လွယ်လွယ်ရလို့ ပိုမိုတွင်ကျယ်
နိဗ္ဗာန်ကုန်သည် အရောင်းကိုယ်စားလှယ်တော်ကြီးများ
အနေဖြင့် လည်း အခု ဦးဇင်းပြောပြသမျှကို
မိမိတို့ဉာဏ်နဲ့ စေ့စေ့တွေးကြည့်ကြပါ၊ ဦးဇင်း အနေနဲ့ တဖက်သတ်ကြီး
အပြစ်ဖို့နေတာ မဟုတ်ပါဘူး၊ ကိုယ့်သာသနာ၊ ကိုယ့်ဒကာတို့ အနေနဲ့ စဉ်းစားမိဖို့ရာ အကြောင်းကို
ချပြနေတာပါ၊ ဒီအသွင် ဒီအ၀တ်ဟာ လိင်္ဂသာသနာကို
တကယ်ပဲ ဖျက်, မဖျက်၊ သိအောင်လုပ်ဖို့ပါ၊
ဖျက်တယ်လို့ သိလာခဲ့ရင်လည်း ကိုယ့်သာသနာ ကိုယ်ဖျက်နေသူအဖြစ်ကို ဘယ်သူမှ ကျေနပ် နှစ်သက်နိုင်မှာ
မဟုတ်ပါဘူး၊ ဒီလိုဆိုရင် မိမိတို့ ဆိုင် အသီးသီးမှာလည်း ရောင်းကုန်အဖြစ်
တင်ထားကြတော့မှာ မဟုတ်ပါဘူး၊ ရောင်းသူမရှိရင် ၀ယ်ဝတ်သူလည်း မရှိသလောက် ဖြစ်သွားပါလိမ့်မယ်၊ တွင်ကျယ်မှု လျော့ပါးသွားပါလိမ့်မယ်၊ တကယ်တော့ ဒီအ၀တ်တွင်ကျယ် လာတာဟာ ““လွယ်လွယ်ရနေလို့””ဆိုတာ အကြောင်းတစ်ခုပါပဲ။
ဆိုင်မှာမရောင်းခင် အခြားနည်းနဲ့ ဖန်တီးပြီး ၀တ်သူတွေရှိလာခဲ့တယ်၊ ၀တ်သူတွေကို မြင်ရပြန်တော့ ရောင်းသူတွေက ဖန်တီးရောင်းချလာတယ်၊ ရောင်းသူရှိလာပြန်တော့ ၀ယ်ဝတ်သူတွေ ပိုမိုကျယ်ပြန့်လာတယ်၊ ဒီလိုနဲ့ပဲ ဒီ အသွင်ဖျက်လုပ်ငန်းဟာ ပိုမို
ကျယ်ပြန့်ခဲ့တော့တယ်ပေါ့။
နီးစပ်ရာ ဆွေးနွေးကြည့်ပါ
အခု ဦးဇင်းပြောပြသမျှကိုလည်း မိမိတို့နဲ့ နီးစပ်ရာပုဂ္ဂိုလ်များကို
လျှောက်ထားကြည့်စေလိုပါတယ်၊
အနွေးထည်အင်္ကျီ လက်ရှည်တွေဟာ လိင်္ဂသာသနာကို တကယ်ပဲ ညှိုးနွမ်းစေသလား ဆိုတာကိုပေါ့၊
နီးစပ်ရာပုဂ္ဂိုလ် ဆိုတာလည်း ဒီသဘောတွေကို နားလည်နိုင်စွမ်းရှိတဲ့သူကို ဆိုလိုတာပါ၊ ကိုယ့်သဘောနဲ့ ကိုယ် “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”ဆိုတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး
ဆိုတာကိုတော့ သဘောပေါက်ထားရပါလိမ့်မယ်၊ အဲဒီလိုပုဂ္ဂိုလ်မျိုး ကို လျှောက်မိရင်တော့ သူရောက်ချင်ရာကို
သူစိုင်းပြီး ပြတော့မှာဖြစ်သည့် အတွက် အမှန်တရားလည်း လမ်းစပျောက်နေဦးမှာပါပဲ။
အသွင်မပျက်က အခွင့်ရှိနိုင်
တကယ်တော့ တပည့်တော်တို့ သမဏအသွင်ဆိုတာ သာယာဖွယ် ကင်းတဲ့ အရာတွေနဲ့ တန်ဆာဆင်ထားရတာပါ။
အ၀တ်ဆိုလည်း အကောင်း ပကတိအတိုင်း မ၀တ်ရဘူး၊
သာယာမှုတွေ လျော့ပါးသွားရအောင် ဟိုကဖြတ်၊ ဒီက ဖြတ်၊ ပြီးမှ
ပြန်ချုပ်၊ ချုပ်ရိုးကြောင်းတွေ ဗလဗွနဲ့ပါ။ သဘောသေးသိမ်တဲ့ သူ၊ မသိနားမလည်တဲ့သူ ဆိုရင်
အပိုအလုပ်တွေပဲလို့တောင် ထင်ကောင်း ထင်နိုင်ပါတယ်၊ တကယ်တော့ မဟုတ်ပါဘူး ဘုရား။ အရဟတ္တဖိုလ်ဂုဏ်သတ္တိ ကို
လက်ခံနိုင်တဲ့ အသွင်ပါ၊ အ၀တ် ပါ။ ဒါ့ကြောင့်
“အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ”လို့တောင် စာမှာ ဆိုရတာပါ။
ဘုရားပေးတဲ့ အသွင်သာ ပီပီပြင်ပြင် ရှိနေမယ်ဆိုရင်
အသွင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အကျင့်ဟာလည်း တည်နေဖို့ရာ အခွင့်သာနေ ပါဦးမယ်။ အသွင်မှ ပျောက်ပြီ၊ ကွယ်ပြီ
ဆိုရင်တော့ အကျင့်လည်း တည်နေ ဖို့ရာ လမ်းစမမြင်နိုင်တော့
ပါဘူး၊ ဒါကလည်း ပကတိအနေအထားနဲ့ ပြောနေ
တာပါ၊ ဆန့်ကျင်ဘက်တွေကြောင့် အသွင်ပြောင်းရတဲ့ အဖြစ်မျိုးကို မဆိုလို ပါဘူး။