ကိုယ့်သာသနာ အဆစ်ဖဲ့ပေးလိုက်ရသူ
ဒီတော့ သင်္ကန်းတာရှည်ခံအောင် ဆိုတဲ့
အကြောင်းပြချက်မျိုးနဲ့ ကာမ ဘောဂီတို့ရဲ့ အသွင်နဲ့တူအောင်
ကွင်းချုပ်မ၀တ်ကြဘဲ လိင်္ဂသာသနာကို ထိန်းသိမ်းသောအားဖြင့် အရှိအတိုင်းပဲ ဆင်ခြင်သုံးစွဲသင့်တော့တာပေါ့ ဘုရား။ နောက်များဆိုရင် “ပို၍
လုံခြုံအောင်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘောင်းဘီရှည်လို
ချုပ်ပြီးတော့များ (မဟာယာနတွေလို)၀တ်လာကြမလား မသိဘူး၊ စဉ်းစား မိတာပါ
ဘုရား။ နိုင်ငံရပ်ခြားမှာတော့ အချို့ ထေရ၀ါဒရဟန်းတော်များ ၀တ်ကြတယ်ဆိုတဲ့
အကြောင်း သူများတွေပြောတာကိုတော့ ကြားနေရပါပြီ။ ခေတ်ကာလရဲ့ ရိုက်ခတ်မှုဒဏ်ကို သည်းမခံနိုင်ကြရင် ၀တ်လာကြလိမ့်မယ်လို့ ထင်ပါတယ်။ သာသနာပြုသွားကြရင်း ကိုယ့်သာသနာ အဆစ် ဖဲ့ပေးလိုက်ရတဲ့ သဘောပါပဲ၊
တစ်နည်းအားဖြင့် သာသနာအပြုခံလိုက်ရတာလို့ ဆိုသတဲ့။
အံသကာသာဝနဲ့ ယနေ့ခေတ် အံသကိုဋ်
နောက်တစ်ခုက ယနေ့ခေတ် ၀တ်လာကြတဲ့ အံသကိုဋ်ပါ။ ရေးထုံး အနေနဲ့ကတော့ အံသကိုဋ်,
အံသကိုသ်လို့လည်း ရေးကြပါတယ်။ ယနေ့ခေတ် ၀တ်နေကြတဲ့ အံသကိုက်က ဘယ်ကနေ ပြောင်းလွဲလာသလဲ ဆိုတာကိုတော့
တပည့်တော်များ မသိပါဘုရား။ တပည့်တော်တို့ ပိဋကမှာ “အံသကာသာဝ” ဆိုတဲ့ ပါဠိပုဒ်တစ်ခုကတော့ ရှိပါတယ်။
ဝိသုဒ္ဓိမဂ် တေစီဝရိကင်္ဂကထာမှာ “ဓုတင်္ဂတေစီဝရိကဿ ပန စတုတ္ထံ ၀တ္တမာနံ
အံသကာသာဝမေ၀ ၀ဋ္ဋတိ။ တဉ္စ ခေါ
ဝိတ္ထာရတော ၀ိဒတ္ထိ၊ ဒီဃတော တိဟတ္ထမေဝ
ဝဋ္ဋတိ”ဆိုတဲ့ စကားရှိပါတယ်။
ပခုံးကိုသိုင်း၍ ၀တ်အပ်သော အလျား ၃ တောင်၊
အနံ ၁ ထွာရှိ သင်္ကန်းငယ်-ဟု တိပိဓာန်က ပြန်ဆိုထားပါတယ်။
ညောင်လေးပင်တောရ ၀ိသုဒ္ဓိမဂ်အရသာမှာတော့ “ပခုံးတင် ချွေးခံစရာ အံသကိုသ်”လို့ ပြန်ဆိုပါတယ်။ လိုရင်းအားဖြင့်တော့
သင်္ကန်းချွေးပေ သက်သာအောင် အောက်ကခံဝတ်ရတဲ့ သင်္ကန်းငယ်ပါပဲ။ ၀တ်ပုံဝတ်နည်းကတော့ ဘယ်ဘက်ပခုံးပေါ်ကနေ ၀မ်းဗိုက် ဘက်ကို အနည်းငယ်ချ၊ နောက်က
အစရှည်ကို ညာဘက်ချိုင်းအောက်ကယူ၊ ဘယ်ဘက်ကို ချိုင်းအောက်ကနေ ပတ်ပြီး ဘယ်ဘက်လက်မောင်းမှာ ချိတ်စွပ်
ဝတ်ရပါတယ်၊ အပြားအစမှာ သင့်တော်ရုံ ကွင်းတပ်ထားရတယ်ပေါ့၊ အဲဒါ စာထဲက အံသကိုသ်လို့
ဆိုကြပါတယ်၊ ဟိုတုန်းက အချို့ပုဂ္ဂိုလ်များ သုံးစွဲတာကို လည်း တွေ့ခဲ့ရဖူးပါတယ်။
ဒီနေရာမှာ ပြဆိုတဲ့ ပမာဏက လက်တွေ့ဝတ်ကြည့်ရင် မလုံလောက်
တာ တွေ့ရတယ်၊ ဒါ့ကြောင့် မဟာစည်ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာ ပြည်မူ ၀ိသုဒ္ဓိမဂ်နိဿယကနေ ထုတ်ပြတဲ့
စကားကိုလည်း မှတ်သားသင့်ပါတယ်။
အနံအားဖြင့် တစ်ထွာဟူသော စကားသည် အဓိဋ္ဌာန်မလောက်သော အနံပမာဏကို
ပြသောစကားပေတည်း။ ဤစကား ဖြင့် “အဓိဋ္ဌာန်တင်လောက်
သော အနံမှ ယုတ်လျော့လျှင် အပ်သည်”ဟု သိစေအပ်၏။ သုံးတောင်သာ
လျှင်ဟူသောပုဒ်သည်ကား ကိုယ်၌ အသီးအခြား ရစ်ပတ်နိုင်လောက်သော
ပမာဏကို ပြသောစကားတည်း၊ ထို့ကြောင့် ထိုသုံးတောင်ထက် အနည်းငယ်ပို လွန်သော်လည်း အဓိဋ္ဌာန်လောက်သည်၏ အဖြစ် မရှိခြင်းကြောင့် ဆန့်ကျင်
ခြင်းမရှိသည်သာတည်း၊-ဟု ပြဆိုထားပါတယ်၊ ဒါ
ဓုတင်ဆောင်အတွက်ပါ။
ယနေ့ခေတ် အံသကိုသ်က စာထဲက အံသကိုသ်နဲ့ ပုံစံချင်း
ဝေးလွန်း လှပါတယ်၊ အခြားထေရ၀ါဒနိုင်ငံတွေက ၀တ်ကြတဲ့ အံသကိုသ်ကနေပဲ ပုံစံ ပြောင်းလာသလား၊ မိမိတို့နိုင်ငံသား
ရဟန်းသာမဏေတို့ကပဲ ထွင်လိုက် သလား၊ ဘာလဲဆိုတာကိုတော့ တပည့်တော်များ
ဉာဏ်မမီတော့ပါ ဘုရား။ ပခုံးတစ်ဖက်ဖော် အင်္ကျီချိုင်းပြတ်
အဖြစ်နဲ့ ထေရ၀ါဒအသွင်ထဲမှာ တွင်ကျယ် နေတာကတော့ အရှင်ဘုရားများ မျက်မြင်ပါပဲ ဘုရား။
တွင်ကျယ်ပုံကလည်း ကာလရွေ့လျောမှုအလိုက် အဆင့်ဆင့်ပါ။ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ် ၀န်းကျင်က ဆိုင်တွေမှာ ရှားပါးပစ္စည်းတစ်ခုပါပဲ။ ရှိတောင်မှ သင်္ကန်းအစ, သင်္ကန်းရောင်ပါပဲ။ ယနေ့ခေတ်လို ကာမဘောဂီ တို့ရဲ အရောင်မျိုးစုံနဲ့ မရှိပါဘူး။
ဝတ်တာလည်း မတွေ့ရ၊ ရောင်းတာလည်း မတွေ့ရပါ
ဘုရား။