ ဘုရား သံဃာ ဆရာ မိဘ တို့ကို စိတ်ဆင်းရဲအောင်ပြောမိလျှင် ဝစီကံဖြင့်
ပြစ်မှားတာပဲ၊ လိမ်ပြောမိလျှင်လဲ ဝစီကံဖြင့် ပြစ်မှား တာပဲ၊ တရားဟောတဲ့နေရာမှာ
ငြိမ်ငြိမ်သက်သက် နားမထောင်ဘဲ စကားပြောနေကြတာလဲ ဝစီကံဖြင့် ပြစ်မှား တာပဲ၊
စိတ်ထဲကသေအောင် ဆင်းရဲအောင်ကြံစီတာဟာ မနောကံ ပြစ်မှားတာပဲ၊ မရိုမသေ
မလေးမစားလုပ်တာ ဘုရား(စေတီတော်
ဆင်းတုအနား) သံဃာတော်အနား ကောင်းကောင်းနေသော ရဟန်းတော်နှင့် ကိုရင်များအနားမှာ
ကိုးရိုးကားယား နေတာလဲ ကာယကံ ပြစ်မှားတာပဲ၊ မှားသော (မကောင်းသော)အပြစ်ကို “ပြစ်+မှား”
လို့ခေါ်တယ်၊ နားလည် ကြရဲ့လား။
တပည့်များ။ ။ နားလည်ပါတယ်။
ဆရာ။ ။ ဘုရား တရား သံဃာ အပေါ်မှာ ဖြစ်စေ, ဆရာမိဘအပေါ်မှာဖြစ်စေ,
ဦးကြီး ဘကြီး အရီးအဒေါ်နှင့်သူတော်ကောင်း တစ်ယောက်ယောက်အပေါ်မှာဖြစ်စေ
အဲဒီကံသုံးပါးတွင် တစ်ပါးပါးကို ပြုမိကျူးလွန်မိလျှင် အပြုခံရတဲ့သူထံ
တိုက်ရိုက်သွားပြီး “ပြစ်မှားသောအပြစ်ကို သည်းခံပါလို့” လို့တောင်းပန်ကန်တော့ရတယ်၊
ပြစ်မှားခံရသူက တခြားအရပ်ရောက်နေလို့ (သေသွားလို့) မရှိလျှင် ဘုရား(စေတီတော်
ဆင်းတုတော်) တရားတော်ကိုမှန်း၍ ကန်တော့ ရတယ်၊ ဒါ့ကြောင့် ဩကာသ ဘုရားရှိခိုးထဲမှာ
“ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ+ရတနာမြတ်သုံးပါးတို့အား
ရိုသေလေးမြတ်စွာ လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏” ဟုဆိုထားတယ်ကွဲ့။
တပည့်များ။ ။ ဒီလို ကန်တော့တာနဲ့ အပြစ်တွေပြေကုန်ရော
ပျောက်ကုန်ရောလား ဆရာ။
ဆရာ။ ။ အပြစ်ငယ်ငယ်တွေတော ကန်တော့လျှင် ပြေတာပဲ၊
ရိုက်နှက်တဲ့အပြစ်, ဘုရားစေတီကို ဖျက်ဆီးတဲ့ အပြစ်ကြီးတွေတော့
ကန်တော့ရုံနဲ့မပြေပါဘူး၊ ဒါပေမယ့် ကန်တော့တဲ့အတွက် အပြစ်တော့ နည်းနည်းပေါ့သွားတယ်၊
ဒါ့ကြောင့် ကိုယ့်အပြစ်ကို အပြစ်မှန်းသိပြီး မဖြစ်အောင် စောင့်စည်းလျှင်
“လူလိမ္မာ=လူပဏ္ဍိတ” လို့ ဗုဒ္ဓမြတ်စွာမိန့်တော်မူတယ်၊ ကိုယ့်အပြစ်ကို အပြစ်မှန်း
မသိတဲ့သူ, နောင်လဲ အပြစ်မဖြစ်ရအောင် မစောင့်စည်းတဲ့သူတော့ “လူ့ဗာလ=လူမိုက်”
လို့မိန့်တော်မူတယ်၊ ဒ့ါကြောင့်ကလေးများ အပြစ်မရှိအောင်လဲ နေကြ, အပြစ်ရှိလျှင်လဲ
မြန်မြန်သွား၍ ကန်တော့ကြ, တောင်းပန်ကြနော်။
တပည့်များ။ ။ ဟုတ်ကဲ့ဆရာ, ကန်တော့လျက်သားနဲ့ မကျေတဲ့သူတွေတော့
ဘယ်လို ဆိုမလဲဆရာ။
[မမေးတတ်သော်လည်း
မေးတတ်အောင် သင်းပေးပါ။]
ဆရာ။ ။ ကန်တော့ပါလျက် မကျေနိုင်တဲ့သူကိုလဲ
“လူ့ဗာလ” လို့မိန့်တော်မူတယ်၊ ကန်တော့လျှင် ကျေတဲ့သူမှ “လူလိမ္မာ=လူ့ပဏ္ဍိတ” တဲ့၊
ဗုဒ္ဓမြတ်စွာရဲ့တရားတော်ကို ဖတ်ကြ စမ်းပါဦး။
အပြစ်ကို
ဝန်မချသူနှင့် မကျေနိုင်သူ။
(၁)
ဘိက္ခုတို့… မိမိမှာ အပြစ်ရှိလျှင် အပြစ်ဟု
မရှုနိုင် (ကန်တော့တောင်းပန်မှုကို မပြုနိုင်သော) လူမိုက် တစ်မျိုး, အပြစ်ကို(အပြစ်မှန်ပါတယ်)
ဟု ပြောဆို တောင်းပန်လျက်(ကန်တော့ဝန်ချပါလျက် လက်မခံနိုင် မကျေနပ်နိုင်သော )
လူမိုက် တစ်မျိုး ဤသို့ လူမိုက်(ဗာလ) နှစ်မျိုးရှိသည်။
အပြစ်ကို ဝန်ချသူနှင့် ကျေနပ်သူ။
(၂) ဘိက္ခုတို့… မိမိမှာ
အပြစ်ရှိလျှင် အပြစ်ဟုရှုနိုင်(ကန်တော့ တောင်းပန်နိုင်) သောလူလိမ္မာ တစ်မျိုး,
အပြစ်ကို(အပြစ်မှန်ပါတယ်) ဟုပြောဆို တောင်းပန်လာလျှင် ကျေနပ်နိုင်သော လူလိမ္မာ တစ်မျိုး
ဤသို့ လူလိမ္မာ(ပဏ္ဍိတ) နှစ်မျိုးရှိသည်။
[အဂုင်္တ္တိုရ်,
ဒုကနိပါတ်, ဗာလဝဂ်, ပထမသုတ်။]
(၁) ဒွေ မေ ဘိက္ခဝေ ဗာလာ၊ ကတမေ ဒွေ ယော စ အစ္စယံ အစ္စယတော န
ပဿတိ, ယောစ အစ္စယံ ဒေသေန္တဿ ယထာ ဓမ္မံ နပဋိဂ္ဂဏှာတိ၊ ဣမေ ခေါ ဘိက္ခဝေ ဒွေ ဗာလာ။
(၂) ဒွေ မေ ဘိက္ခဝေပဏ္ဍိတာ၊ ကတမေ ဒွေ ယောစ အစ္စယံ အစ္စယတော
ပဿတိ, ယောစ အစ္စယံ ဒေသေန္တဿ ယထာ ဓမ္မံ ပဋိဂ္ဂဏှာတိ၊ ဣမေ ခေါ ဘိက္ခဝေ ဒွေ ပဏ္ဍိတာ။
[အဂုင်္တ္တိုရ်, ဒုကနိပါတ်, ဗာလဝဂ်, ပထမသုတ်။]