ကျားငစဉ်းလဲအကြောင်း
ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို
ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍နေကြောင်း
ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်းများကို
လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တစ်နေ့သ၌ တောသွားတောလာတို့
ကြားလောက်အောင် ဟစ်အော်သည်မှာ-
ကျွန်ုပ်မှာ လောဘဆိုလို့
အလွန်နည်းပါးနေပါပြီ။ ကျွန်ုပ်၏ လက်မှာရှိနေသော ဤရွှေလက်ကောက်ကို တစ်စုံတစ်ယောက်အား
ပေးချင်နေတာကို ကြည့်ပါတော့။ သည်တော့ကား ကျွန်ုပ်က ဘယ်မှာ သင့်ကို
သတ်ဖြတ်တော့မည်လဲ။ ကျွန်ုပ်ကြားဖူးသော တရားစုမှာလည်း “သူများမယားကို
ကိုယ်၏မိခင်လို သဘောထား၍ သူများဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင်
သတ္တ၀ါဟူသမျှကို ကိုယ်နှင့် မခြားအောင် စိတ်ထားနိုင်မှ ပညာရှိ သူတော်ကောင်း”ဟု
မိန့်ဆိုချက် ရှိလေတော့ “ကျွန်ုပ်လို တရားသိ သူတော်ကောင်း တစ်ယောက်က အဘယ်မှာ
သူ့အသက်ကို သတ်ရက်တော့မှာလဲ။ သို့ဖြစ်၍ ဤ ရေအိုင်မှာ ရေဆင်းချိုးပြီး
စင်စင်ကြယ်ကြယ်နှင့် ကျွန်ုပ်လက်ကောက်ကို အလှူခံပါ”ဟု ပြောလေသော် -
ထိုစကားကို ယုံကြည်မိသော ခရီးသွားသည်
ရေချိုးရန် ဆင်းလျှင်ဆင်းခြင်း ညွှန်၌ ကျွံလေ၏။ ထိုအခါ သူတော်စင်ကျားကြီးက “ဟား-ဟား၊
ညွှန်ထဲနစ်နေသကိုး၊ ကျွန်ုပ်ဆယ်ပါ့မယ်”ဟု ပြောပြော ဆိုဆို အနားသို့ ကပ်ကာ
သတ်စားလေသည်။
ဤပုံဝတ္ထုကို ထောက်၍ အသိသည်
အသိမျှဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့်
စဉ်းလဲတတ်သဖြင့် မသိ၍ ဆိုးရွားနေသူတို့ ထက်ပင် ကြောက်ဖွယ် ကောင်းကြောင်း နားလည်ကာ
ဤကျမ်းစာရူသူတို့မှာ သိရုံနှင့် မပြီးကြဘဲ သိသည့်အတိုင်း
ကိုယ်ကျင့်ကောင်းသူများချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက်
ထပ်လောင်း၍ သတိပေးရပါသတည်း။