ကြွသွားတော်မူပုံ
ပါမောက္ခဆရာကြီးသည် ဝေဒမန္တန်နှင့် ညီညွတ်နေသော ဗုဒ္ဓလက္ခဏာတော်ကို ကြားရလျှင်ပင်
အလွန်ကျေနပ်ဟန် ရှိ၏၊ ဥတ္တရလုလင်ကလည်း သူ့ကိုယ်တိုင် စုံစမ်းတွေ့ရှိသမျှကို ပြော၍အပြီးတွင်
ရပ်တန့်မနေ သေးဘဲ သွားပုံ လာပုံ စသည်တို့ကို ဆက်လက် ပြောပြသည်မှာ…
အရှင်ဂေါတမသည်
သွားဖို့ရန် ခြေလှမ်းသောအခါ လက်ယာဘက် ခြေကိုသာ ပထမ လှမ်းလေ့ရှိ၍ လှမ်းပြီးသော ခြေကို
မဝေးလွန်း မနီးလွန်း ချလေ့ရှိပါသည်၊ မမြန်လွန်း
မနှေးလွန်း ကြွသွား၍ သွားသောအခါ ဒူးဆစ်ချင်း
ခြေမျက်စိချင်းလည်း မထိမခိုက်ပါ၊ (ရေထဲ၌ သွားနေသူသည် ပေါင်ကို မြှောက်၍ မြှောက်၍ သွားရ
သကဲ့သို့) ပေါင်ကို မြှောက်၍လည်း သွားလေ့မရှိပါ၊ ပေါင်ကို နောက်သို့လည်း မဆုတ်နစ်စေပါ၊
ပေါင်ကို တောင့်တောင့်ကြီးလည်း မဖြစ်စေ, ဟိုဘက် သည်ဘက်သို့ လှုပ်လှုပ်ရှားရှားလည်း မဖြစ်စေပါ။
ခရီးသွားသောအခါတိုင်း အောက်ပိုင်းကသာ လှုပ်၍ အထက် ပိုင်းမှာ လှေပေါ်၌
တင်ထားအပ်သော ဆင်းတုရုပ်ကဲ့သို့ မလှုပ် မယှက် ငြိမ်သက်နေပါသည်၊ လက်မောင်းကို လှုပ်၍ ယမ်း၍
သွားလေ့ မရှိပါ၊ နောက်သို့ ကြည့်ခွင့် ကြုံလာလျှင် လည်ပင်း နောက်ပြန် မကြည့်ဘဲ တစ်ကိုယ်လုံး
ပြန်လှည့်၍သာ ကြည့်ရှုလေ့ ရှိပါသည်၊ နက္ခတ်ဆရာကြီးများလို အပေါ်ကို ကြည့်၍ မော်၍လည်းကောင်း,
ပျောက်သော ပိုက်ဆံကို ရှာသူကဲ့သို့ အောက်သို့ ငုံ့၍လည်းကောင်း သွားလေ့မရှိဘဲ လေးတောင်ထွာလောက်
အရပ်ကို ကြည့်လျက် သွားပါသည်။ [လေးတောင်ထွာထက် လွန်သောအရပ် ကိုကား ဉာဏ်ဖြင့်သာ သိတော်မူပါသည်။]
လူတို့အိမ်ဝယ် နေထိုင်ပုံ
လူများ၏ အိမ်တွင်းသို့
ဝင်သောအခါဝယ် ကိုယ်ကို မြှင့်၍လည်း
မ၀င်, ကုန်း၍လည်း မ၀င်ပါ၊ ထိုင်သောအခါလည်း
နေရာထိုင်နှင့် မနီးမဝေး (အဆင်သင့် ထိုင်၍ ဖြစ်လောက်မှ) ကိုယ်ကို လှည့်၍ ထိုင်လေ့ရှိပါသည်၊
နေရာထိုင်ကို လက်ထောက်၍လည်းကောင်း, နေရာထိုင်ပေါ်၌ ကိုယ်ကို ပစ်ချ၍လည်းကောင်း မထိုင်ဘဲ
ညင်ညင် သာသာ ထိုင်လေ့ရှိပါသည်၊