(၁) ပဌမ ၀ိပါက်တော်
မေး။ ဥရုဝေဠ တောဝမြိုင်ခွင်၊
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့ ညှိုးနွမ်း ငြိုငြင်၊
ပင်ပန်းရေး ၀ဋ်ကြွေးဘယ်ကြောင့်တင်။
ဖြေ။ ကဿပဖျား ထင်ရှားပွင့်သော်၊
ဇောတိပါလ နာမအကျော်၊
ပုဏ္ဏား မာန်တက် နှုတ်မြက်အာဘော်၊
ဝစီပြင်း ရှေးရင်းဝိပါက်တော်။
(၂) ဒုတိယ ၀ိပါက်တော်
မေး။ စိဉ္စမာဏ မိန်းမ စေကျွန်၊
ကိုယ်ဝန်ရှိသော ဆိုပြောအလွန်၊
လက်သယ်ထားလို့ ဘုရားကိုညွှန်၊
စွပ်စွဲခဲ့ အဘယ့်ဝိပါက်ဝန်။
ဖြေ။ သောက်စားလွန်ကြူး ယစ်မူးပျော်ရွှင်၊
သေသောက်သမား ဖြစ်ငြား ယခင်၊
ရဟန္တာမြတ် ဆွမ်းရပ်သည်မြင်၊
အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။
(၃) တတိယ ၀ိပါက်တော်
မေး။ တိတ္ထိ စေခိုင်း မိုက်ရိုင်း ဒုဿီ၊
ထင်ယောင် ထင်မှား ပြုငြား သုန္ဒရီ၊
လူရှင် အပေါင်း ယုံကြောင်း ပွေလီ၊
ရှင်တော်ထွတ် ဘယ်ဝဋ် ရှေးကမှီ။
ဖြေ။ မုနာဠိဟု မည်ရှိလောင်းတော်၊
မောက်ကြွားမောက်မား သောက်စား အပျော်၊
ရှင်ပစ္စေက ဗုဒ္ဓမြင်သော်၊
ဒုဿီဘဲ စွပ်စွဲ ၀ဋ်ကြွေးပေါ်။
(၄) စတုတ္ထ ၀ိပါက်တော်
မေး။ သုန္ဒရီမိုက် သတ်လိုက်သေရာ၊
တိတ္ထိအသင်း သတင်းလွှင့်ကာ၊
တပည့်များနှင့် ဘုရားကိုသာ၊
လူအများ ယုံမှား ဘယ်တွက်တာ။
ဖြေ။ လောင်းတော်ရသေ့ ပျော်မွေ့စံရာ၊
ရသေ့တစ်ဦး ဈာန်မြူးကွန့်လာ၊
ငြူစူ စိတ်ဇော မနောဣဿာ၊
ကျင့်ယုတ်ကြီး နှုတ်သီး ချွန်သည့်တာ။
(၅) ပဉ္စမ ၀ိပါက်တော်
မေး။ ဝေဘာတောင်စောင်း ကျောက်မောင်း ဆင်ကာ၊
ဒေ၀ဒတ်ယုတ် ခလုတ်အသာ၊
သူ ဖြုတ်ချလို့ ဗုဒ္ဓ ခြေမှာ၊
ကျောက်လွှာငြိ ဒဏ်ထိ ဘယ်ဝဋ်ပါ။
ဖြေ။ သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံခြေ၊
ညီကိုလှည့်ဖြား ခေါ်သွားသလေ၊
ကျောက်နှင့် ဘိညှပ် ထုသပ်ကြိတ်ချေ၊
ကျောက်ဝိပါက် အဆက်ပါခဲ့ပေ။ ။
(၆)ဆဋ္ဌ၀ိပါက်တော်
မေး။ ကျောက်လွှာထိပါး မြတ်ဖျား ထွတ်တင်၊
တည်နေ ၀ပ်ကိန်း သွေးစိမ်းအရှင်၊
ခြေမတော်ထဲ ကိုက်ခဲ နာကျင၊်
ဝိပါက်ရင်း အလင်းပြစေချင်။
ဖြေ။ သူငယ်ဖြစ်ခိုက် လမ်း၌ ပျော်ရွှင်၊
ရှင် ပစ္စေက ဝေးမှ အမြင်၊
ခဲနှင့် ပစ်လိုက် ထိခိုက် ခြေတွင်၊
သွေးယိုဆင်း ရှေးရင်းဝိပါက်ပင်။
(၇)-သတ္တမ ၀ိပါက်တော်
မေး။ ဆွမ်းခံ ကြွမြန်း ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျ ဆင်ကြီး ခရီး အလယ်၊
ဒေ၀ဒတ်မိုက် လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။
ဖြေ။ ဆင်ထိန်း ဆင်ကျောင်း အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက လမ်းမှ အဆုံ၊
ဒေါသထားလို့ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက် ၀ဋ်လိုက်စေဘို့ကြုံ။
(၈) အဋ္ဌမ ၀ိပါက်တော်
မေး။ ကျောက်လွှာခတ်လို့ သွေးဓာတ် ဆူပူ၊
ခြေမ တော်ဦး ထွတ်ဖူး တစ်ဆူ၊
သွေးညို ကိန်းလို့ ကျိန်းဝပ် တော်မူ၊
ဇီဝက ခွဲရ ဘယ်ဝဋ်ဟူ။
ဖြေ။ ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်၊
မူးယဇ် သောက်စား ဖောက်ပြား မဖွယ်၊
လူရှင်လတ်လတ် ထိုးသတ်ပြန်တယ်၊
ဓား ၀ိပါက် အဆက် သူကနွယ်။
(၉) န၀မ ၀ိပါက်တော်
မေး။ သုံးလူ့ ထွတ်ဖူး မြိုက်မှူး သျှောင်ကေ၊
ရံဘန် ခါလဲ ခေါင်းခဲ ပလေ၊
ဝေဒနာဝဋ် မလွတ် တုံချေ၊
ဘယ်ဝိပါက် အဆက်ပါခဲ့ပေ။
ဖြေ။ ရှေးခါ ကပ်ဟောင်း မကောင်း ကံဆော်၊
တံငါ မျိုးဇာတ် ဖြစ်လတ်သရော်၊
ငါးတို့ ဦးခေါင်း ထုထောင်း မြင်သော်၊
ဝမ်းမြောက်မိ လိုက်ဘိ ၀ိပါက်တော်။
(၁၀) ဒသမ ၀ိပါက်တော်
မေး။ ၀ါတော် ကပ်တော့ မာရ်နတ် နှိုးဆော်၊
ဝေရဉ္ဇာတိုင်း သမိုင်း အကျော်၊
မုယောဆွမ်းမို့ ကြမ်းကြမ်း ထော်ထော်၊
ဘုဉ်းပေးရ ရှေးက ဘယ်ဝဋ်နော်။
ဖြေ။ မထင်မရှား မျိုးသား ဖြစ်တုံ၊
ရဟန်းတော်များ ဆွမ်းစား ခိုက်ကြုံ၊
ဆွမ်းကြမ်းစားဟု ပစ်မှား ဆိုပုံ၊
ဝစီထွက် ၀ိပါက်တော်တဲ့ယုံ။
(၁၁) ဧကာဒသမ ၀ိပါက်တော်
မေး။ အထွတ်ဆုံးဟု သုံးလူ့ မျက်မှန်၊
ခါးတော် ကိုက်ခဲ အသဲ အသန်၊
ဝေဒနာများ ခံစား ရံဘန်၊
ဘယ်အကြောင်း ကံဟောင်း ထုတ်လို့ပြန်။
ဖြေ။ လက်ဝှေ့ သတ်ကောင်း အလောင်း ဖြစ်သော်၊
ပြိုင်ပွဲ ဆိုင်ပွဲ နိုင်မြဲ အကျော်၊
နိုင်လျှင် ခါးရိုး ရိုက်ချိုး မြေပေါ်၊
အသတ်ကောင်း ဇာတ်ဟောင်း ၀ိပါက်တော်။
(၁၂) ဒွါဒသမ ၀ိပါက်တော်
မေး။ ဆဒ္ဒန် ဆယ်စီး အားကြီး လျင်မြန်၊
ဝမ်းတော် သွန်ငြား ရွှေအား မသန်၊
ခွေယိုင် နွဲ့လို့ မြန်းခဲ့ နိဗ္ဗာန်၊
ဖြေစေကြောင်း ကံဟောင်း သိဘို့ရန်။
ဖြေ။ ရောဂါ ကုစား သမား ဉာဏ်ကျယ်၊
ရှင်သူဌေးသား ဆေးဝါး ကုတယ်၊
ခ, မပေးလို့ ဟိုရှေး ဘုန်းကြယ်၊
ဝမ်းလားဆေး တိုက်ကျွေးဝဋ်ဟောင်းလယ်။
သတိပေး ရှစ်လုံးဘွဲ့ ကဗျာ
* ၀ိပါက် ရောက်ရေး ကြောက်သွေး တုန်ဘွယ်၊
ဘုရားသော်လဲ ရှောင်လွှဲ မလွယ်၊
တွေ့ကြုံ မြဲမို့ တ၀ဲ လယ်လယ်၊
မလွတ်သေး ၀ဋ်ကြေး ခက်လှတယ်။
* ကြင်နာထောက်ထား သနား မြော်ခေါ်၊
ကုသိုလ် ပွါးမှု အားပြု ကြနော်၊
နှိပ်စက် ညှဉ်းပန်း သရမ်း ပျက်ချော်၊
ရှောင်ကြဉ်ရေး ၀ဋ်ကြွေး စင်ဘို့မြော်။ ။
ဝိပါက်တော် ၁၂-ပါး ရှစ်လုံးဘွဲ့ကဗျာများ ပြီးပြီ။
--------*---------
(လယ်တီပဏ္ဍိတ ဦးမောင်ကြီး သီကုံးရေးသားသည်)